နော်တာဒိန်းဘုရားကျောင်း မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေ

57190371_2336129943084579_9023737734983843840_n.jpg

ပြင်သစ်နိုင်ငံ ပဲရစ်မြို့က နော်တာဒိန်းဘုရားကျောင်း မီးလောင်ကျွမ်းခဲ့တာ ဝါယာရှော့ခ်ကြောင့် ဟုတ်၊ မဟုတ်ဆိုတာကို ပဲရစ်မြို့ အစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးနေပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က မီးလောင်ကျွမ်းမှုကြောင့် နှစ်သက်တမ်း (၈၅၀) ရှိတဲ့ ဂေါ့သစ်လက်ရာ ဘုရားကျောင်းရဲ့ အစိတ်အပိုင်း တော်တော်များများ ပျက်စီးခဲ့ပြီး (၉) နာရီအကြာမှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ ဘုရားကျောင်းကို ပြင်ဆင်မွမ်းမံမှုလုပ်နေချိန်အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာပါ။

နှစ်သက်တမ်း (၁၅၀) ရှိတဲ့ ဘုရားကျောင်းပြာသာဒ်ဆောင်မှာ ပြင်ဆင်မွမ်းမံနေတဲ့ လုပ်ငန်းစုတွေလည်း မျက်ခြေမပြတ် စောင့်ကြည့်ခံနေရပါတယ်။ မီးငြှိမ်းသတ်မှု မိနစ်ပိုင်းလောက်သာ နောက်ကျခဲ့ရင် ဘုရားကျောင်းတစ်ခုလုံး ပျက်စီးသွားမယ် အခြေအနေရှိတယ်လို့ အာဏာပိုင်တစ်ဦးက ဆိုပါတယ်။ နော်တာဒိန်းဘုရားကျောင်းဟာ ယေရှုကို ကားစင်တင်ခဲ့ချိန်က အသုံးပြုခဲ့တဲ့ သစ်သားလက်ဝါးကပ်တိုင် အစိတ်အပိုင်းတစ်ခု၊ သံချောင်းတစ်ချောင်း အပါအဝင် အထွတ်အမြတ်ထားရာ ရှေးဟောင်းပစ္စည်းတွေရှိတဲ့ အဆောက်အအုံဖြစ်ပါတယ်။

မီးလောင်ကျွမ်းချိန်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းပစ္စည်းတော်တော်များများကို ဆွဲထုတ်နိုင်ခဲ့ပြီး လုဗ်ပြတိုက်ကို ရွှေ့ပြောင်းထိန်းသိမ်းထားပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်ကတော့ (၅) နှစ်တာကာလအတွင်း နော်တာဒိန်းဘုရားကျောင်းကို အရင်ကထက် ပိုကြီးကျယ်ခမ်းနားအောင် တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ နော်တာဒိန်းဘုရားကျောင်း မီးလောင်ပျက်စီးခဲ့တဲ့နောက် ပြင်သစ်နိုင်ငံရဲ့ လူချမ်းသာတွေရဲ့ လှူဒါန်းငွေတွေအပါအဝင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ချမ်းသာကြွယ်ဝသူတွေ၊ ကုမ္ပဏီတွေက အလှူငွေတွေ ပေးအပ်ခဲ့ကြလို့ အခုချိန်မှာ အလှူငွေ ယူရိုသန်း (၈၀၀) ကျော် ရရှိထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top