ကမ္ဘာ့အပူစပ်ဆုံး ငရုတ်သီးစားသုံးသူ ပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာနဲ့ အဆုံးသတ်ရ

yyl-008.jpg

ဦးနှောက်တွင်း သွေးကြောတင်းကြပ်မှုကြောင့် အရေးပေါ်ခန်းမှာ လူတစ်ယောက် ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ငရုတ်သီးကြောင့်လို့ ဆရာဝန်တွေက မှတ်ချက်ချပါတယ် နယူးယော့ခ်က အသက်၃၄နှစ်အရွယ် အမျိုးသားတစ်ဦးဟာ BMJ အစီရင်ခံစာမှတ်တမ်းတွေအရ Carolina Reaper လို့ခေါ်တဲ့ ကမ္ဘာ့အပူအစပ်ဆုံး ငရုတ်သီးစားပြိုင်ပွဲတစ်ခုကို ပါဝင်ဆင်နွှဲခဲ့ပါတယ်။ သူ့ပြဿနာကတော့ ငရုတ်သီးတစ်တောင့် စားပြီးတာနဲ့ ချက်ချင်းပဲ ခေါင်းနဲ့ လည်ပင်းမှာ နာကျင်မှုတွေ ရုတ်တရက် စတင်ဖြစ်ပေါ်လာတာပါ။

“Carolina Reaper ငရုတ်သီးတစ်တောင့် စားပြီးတာနဲ့ချက်ချင်း ခေါင်းမှာ ပြင်းပြင်းထန်ထန် နာကျင်လာပါတယ်။ သူ့ဘဝမှာ အဆိုးဝါးဆုံး ခေါင်းကိုက်မှုပါပဲ” လို့ ဒီထရိုက်မြို့ ဟင်နရီဖို့ဒ်ဆေးရုံရှိ အရာရှိဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာကူလိုသွန်ဂန် ဂွန်ဆဲကာရန်က ဆိုပါတယ်။

သူအိမ်ပြန်သွားပေမဲ့ ခေါင်းကိုက်တာက ပြန်ဖြစ်လာပြီး နာကျင်မှုပြင်းထန်လာတာကြောင့် အရေးပေါ်ခန်းကို ပို့လိုက်ရပါတယ်။ ဒါကို thunderclap headache လို့ခေါ်တဲ့ အကြီးစားပြင်းထန် ခေါင်းကိုက်ခြင်းဖြစ်ပါတယ်။ “ရုတ်တရက် အရမ်းပြင်းပြင်းထန်ထန်ခေါင်းကိုက်ပြီး တစ်မိနစ်မရှိသလောက်မှာ ပြယ်သွားပါတယ်။ အများအားဖြင့် ဒါဟာ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုပါပဲ။ ဒါပေမဲ့ ပျို့အန်တာတွေ၊ မအီမသာဖြစ်တာတွေနဲ့ အမြင်အာရုံ ဝေဝါးခြင်းတွေ ဖြစ်ပါတယ်။” လို့ ဒေါက်တာ ဂွန်ဆဲကာရန်က ဆိုပါတယ်။

ဒီလိုပြင်းထန်ခေါင်းကိုက်ခြင်းရဲ့ အများဆုံးဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ ဦးနှောက်တွင်း သွေးထွက်ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ စကဲန်ဖတ်ခြင်းမှာ ဒါကို မမြင်တွေ့ရပါဘူး။ ဒါကြောင့် ဆရာဝန်တွေက တခြားဖြစ်နိုင်ခြေရှိတဲ့ ဦးနှောက်ပြောင်းပြန် သွေးကြောတင်းကျပ်မှု ရောဂါလက္ခဏာကို လိုက်ရှာဖွေခဲ့ကြပါတယ်။

“ဒါဟာ ရုတ်တရက် ဦးနှောက်မှာ သွေးကြောတင်းကျပ်မှု ဖြစ်ပေါ်တဲ့ ဦးနှောက်သွေးကြော ကစဉ့်ကလျားဖြစ်ခြင်းပါ။ ယေဘုယျအားဖြင့် ရက်ပိုင်းကနေ ရက်သတ္တပတ်အတွင်းမှာ မပြင်းထန်ဘဲ ပြေပျောက်သွားတတ်ပါတယ်။ ဒါဟာ မကြာခဏ ရောဂါ ဖြစ်နိုင်ခြေ အလားအလာ ရှိပါတယ်” လို့ ဒေါက်တာဂွန်ဆဲကာရန်က ပြောကြားပါတယ်။

