California Contest မှာ အနိုင်ရရှိခဲ့တဲ့ ပေါင် (၂၃၅၀) အလေးချိန်ရှိတဲ့ ရွှေဖရုံသီး

15-10-2020-yyl-001.jpg

မင်နီဆိုးတားပြည်နယ်က သစ်သီးဝလံပန်းမန်စိုက်ပျိုးခြင်းအတတ်ပညာ ဆရာတစ်ဦးက ကပ်ရောဂါကြောင့် အိမ်မှာပဲ နေထိုင်နေရင်းနဲ့ အခုနှစ်ရဲ့ Half Moon Bay ရွှေဖရုံသီးပြိုင်ပွဲမှာ အနိုင်ရယူနိုင်ခဲ့တဲ့ ဧရာမရွှေဖရုံသီးကြီးကို စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ထရာဗစ် ဂျီအန်ဂျာ (Travis Gienger) ဆိုတဲ့ အဲဒီအမျိုးသားဟာ သူ့ရဲ့အိမ်နောက်ဖေးမြေကွက်လပ်က ရွှေဖရုံသီးခင်းမှာ တစ်နေ့ကို (၁၀) ကြိမ်လောက် အပင်တွေကို ရေလောင်းပေါင်းသင်ပေးရင်း၊ နေ့တိုင်း အနည်းဆုံး (၂) ကြိမ်လောက် မြေသြစာကျွေးရင်းနဲ့သူ့ရဲ့အချိန်တော်တော်များများကို ကုန်ဆုံးခဲ့တာပါ။ အဲဒီလိုအချိန်ပေးခဲ့တာကြောင့်ပဲ ဧရာမရွှေဖရုံသီးကြီးကို စိုက်ပျိုးနိုင်ခဲ့တာပါပဲ။

ထရာဗစ်က ဆန်ဖရန်စ္စကိုတောင်ပိုင်း၊ Half Moon Bay မှာ ကျင်းပတဲ့ 47th World Championship Pumpkin ပြိုင်ပွဲမှာ သူ့ရဲ့ကြိုးစားအားထုတ်မှုကို မြင်တွေ့ရဖို့အတွက် (၃၅) နာရီလောက် ကားမောင်းလာခဲ့ရတာပါ။ သူ့ရဲ့ ပေါင် ၂၃၅၀ ရှိတဲ့ ရွှေဖရုံသီးကြီးကို သယ်ဆောင်လာရင်းနဲ့ပါ။ “လမ်းတစ်လျှောက်မှာ အနိုင်ရနိုင်ပါ့မလားဆိုပြီး စဉ်းစားနေခဲ့တာ။ နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပါတယ်။ မယုံကြည်နိုင်လောက်အောင်ပါပဲ”လို့ ထရာဗစ်က ဆိုပါတယ်။
ထရာဗစ်က Anoka Technical College က သစ်ပင်ပန်းမန်စိုက်ပျိုးခြင်းအတက်ပညာဆရာဖြစ်ပါတယ်။ သူ ဆယ်ကျော်သက်ကတည်းက သူ့အဖေကိုအားကျပြီး ရွှေဖရုံသီးတွေကို စိုက်ပျိုးနေခဲ့တာပါ။ Half Moon Bay ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တာ ဒါပထမဆုံးပါပဲ။ နောက်နှစ်မှာလည်း ဝင်ပြိုင်ဖို့ မသေချာပါဘူး။

ထရာဗစ်က သူ့ရဲ့ပထမဆုံးအကြိမ်ဝင်ပြိုင်မှုမှာပဲ Half Moon Bay အခမ်းအနားမှာ ပြသသွားမယ့် ရွှေဖရုံသီးအတွက် ဒေါ်လာ ၁၆၄၅၀ ရရှိခဲ့ပါတယ်။ ထရာဗစ်ရဲ့ရွှေဖရုံသီးက နှစ် (၄၀) သက်တမ်းရှိတဲ့ ဒီပွဲမှာ ဒုတိယအလေးဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်စံချိန်ကိုတော့မချိုးနိုင်သေးပါဘူး။ အမေရိကန်စံချိန်ကို ချိုးခဲ့တာဟာ ၂၀၁၈ခုနှစ်က အလေးချိန် ပေါင် (၂၅၀၀) ကျော်လေးတဲ့ ရွှေဖရုံသီးကြီးပါပဲ။ ကမ္ဘာ့အလေးဆုံးရွှေဖရုံသီးကြီးကတော့ ၂၀၁၆ခုနှစ်က ဂျာမနီနိုင်ငံရဲ့ the Giant Pumpkin European Championship မှာ စံချိန်တင်ခဲ့တာပါ။ ဘယ်ဂျီယံလူမျိုးစိုက်ပျိုးရေးသမားရဲ့ရွှေဖရုံသီးက အလေးချိန် ပေါင် (၂၆၀၀) ကျော်ရှိခဲ့ပါတယ်။

Ref: ABCNews “Pumpkin weighing 2,350 pounds wins California contest”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top