လူမှုကွန်ယက်ပေါ်မှာ သစ်တောကြီးကြပ်ရေးမှူးကို လူဝံက ကူညီပေးနေတဲ့ပုံ နာမည်ကြီးနေ

yyl-005-5.jpg

မကြာသေးခင်ကမှ အန်နေးလ် ပရက်ဟာကာ အမည်ရှိတဲ့ ဓာတ်ပုံဆရာတစ်ဦးဟာ ဘော်နီယိုကျွန်းပေါ်က သစ်တောထိန်းသိမ်းရေးနေရာက စိတ်ဝင်စားဖို့ကောင်းတဲ့ မြင်ကွင်းတစ်ခုကို ဓာတ်ပုံရိုက်ထားမိခဲ့ပါတယ်။ သူ့ရဲ့သူငယ်ချင်းတွေနဲ့ အတူ သစ်တောထဲကို လည်ပတ်နေစဉ် ရေထဲက မြွေတွေကို ရှင်းလင်းရေးလုပ်နေတဲ့ သစ်တောကြီးကြပ်ရေးမှူးတစ်ယောက်နဲ့ အမှတ်မထင်ဆုံတွေ့မိခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့ရိုက်ခဲ့မိတဲ့ပုံလေးကတော့ ကြီးကြပ်ရေးမှူးကို ကူညီပေးဖို့ စောင့်ဆိုင်းနေတဲ့ လူဝံကြီးက ကြီးကြပ်ရေးမှူးကို သူ့ရဲ့လက်ကို ကမ်းပေးနေတဲ့ပုံလေးဖြစ်ပါတယ်။

အဲဒီပုံတွေက မြန်မြန်ဆန်ဆန်ပဲ လူမှုကွန်ယက်ပေါ် ပျံ့နှံ့သွားခဲ့ပြီး လူတွေက လူဝံကြီးရဲ့ ကြင်နာတတ်တဲ့အပြုအမူကို အံ့အားသင့်လို့နေပါတယ်။ “တစ်စုံတစ်ယောက်က မြစ်ထဲမှာ မြွေတွေရှိတယ်လို့ ကြီးကြပ်ရေးမှူးကို ပြောခဲ့ပါတယ်။ အဲဒါကြောင့်သူလည်း မြစ်ဘက်ကို သွားခဲ့ပြီး ချုံပုတ်တွေရှင်းလင်းခဲ့ပါတယ်။ လူဝံကြီးတစ်ကောင်က မြစ်ကမ်းပါးကို လာခဲ့ပြီး သူ လုပ်နေတာကို ကြည့်နေခဲ့ပါတယ်။ အဲဒီနောက်မှာ သူနားကို ကပ်လာပြီး လက်ကမ်းပေးခဲ့တာပါ” လို့ ဓာတ်ပုံဆရာက ပြန်ပြောပြခဲ့ပါတယ်။

ကြီးကြပ်ရေးမှူးက လူဝံကြီး လက်ကမ်းပေးတာကို ငြင်းခဲ့တယ်လို့ ဓာတ်ပုံဆရာက ပြောပါတယ်။ “ကြီးကြပ်ရေးမှူးက လူဝံကြီးနားကနေ အဝေးကို ရွေ့သွားခဲ့တယ်။ ဘာဖြစ်လို့လဲလို့ ကျွန်တော်မေးခဲ့တယ်။ ဒါက တောရိုင်းတိရစ္ဆာန်တစ်ကောင်လေ၊ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ တိရစ္ဆာန်မဟုတ်ဘူး” လို့ ပြောပါတယ်။ အဲဒီသစ်တောကြီးကြပ်ရေးမှူးက Borneo Orangutan Survival Foundation လို့ခေါ်တဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးနေတာပါ။ သူနဲ့ အခြားဝန်ထမ်း (၄၀၀) ရဲ့အလုပ်က သစ်တောပြုန်းတီးမှုက ဒုက္ခပေးနေတဲ့ လူဝံတွေရဲ့နေရာကို ကာကွယ်ပေးဖို့ဖြစ်ပါတယ်။

၁၉၉၁ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ ဒီဖောင်ဒေးရှင်းက လက်ရှိမှာတော့ လူဝံ (၆၅၀) ကို ဂရုစိုက်စောင့်ရှောက်ပေးနေရပါတယ်။ ဘော်နီယိုကျွန်းရဲ့ အပူပိုင်းမိုးသစ်တောမှာ နေထိုင်နေတဲ့ မြွေမျိုးစိတ် (၁၆၀) ရှိပြီး အဲဒီမြွေတွေက လူဝံကြီးတွေကို အန္တရာယ်ပေးကြပါတယ်။ မြွေရန်ကနေ ကာကွယ်ဖို့အတွက် ဖောင်ဒေးရှင်းရဲ့အလုပ်သမားတွေက မြစ်ထဲကနေ မြွေတွေကို ဖယ်ရှားရှင်းလင်းပေးရသလို လူဝံတွေကိုလည်း မြွေတွေရန်ကနေ ဘယ်လိုကာကွယ်ရလဲဆိုတာကို မြွေရုပ်တွေနဲ့ သင်ကြားပေးရပါတယ်။

Ref: Photographer Captures An Orangutan Reaching Out To Help A Forest Warden In Borneo

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top