သေဆုံးရတော့မယ့် ကင်ဆာရောဂါသည်မိခင်တစ်ဦးရဲ့ နောက်ဆုံးဆန္ဒ ပြည့်မြောက်ခဲ့ပြီ

15-10-2020-yyl-006.jpg

မိဘတော်တော်များများမှာ တူညီတဲ့ဆန္ဒတစ်ခုရှိကြပါတယ်။ အဲဒါကတော့ သူတို့ရဲ့သားသမီးတွေ အရွယ်ရောက်လာပြီး လက်ထပ်ထိမ်းမြားတာကို မြင်တွေ့ခွင့်ရဖို့ပါပဲ။ အဲဒီလိုပဲ စင်ကာပူအမျိုးသမီးတစ်ဦးဖြစ်တဲ့ Ng Yuet Hay ရဲ့တစ်ခုတည်းသောဆန္ဒကလည်း သူ့သားရဲ့မင်္ဂလာပွဲကို တက်ရောက်ဖို့ပါပဲ။ Ng Yuet Hay က အခုနှစ် ဇူလိုင်လမှာ ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ခံစားနေရတာပါ။ သူမသေဆုံးခင် သူ့ရဲ့နောက်ဆုံးဆန္ဒကို ပြည့်မြောက်ချင်နေခဲ့ပါတယ်။ သူ့ရဲ့သား Chia Fu Yong ကလည်း အစက နောက်နှစ်မှ မင်္ဂလာပွဲကို ကျင်းပဖို့စီစဉ်ခဲ့ပေမဲ့ ကင်ဆာရောဂါနောက်ဆုံးအဆင့်ရောက်နေတဲ့ မိခင်ဖြစ်သူ Ng ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ မင်္ဂလာဆောင်မယ့်ရက်ကို ရှေ့တိုးခဲ့ပါတယ်။

“ကျွန်တော် မင်္ဂလာဆောင်တာကို အမေ မမြင်တွေ့နိုင်မှာကို ကြောက်တယ်။ အမေ အသက်ရှင်ဖို့ ဘယ်လောက်ကျန်သေးလဲဆိုတာ ပြောဖို့အရမ်းခက်ပါတယ်” လို့ အသက် (၃၅) နှစ်အရွယ်သားဖြစ်သူ Chia က ပြောပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ မင်္ဂလာပွဲမတိုင်ခင် (၂) ပတ်မှာ Ng ရဲ့အခြေအနေက ဆိုးရွားလာခဲ့တဲ့အတွက် မိသားစုတွေ အထိတ်အလန့်ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ Ng က သားဖြစ်သူရဲ့မင်္ဂလာပွဲကို တက်နိုင်ဖို့ ကြိုးစားနိုင်ခဲ့ပြီး ကင်ဆာရောဂါသည်တွေရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနေတဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း Ambulance Wish Singapore ရဲ့ အကူအညီနဲ့ သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။

မင်္ဂလာပွဲနေ့မှာ အဲဒီအဖွဲ့အစည်းက Ng ကို လူနာတင်ကားနဲ့ မင်္ဂလာပွဲကို ခေါ်ဆောင်လာပေးခဲ့ပါတယ်။ Ngက ရောဂါဝေဒနာကို မခံစားရဘဲနဲ့ သားဖြစ်သူရဲ့မင်္ဂလာပွဲကို ထိုင်ကြည့်ဖို့မဖြစ်နိုင်တဲ့အတွက် တွန်းလှည်းကုတင်ပေါ်မှာ လဲလျောင်းရင်း သူနာပြုနဲ့အတူ မင်္ဂလာပွဲကျင်းပနေတာကို ကြည့်ခဲ့ရပါတယ်။ “မဒမ်Ng ရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့က ကျွန်တော်တို့ရဲ့ဂါဝရတရားပါ။ သားဖြစ်သူမင်္ဂလာပွဲကို မဒမ်Ng တက်ရောက်နိုင်ခဲ့တဲ့အချိန်က အချိုမြိန်ဆုံးအခိုက်အတန့်ပါပဲ။ ဒါက မိဘတိုင်းအတွက် ဂုဏ်ယူရဆုံးအခိုက်အတန့်ပါ” လို့ အဖွဲ့အစည်းက သူတို့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Ng က စကားကောင်းကောင်းမပြောနိုင်ပေမယ့် သူနာပြုနဲ့ အဖွဲ့အစည်းကစေတနာ့ဝန်ထမ်းတွေကို သူ အရမ်းပျော်တယ်ဆိုတာကိုတော့ တိုးတိုးလေးပြောနိုင်ခဲ့ပါတယ်။ Chia က အချိန်အကန့်အသတ်နဲ့ နေထိုင်နေရတဲ့ မိခင်ကို ဆုံးရှုံးရတော့မယ်လို့ တွေးမိနေပေမဲ့ သူ့အမေနဲ့အတူ ကျန်ရှိနေတဲ့အခိုက်အတန့်ကို တန်ဖိုးထားတယ်လို့ ပြောပါတယ်။ “မင်္ဂလာပွဲအတွင်းမှာ ကျွန်တော့်အမေရဲ့အပြုံးတွေကို မြင်တွေ့ခဲ့ရပါတယ်။ အမေ အရမ်းပျော်နေတာကို မြင်တွေ့နိုင်ခဲ့ပြီ။ အမေ့ဆန္ဒကို ဖြည့်ဆည်းနိုင်ခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်”လို့ သားဖြစ်သူ Chia က ဆိုပါတယ်။ နောက်ဆုံးတော့ အသက်ရှင်ဖို့ အချိန်အများကြီးမကျန်တော့တဲ့ ကင်ဆာရောဂါသည်မိခင်တစ်ဦးရဲ့နောက်ဆုံးဆန္ဒပြည့်မြောက်ခဲ့ပါပြီ။

Ref: AsiaOne “Dying wish fulfilled: Mum with terminal cancer attends son’s wedding”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top