ဦးနျောက်ကိုစကန်ဖတ်ရာမှာ ဦးနှောက်ထဲက သွေးလွှတ်ကြောတွေဟာ တင်းကျပ်နေကြောင်း ပြသခဲ့ပါတယ်။ ကိုကင်းနဲ့ စိတ်ကြွဆေးတို့လို တရားမဝင်ဆေးဝါးတွေရဲ့ လက္ခဏာတစ်ရပ်လို့ ဆရာဝန်များက ယူဆခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ငရုတ်သီးဟာ တရားခံဖြစ်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

“ကျွန်တော်တို့ ဒီငရုတ်သီးအကြောင်းကို ရှာဖွေခဲ့ကြပါတယ်။ အဓိကပါဝင်ပစ္စည်းကတော့ သွေးကြောကို ထိခိုက်စေတဲ့ အရာတစ်ခုပါပဲ” လို့ ဒေါက်တာဂွန်ဆဲကာရန်က ဆိုပါတယ်။ ဒီလူဟာ ငရုတ်သီးကို စားပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ လက္ခဏာများအရ ငရုတ်သီးကြောင့် ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက မှတ်ချက်ချခဲ့ကြပါတယ်။

လေ့လာမှုရေးသားသူရဲ့ အတွေ့အကြုံအရ ဒါဟာ ငရုတ်သီးနဲ့ပတ်သက်ပြီး ဦးနှောက်ပြောင်းပြန် သွေးကြောတင်းကျပ်မှု ပထမဆုံးဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေဟာ သူ့အလိုလို ပြေပျောက်သွားပြီး ၅ပတ်အကြာမှာ သူ့ဦးနှောက်ဟာ ပုံမှန်အခြေအနေကို ပြန်ရောက်သွားခဲ့ပါတယ်။ နောက်ထပ်ခေါင်းကိုက်တာတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။

ဒါဆို Carolina Reaper ငရုတ်သီးဟာ ဘယ်လောက် ပူစပ်သလဲ? ဂရင်းနစ်ကမ္ဘာ့မှတ်တမ်းများအရ ငရုတ်သီးဟာ ပူစပ်မှုယူနစ် ပျမ်းမျှ 1,641,183 Scoville ရှိပါတယ်။ Carolina Reaper ထုတ်လုပ်သူ ပူကာဘတ်ထ်ကုမ္ပဏီမှ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်အရ သာမန် Jalapeno ငရုတ်သီးက ပူစပ်မှုယူနစ် 2,500-8,000 Scoville အကြားမှာ ရှိပါတယ်။

“ဒီအချိန်မှာ Carolina Reaper ငရုတ်သီးနဲ့ပတ်သက်ပြီး ဘာကိုမှ ကျွန်တော်တို့ အကြံပေးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဆိုးကျိုးပေးတဲ့ သက်ရောက်မှုတွေကိုတော့ လူတွေကို သတိထားစေချင်ပါတယ်” လို့ ဒေါက်တာဂွန်ဆဲကာရန်က ဆိုပါတယ်။

ငရုတ်သီးစားပြိုင်ပွဲတွေမှာ ဒီလိုပဲ ဖြစ်ပွားကြပါတယ်။

“ကံဆိုးချင်တော့ ငရုတ်သီးစားပြိုင်ပွဲတွေရဲ့ ဘေးကင်းစိတ်ချမှုနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ မရခဲ့ပါဘူး။ ဘေးကင်းမှုနဲ့ပတ်သက်တဲ့ နောက်ထပ်စုံစမ်းလေ့လာမှုတွေ လုပ်ဆောင်ဖို့တော့ လိုအပ်ပါတယ်။ ဒါပေမဲ့ ပူစပ်တဲ့ငရုတ်သီးတွေ စားပြီးတော့ ပြင်းပြင်းထန်ထန်ခေါင်းကိုက်လာမယ်ဆိုရင်တော့ ဆေးဝါးအကူအညီရှာဖွေသင့်ပါတယ်” လို့ ဒေါက်တာဂွန်ဆဲကာရန်က ဆိုပါတယ်။

Ref : Knowledge : Man eats world’s hottest chili pepper, ends up in ER with ‘thunderclap’ headaches
Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top