လူတစ်ယောက်အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာ ကိုယ်ရွေးချယ်လိုက်တဲ့ပါရမီဖြည့်ဘက်နဲ့လည်းသက်ဆိုင်

secret-to-your-success-is-who-you-marry.jpg

စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ ဆုံးဖြတ်ချက်ပြတ်သားဖို့၊ ဆက်ဆံရေးကောင်းဖို့နဲ့ အရည်အချင်းရှိဖို့ဆိုတာတွေဟာ အောင်မြင်မှုပန်းတိုင်ဆီသွားတဲ့လမ်းကြောင်းမှာ မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်ပါတယ်။ အဲဒီအရာတွေအားလုံးနဲ့ ပြည့်စုံပါမှ သင့်ရဲ့လုပ်ငန်းခွင်နဲ့ အသက်မွေးဝမ်းကျောင်းကိစ္စတွေမှာ ရေရှည်အောင်မြင်မှုရရှိနိုင်မှာပါ။ သို့ပေမဲ့လည်း ကိစ္စရပ်တိုင်းအတွက် ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် ဘဝတစ်လျှောက်လုံးအောင်မြင်မှုရရှိနေဖို့ရာ ကိုယ်ရွေးချယ်ထားတဲ့ဘဝလက်တွဲဖော် ဘယ်သူဆိုတာက အရမ်းအရေးကြီးပါတယ်။

ဘဝတစ်လျှောက်လုံးအောင်မြင်မှုရရှိနေဖို့ရာ ကိုယ်ရွေးချယ်ထားတဲ့ဘဝလက်တွဲဖော် ဘယ်သူဆိုတာက အရမ်းအရေးကြီးပါတယ်

“အောင်မြင်တဲ့ယောကျာ်းတွေရဲ့နောက်မှာ အရာရာကိုသိမြင်နားလည်တတ်တဲ့ အမျိုးသမီးကောင်းတွေရှိနေတယ်”။ ဒီစကားလေးကို ကျွန်တော်တို့အားလုံး ကြားဖူးကြပါတယ်။ အဲဒီလိုပဲ အောင်မြင်တဲ့အမျိုးသမီးတွေရဲ့နောက်မှာလည်း ထက်မြက်တဲ့ယောကျာ်းကောင်းတွေရှိနေတတ်ကြပါတယ်။

အထောက်အပံ့ကောင်းတွေပေးတတ်တဲ့ ဇနီး (သို့) ခင်ပွန်းသည်တွေဟာ မိမိဘဝအောင်မြင်မှုအတွက် ပဲ့ကိုင်ရှင်တွေပဲလို့ ဆိုထားပါတယ်

Carnegie Mellon တက္ကသိုလ်က လေ့လာထားတဲ့စစ်တမ်းတွေအရ အထောက်အပံ့ကောင်းတွေပေးတတ်တဲ့ ဇနီး (သို့) ခင်ပွန်းသည်တွေဟာ မိမိဘဝအောင်မြင်မှုအတွက် ပဲ့ကိုင်ရှင်တွေပဲလို့ ဆိုထားပါတယ်။ ဆက်လက်ပြီး သုတေသနပညာရှင်တွေဟာ အိမ်ထောင်သည်စုံတွဲပေါင်း (၁၆၃) တွဲကို ရိုးရှင်းတဲ့ ပဟေဠိတစ်ခုမေးပြီး ဆုအတွက် ယှဉ်ပြိုင်ခိုင်းခဲ့ပါတယ်။ ဒီနေရာမှာ ဘေးကနေ အားပေးပြီး အတူတကွဖြေရှင်းနေတဲ့အတွဲတွေက ဆုရဖို့အလားအလာပိုရှိကြပြီး အားလည်းမပေး၊ အတူတကွလည်း မဖြေရှင်းပေးတဲ့အတွဲတွေလည်း ရှိနေခဲ့ပါတယ်။ လအနည်းငယ်ကြာတဲ့အခါမှာ ပဟေဠိကိုလက်ခံလိုက်ကြတဲ့ စုံတွဲတွေရဲ့ဆက်ဆံရေးက အခြားစုံတွဲတွေထက် အပြန်အလှန်နားလည်မှု၊ ပျော်ရွှင်မှုနဲ့ ပူးပေါင်းလုပ်ဆောင်တတ်မှု ပိုအားကောင်းနေကြတာကို တွေ့ခဲ့ရပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးက အောင်မြင်မှုအထွဋ်အထိပ်ကိုရရှိနေကြတဲ့ ခေါင်းဆောင်တွေ၊ အကျော်အမော်တွေကလည်း သူတို့ရဲ့ပါရမီဖြည့်ဘက်တွေကြောင့် လက်ရှိနေရာမှာ ရပ်တည်နေနိုင်ကြတယ်ဆိုတာကို အပြည့်အဝယုံကြည်ကြကြောင်း ဖွင့်ဟဝန်ခံထားကြပါတယ်။

Facebook ရဲ့ CEO မတ်ခ် ဇူကာဘတ် (Mark Zuckerberg) က ၎င်းရဲ့ဇနီးသည် ပရစ်ဆယ်လ်လာ ချန်း (Priscilla Chan) အကြောင်းကို “ပရစ်ဆယ်လ်လာက ကျွန်တော့်ဘဝအတွက် အရေးကြီးဆုံးပါပဲ။ ဒါကြောင့်မို့လို့ ကျွန်တော်နဲ့သက်ဆိုင်သမျှအရာတွေထဲမှာ သူကအရေးပါဆုံးပဲလို့တောင် ပြောလို့ရပါတယ်” ဆိုပြီး (၂၀၁၇) ခုနှစ် Harvard တက္ကသိုလ်ရဲ့ ဆုနှင်းသဘင်ပေးပွဲ အခမ်းအနားမှာပြောခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်း ဘာရက်ခ် အိုဘားမား (Barack Obama) ဟာဆိုရင်လည်း “တကယ်ဆို မီရှယ်လ် (Michelle) မရှိဘဲ ကျွန်တော်ဘာမှ မလုပ်နိုင်ပါဘူး။ ခင်ဗျားတို့ ကျွန်တော့်ကိုအမြဲမေးနေကြတဲ့ မျှတအောင်ဘယ်လိုနေလဲ။ စိတ်ဖိစီးမှုတွေကို ဘယ်လိုတွန်းလှန်လဲနဲ့ ကျန်းမာအောင် ဘယ်လိုနေထိုင်လဲဆိုတဲ့မေးခွန်းတွေရဲ့ အဖြေကတော့ မီရှယ်လ်ကြောင့်ပါ” လို့ ချီးမွမ်းခန်းဖွင့်ထားပါတယ်။

ကမ္ဘာကျော်အဆိုတော် ဘီယွန်စေး (Beyoncé) ဟာလည်း သူ့ရဲ့ခင်ပွန်း ဂျေးဇီ (Jay-Z) ရဲ့အားပေးကူညီမှုနဲ့ပတ်သက်ပြီး “သူသာမရှိခဲ့ရင် အခုကျွန်မဆိုတာလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ သူက ကျွန်မဘဝကို ပုံဖော်ထုဆစ်ပေးခဲ့တာပါ” လို့ ပြောပြခဲ့ပါတယ်။

Ref: Elitereaders “A New Study Reveals That The Secret To Your Success Is Who You Marry”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top