ငါးမန်းကို လက်သီးနဲ့ထိုးပြီး လွတ်မြောက်လာခဲ့တဲ့ ဆရာဝန်

98739991_abbe4af3-a306-4ec2-a9ff-ca1f81c5aa17.png.jpg

အင်္ဂလန်နိုင်ငံသား ဆရာဝန်တစ်ယောက်ကတော့ သူဟာ ဩစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့ နားက Avoca ကမ်းခြေမှာ ရေလွှာလျှောစီးရင်း ငါးမန်းနဲ့ တွေ့ခဲ့တဲ့အချိန် ငါးမန်းရဲ့ မျက်နှာနားကို လက်သီးနဲ့ ထိုးပြီး လွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၂၅ နှစ်ရှိသူ ဆရာဝန်ရဲ့ နာမည်ဟာ ချာလီ ဖရိုင် (Charlie Fry ) လို့ခေါ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က သူ့ကမ်းခြေမှာ ရေလွှာလျှောစီးနေတဲ့အချိန် ငါးမန်းကပေါ်လာပြီး သူ့ရဲ့ ညာဘက်ပုခုံးကို ကိုက်ခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။ အဲ့ဒီအချိန် ဖရိုင်ဟာ ငါးမန်းရဲ့ မျက်နှာကို လက်သီးနဲ့ တစ်ချက်ထိုးခဲ့ပြီး ရေလွှာလျှောစီး ဘုတ်ပြားနဲ့ ကမ်းခြေကို ပြန်လာခဲ့တာ ဖြစ်တယ် လို့ဆိုပါတယ်။

ဖရိုင်က သူဟာ အခုလို တည်တည်ငြိမ်ငြိမ်နဲ့ ငါးမန်းကို တိုက်ခိုက်နိုင်ခဲ့တာဟာ ၂၀၁၅ ခုနှစ်က ပြိုင်ပွဲတစ်ခုမှာ ငါးမန်းကို ပြန်တိုက်ခိုက်နိုင်ခဲ့တဲ့ ရေလွှာလျှောစီးသမား မစ်ဖန်နင်း လုပ်တဲ့အတိုင်း အတုယူခဲ့လို့ ဖြစ်တယ်လို့ပြောပါတယ်။

အခုလို ဖရိုင်တစ်ယောက် ငါးမန်းကို ပြန်လည်ခုခံနိုင်ခဲ့ပေမဲ့ ငါးမန်းသူရဲ့ ညာဘက်ပုခုံးကို ကိုက်ခဲ့တဲ့အတွက် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ရဲများကတော့ ဒီဒဏ်ရာများအရ ဖရိုင်ကိုတိုက်ခိုက်ခဲ့တဲ့ ငါးမန်းဟာ ၂ မီတာ (၆.၅ ပေ) ရှည်တယ် လို့ဆိုပါတယ်။

ဖရိုင်ကတော့ ဒီအဖြစ်အပျက်ကို “ကျွန်တော် ရေထဲက ငါးမန်းခုန်လိုက်တာ မြင်တော့ သူ့ရဲ့ ခေါင်းကိုရှောင်ပြီး ညာလက်နဲ့ သူမျက်နှာကို ထိုးခဲ့ပါတယ်။ အဲ့လို ကျွန်တော်လုပ်ခဲ့တာဟာ မစ် ဖန်နင်း လုပ်သလို ကျွန်တော်လိုက်လုပ်ခဲ့တာပါ ။ ငါးမန်းကိုက်ခံရတုန်းက ကျွန်တော် ညာလက်ကို အတုံးကြီးတစ်ခု ဒုတ်ခနဲ ကျလာသလိုပါပဲ”လို့ ဖရိုင်က ဒေသခံ Nine Network’s Today အစီအစဉ်ကို ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဖရိုင်ဟာ ဒီအဖြစ်အပျက်ပြီးနောက် ဆေးရုံမှာ ကုသမှုခံယူခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ဆေးရုံက ဆင်းသွားပြီလို့သိရပါတယ်။ ဖရိုင်ကို ကယ်ဆယ်ရေး ရဟတ်ယာဉ်မှ ဆေးရုံကို ပို့ပေးခဲ့တာ ဖြစ်ပြီး ဖရိုင်ဟာ လွန်ခဲ့တဲ့ ၂ လခန့်က ဩစတြေးလျနိုင်ငံကို ရောက်လာသူဖြစ်ကာ နယူးဆောက်ဝေးလ်ပြည်နယ်က ဆေးရုံတစ်ခုမှာ အလုပ် လုပ်နေသူတစ်ယောက်ဖြစ်တယ်လို့ ဒေသခံမီဒီယာများရဲ့ အဆိုအရ သိရပါတယ်။

ဖရိုင် ငါးမန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က Avoca ကမ်းခြေကို ခေတ္တပိတ်ခဲ့ရပြီး ဒီနှစ်အတွင်း ဒီကမ်းခြေမှာတင် ငါးမန်းတိုက်ခိုက်ခံရတဲ့ အကြိမ် ၁၈ ကြိမ်ခန့် ရှိနေပြီလို့ သိရပါတယ်။

လူမို (ရိုးရာလေး)

Ref : BBC News : British doctor ‘punches shark’ in Australia

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top