ပင်လယ်ထဲမျောနေသူနှစ်ဦးကိုကယ်ဖို့ ဘုရားသခင်စေလွှတ်လိုက်တဲ့ရွက်လှေတစ်စင်း

59814865_478255756251725_2734394429396746240_n.jpg

ဖလော်ရီဒါအထက်တန်းကျောင်းက စီနီယာကျောင်းသားတွေဖြစ်ကြတဲ့ တိုင်လာ စမသ် (Tyler Smith) နဲ့ ဟယ်သာဘရောင်း ( Heather Brown) တို့ဟာ ရေကူးသွားကြရာကနေ ပြင်းထန်တဲ့ ပင်လယ်လှိုင်းပုတ်ခံခဲ့ရတာကြောင့် ကမ်းနဲ့ဝေးတဲ့ပင်လယ်ပြင်ထဲမှာ တစ်နာရီကျော်ကြာကြာ မျောသွားခဲ့ကြတာပါ။ သူတို့နှစ်ဦးဟာ သူတို့ကိုကယ်ဆယ်ဖို့ ဘုရားသခင်ဆီ ကြောက်လန့်တကြားငိုကြွေးရင်း ဆုတောင်းခဲ့ကြပြီး ကံကောင်းစွာနဲ့ပဲ သူတို့ဆုတောင်းက ပြည့်သွားခဲ့ပါတယ်။ အကြောင်းကတော့ အာမင် (Amen) လို့ အမည်ရေးထိုးထားတဲ့ ရွက်လှေတစ်စင်းက သူတို့ဆီကို မောင်းနှင်လာခဲ့လို့ပါပဲ။

ဘုရားသခင်ဆီ ကြောက်လန့်တကြားငိုကြွေးရင်း ဆုတောင်းခဲ့ကြပြီး ကံကောင်းစွာနဲ့ပဲ သူတို့ဆုတောင်းက ပြည့်သွားခဲ့ပါတယ်

အတန်းဖော်တစ်စုနဲ့ ဗီလာနိုကမ်းခြေကို အတူလာခဲ့ကြတဲ့ စမသ်နဲ့ ဘရောင်းတို့ဟာ ကမ်းခြေကနေလှမ်းမြင်နေရတဲ့ကျွန်းတစ်ခုဆီကို နှစ်ယောက်တည်းရေကူးသွားကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကမ်းခြေနဲ့ဝေးတဲ့နေရာတွေမှာဆိုရင် အသက်ကယ်သမားတွေ မရှိနေတတ်တာကို သူတို့က သတိမမူခဲ့ပါဘူး။

ပထမတော့ ကန့်သတ်ထားတဲ့နေရာအထိပဲရေကူးခဲ့ကြပြီး ကမ်းခြေနဲ့ကျွန်းရဲ့အကွာအဝေးက ပိုကျယ်လာသလိုပဲလို့ စမသ်က သိလာပါတယ်။ သူက ဘရောင်းကို ကမ်းရိုးတန်းနဲ့ ပိုနီးတဲ့ အောဂတ်စ်တိုင်းမီးပြတိုက်ဘက်ကို ရေကူးကြမယ်လို့ ပြောခဲ့ပါသေးတယ်။ မီးပြတိုက်နဲ့ နီးလာရမယ့်အစား ပိုပြီးဝေးဝေးလာတာကို နှစ်ဦးလုံး စပြီးသတိပြုမိခဲ့ချိန်မှာ မထင်မှတ်ထားတာတွေ ဖြစ်လာခဲ့ပါတော့တယ်။

ဖလော်ရီဒါအထက်တန်းကျောင်းက စီနီယာကျောင်းသားတွေဖြစ်ကြတဲ့ တိုင်လာ စမသ် (Tyler Smith) နဲ့ ဟယ်သာဘရောင်း ( Heather Brown)

“ရေစီးကြောင်းက ကျွန်တော်တို့ဘာမှမလုပ်နိုင်တော့လောက်အောင် အဝေးကိုဆွဲယူသွားတယ်။ အဲဒီမှာစပြီး ဒုက္ခရောက်တော့တာပါပဲ။ ကျွန်တော်တို့နှစ်ယောက်လုံး အတော်ပင်ပန်းနေပြီ။ ဒါနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက်လက်ချင်းချိတ်ထားပြီး ရေပေါ်မှာပေါလာပေါ်နေအောင် နေခဲ့တယ်။ ဘရောင်းက ကြောက်ပြီး ဆက်ကူးရင်ရေနစ်လိမ့်မယ်လို့ ပြောသေးတယ်။ ကျွန်တော်တို့နှစ်ယောက် လက်ချင်းချိတ်ထားတဲ့အချိန်မှာ ဘုရားသခင်ဆီ ဆုတောင်းခဲ့ပါတယ်။ ‘ဘုရားသခင် တကယ်ရှိနေတယ်ဆိုရင် ကျွန်တော်တို့ကို ကယ်ပါဦး’ လို့ စမသ်က ပြောပြခဲ့ပါတယ်။

မိနစ် (၃၀) လောက်ကြာပြီးချိန်မှာတော့ ဖလော်ရီဒါတောင်ဘက်ကနေ နယူးဂျာစီဘက်ကို သွားနေတဲ့ ရွက်လှေတစ်စင်းက သူတို့ကို မြင်သွားခဲ့ပါတယ်။ ရွက်လှေပေါ်ကလူတွေက သူတို့ကို လှေပေါ် ဆွဲတင်ပြီး နွေးနေအောင်စောင်တွေခြုံပေးခဲ့ကြပါတယ်။ ကပ္ပတိန်ကလည်း သူတို့ရွက်လှေရဲ့နာမည်ကို အာမင် (ဘုရားသခင်) လို့ အမည်ပေးထားကြောင်း အံ့သြတကြီး ပြောပြခဲ့ပြီး သူတို့နှစ်ယောက်စလုံးကို ကမ်းစပ်ဆီ ပြန်ပို့ပေးခဲ့ပါတယ်။

ဘရောင်းက ‘ဘုရားသခင်မှာ ကျွန်မတို့အားလုံးအတွက် အမြဲ အစီအစဉ်ရှိပြီးသားပါ’ လို့ ဆိုခဲ့ပါတယ်။

Ref: www.cbsnews.com “Teen stranded at sea cried out to God for help. Then a boat named “Amen” rescued them ”
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top