ဘာလင်မြို့ Half-Marathon ပြိုင်ပွဲမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီး

nintchdbpict000397526454.jpg

ဂျာမနီရဲတပ်ဖွဲ့ဟာ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်တွေလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သံသယရှိသူ ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘာလင်မြို့ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ အဲဒီ ဖမ်းဆီးခံရသူတွေ ဟာအသက် ၁၈ နှစ် နဲ့ အသက် ၂၁နှစ် ကြားအရွယ်တွေဖြစ်ပြီး ဧပြီ ၈ ရက်နေ့မှာ မြို့အတွင်း ကျင်းပမယ့် half-marathon ပြိုင်ပွဲမှာ ဓားနဲ့တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ နေရာအများအပြားမှာ ရှာဖွေမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အီလက်ထရောနစ်ပစ္စည်းတွေကို ဖမ်းမိခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဘာလင်မြို့တော်ဝန် မိုက်ကယ်မူလာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သံသယရှိသူတွေကို စောင့်ကြည်မှုနဲ့အတူ တိုက်ခိုက်မှုတွေကို ဟန့်တားကာကွယ်နိုင်မှုနဲ့ ရဲအလုပ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်မှုအတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။

ဂျာမနီအခြေစိုက် Die Welt သတင်းစာရဲ့ အဆိုအရ ထိန်းသိမ်းခံရသူတစ်ဦးဟာ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေနဲ့ ပရိသတ်တွေကို ဓားနဲ့ အသေတိုက်ခိုက်ဖို့ စီစဉ်ခဲ့သူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ သတင်းစာရဲ့ ဖော်ပြချက်အရ ဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ဘာလင်မြို့အတွင်း လူပေါင်း ၁၂ ဦးသေဆုံးအောင် ကုန်ကားနဲ့ တိုက်ခိုက်ခဲ့တဲ့ တူနီရှားနိုင်ငံသား နဲ့ ဆက်နွယ်မှုတွေရှိသူတွေ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘာလင်မြို့ရဲတပ်ဖွဲ့က ကားနှစ်စီး နဲ့ နေရာအများပြားကိုရှာဖွေမှုတွေ လုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ်အခြေနေကို ထပ်မံဖော်ပြခဲ့တာတော့ မရှိဘူးလို့ သိရပါတယ်။

Ref: www.bbc.com

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top