ပြင်သစ်နိုင်ငံက ကျောင်းတွေမှာ စမတ်ဖုန်း အသုံးပြုမှုကို ပိတ်ပင်

180731-france-bans-phones-young-kids-school-feature.jpg

ပြင်သစ်နိုင်ငံက တက္ကသိုလ် ပညာသင်နှစ်တွေကနေစလို့ ကျောင်းတွေအားလုံးမှာ စမတ်ဖုန်း (Smartphone) နဲ့ တက်ဘလက် (Tablet) တွေကို အသုံးပြုခွင့် ပိတ်ပင်လိုက်ပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းက ပါလီမန်မှာ ဥပဒေအသစ် ထွက်လာပြီးတဲ့နောက် အခုလို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေမှာ အသက် ၁၅ နှစ်နဲ့ အထက် ကျောင်းသားတွေအားလုံး အကျုံးဝင်ပြီး လာမယ့် စက်တင်ဘာလမှ စတင်ကာ သက်ရောက်သွားတော့မှာဖြစ်သလို ဒါဟာ သမ္မတ အီမန်နျူရယ် မက်ကွန် (Emmanuel Macorn) ဖြစ်စေချင်တဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဥပဒေအသစ်အရ ကျောင်းသားတွေဟာ ဖုန်းနဲ့ပတ်သက်တဲ့ စက်ပစ္စည်းမျိုးတွေကို အိမ်မှာထားခဲ့တာ ဒါမှမဟုတ် ကျောင်းဆင်းချိန်အထိ ပါဝါပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခြွင်းချက်အနေနဲ့ သင်ကြားရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ အသုံးပြုမှုတွေ၊ အခြား လှုပ်ရှားမှုတွေအတွက် လိုအပ်လာတဲ့အခါမျိုးနဲ့ မသန်စွမ်းဖြစ်နေတဲ့ ကျောင်းသားတွေ လိုအပ်ချက်အရ အသုံးပြုမှုတွေကိုတော့ နားလည်လက်ခံပေးမယ်လို့ ဆိုပါတယ်။

အထက်တန်းကျောင်းတွေကတော့ တစ်ကျောင်းချင်းစီအလိုက် အသုံးပြုမှု တစ်စိတ်တစ်ပိုင်းကို ခွင့်ပြုမလား ဒါမှမဟုတ် လုံးဝ အသုံးပြုခွင့် ပိတ်ပင်မလား ဆိုတာတွေကို ဆုံးဖြတ်ခွင့် ပေးထားပါတယ်။

၂၀၁၀ လောက်ကတည်းက စာသင်ခန်းထဲမှာ စမတ်ဖုန်း အသုံးပြုမှုကို တားမြစ်ထားတဲ့ ဥပဒေက ရှိပြီးသားဖြစ်ပြီး အခုကတော့ ကျောင်းဝန်းထဲမှာပါ အသုံးပြုမှုတွေကို ကန့်သတ်ဖို့ ဖြစ်လာတာပါ။

ပြင်သစ်နိုင်ငံရဲ့ ပညာရေးဝန်ကြီး ဂျီးန် မီချယ်ဘလာကွာ (Jean-Michel Blanquer) ကတော့ အရင်က ဥပဒေဟာ သိပ်ပြီး အကျိုးသက်ရောက်မှု မရှိဘဲ အခု ဥပဒေအသစ်က ပြင်သစ်လူငယ်တွေကို ၂၁ ရာစုရဲ့ ထိပ်တန်း ပညာရှင်တွေအဖြစ် ရောက်ရှိဖို့ ဆွဲခေါ်သွားနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဒါဟာ ပြင်သစ်နိုင်ငံတွင်း သာမက နိုင်ငံအရပ်ရပ်ကို ပျံ့နှံ့သွားလိမ့်မယ်လို့ ဂျီးန်က ဆိုခဲ့ပါတယ်။

လက်ရှိကတော့ ပြင်သစ်နိုင်ငံမှာ အသက် ၁၂ ကနေ ၁၇ နှစ်အရွယ် လူငယ် ၁၀ ယောက်ထဲက ၉ ယောက်လောက်ဟာ ကိုယ်ပိုင် စမတ်ဖုန်းတွေကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။

Ref : Daily Mail “France bans Smartphones and Tablets from schools to counter”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top