ရေများများသောက်တဲ့ လေဒီလေးတွေသာ ရနိုင်မယ့် အလှတရား

2-6-2020-yyl-006.jpg

အလှတရားက လူတိုင်း မြတ်နိုးတဲ့ အရာပါ။ ဒီတစ်ခေါက်တော့ လူတိုင်း မြတ်နိုးတဲ့ အလှတရားကို ပံ့ပိုးပေးနိုင်မယ့် အချက်လေး တစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့ ကြီးကြီးမားမားမဟုတ်ပါဘူး နေ့စဉ် သောက်သုံးနေတဲ့ ရေကို လုံလောက်အောင် သောက်သုံးမှုကနေ ရလာနိုင်မယ့် အကျိုးကျေးဇူးလေးတွေ အကြောင်း ပြောပြပေးချင်တာပါ။

တစ်နေ့သောက်သင့်တဲ့ ရေပမာဏ

လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်ကနေ အများဆုံး ၃ လီတာ (ရေသန့်ဗူး ၃ ဗူး) လောက်ထိသောက်လို့ရပါတယ်။ ရေဓာတ်ပြည့်ဝမှုက အသားအရေ ဆံသားကစလို့ ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေကို အထိရောက်ဆုံး အားဖြည့်ပေးနိုင်တာကြောင့်ပါ။ ရေဓာတ်ပြည့်ဝတဲ့အခါ အသက်ရှူလမ်းကြောင်းကစလို့ အသည်း၊ ကျောက်ကပ်နဲ့ အစာခြေစနစ်က အဆိပ်အတောက်တွေအထိ အားလုံးကို သန့်စင်ပေးနိုင်ပါတယ်။

ရေများများ သောက်တဲ့ လေဒီလေးတွေ ပိုလှရတဲ့ အကြောင်းအရင်း

တစ်နေ့ကို ရေ ၈ ခွက် ဒါမှမဟုတ် ရေ ၈ ခွက်နဲ့အထက် သောက်သုံးတဲ့အခါ

လက်သည်းခြေသည်းလေးတွေ သန်မာတယ်

ရေများများသောက်တာက လက်သည်းခြေသည်းတွေကို ကျန်းမာစေပြီး လက်သည်းတွေ ကြွပ်ဆတ်တာ၊ ရေဓာတ် နည်းတာကြောင့် လက်သည်းတွေ ဖွာတာမျိုး၊ ထိခိုက် ကျိုးပဲ့လွယ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

လက်သည်းခြေသည်းလေးတွေ ပန်းရောင်သွေးကြွယ်စေဖို့ဆိုရင် ရေများများသောက်ဖို့ လိုပါမယ်။

အရွယ်တင်စေနိုင်တယ်

နေ့စဉ် လုံလောက်တဲ့ ရေပမဏ ပြည့်ဝအောင်သောက်တာက အရေးအကြောင်းဖြစ်တာ၊ အသားအရေတွေ လျော့တွဲလာတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။ ရေဓာတ်က အသားအရေကို တင်းရင်းနေအောင် အကောင်းဆုံး အားဖြည့်ပေးနိုင်တာပါ။

ဒါကြောင့် အသားအရေမှာ အရေးအကြောင်းဖြစ်တာ အရွယ်မတိုင်ခင် အိုမင်းတာတွေ မဖြစ်စေဖို့ဆိုရင် နေ့စဉ် ရေလုံလောက်အောင် သောက်သုံးရပါမယ်။

နေလောင်တာကို သက်သာစေနိုင်တယ်

နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ကမ်းခြေကိုသွားတဲ့ အခါမျိုး၊ အပူချိန်မြင့်တဲ့ နွေရာသီ နေရောင်ကို တိုက်ရိုက်ထိတွေ့တာကြောင့် ဖြစ်ဖြစ် အသားအရေမှာ နေလောင်တာတွေ ဖြစ်နိုင်ပါတယ်။

ဒီလို နေလောင်တဲ့အခါ မိတ်ကပ်လိမ်းရတာ အဆင်မပြေသလို ဘာလိမ်းလိမ်း အဆင်မပြေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီပြဿနာကင်းစေချင်တယ်ဆိုရင် ရေများများသောက်ရုံပါ။ ရေဓာတ် ပြည့်ဝမှုက နေလောင်တာကို သိသိသာသာ သက်သာစေ နိုင်ပါတယ်။

ဝက်ခြံ သက်သာစေနိုင်တယ်

လှပမှုကို တစ်စိတ်တစ်ပိုင်း ထောက်ပံ့ပေးနေတာက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှုပါ။ ဒီလို အဆိပ်အတောက် ကင်းစင်တာက အသားအရေကို ကြည်လင်စေပြီး ဝက်ခြံတွေကို ကင်းစေမှာပါ။

ဒါကြောင့် ကိုယ်တွင်း အဆိပ်အတောက် ကင်းစင်ပြီး ဝက်ခြံကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ဆိုရင် ရေများများသောက် ပေးလို့ရသလို မနက်ခင်းတိုင်းမှာ ရေနွေးနွေး တစ်ခွက်ထဲကို သံပုရာရည်ညှစ်ပြီး သောက်ပေးလို့ ရပါတယ်။

ဆံပင်ကျွတ်တာကို သက်သာစေတယ်

ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေ ကျွတ်နေလို့ စိတ်ညစ်နေပြီလား……… ဆံပင်ကျွတ်တာက ဆံသား ထိန်းသိမ်းမှု အပိုင်းမှာ လိုအပ်ချက် ရှိတာ၊ ဆံသားသုံး ပစ္စည်းတွေမှာ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ဖြစ်နိုင်သလို ရေသောက်နည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်က ရေဓာတ် လုံလောက်စွာ မရတဲ့အခါ အသားအရေအပါအဝင် ဦးရေပြားရော ဆံသားကိုပါ ထိခိုက်စေနိုင်ပါတယ်။ ရေဓာတ် မပြည့်ဝမှုက အချိန်ကြာလာတဲ့အခါ ဆံပင်ကျွတ်တာက ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် ဆံပင်တွေ ကျွတ်နေပြီဆိုရင် ရေလုံလောက်အောင် သောက်မိရဲ့လား ဆိုတာ သေချာလေး ဆန်းစစ်ကြည့်စေချင်ပါတယ်။

ကဲ..ရေကို လုံလုံလောက်လောက်သောက်လို့ လှပတဲ့ လေဒီလေးဖြစ်ဖို့ အဆင်သင့်ပဲလား

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top