တိဗက်အပေါ် ပံ့ပိုးမှုကြောင့် ကီနူးရိဗ်ရဲ့ရုပ်ရှင်ကားတွေ တရုတ်နိုင်ငံရဲ့ရုပ်ရှင်ထုတ်လွှင့်တဲ့ပလပ်ဖောင်းတွေကနေ ဖယ်ရှားခံခဲ့ရ

25-2-2022-yyl04.jpg

အခုလအစောပိုင်းမှာ The Matrix မင်းသားကြီး ကီနူးရိဗ် (Keanu Reeves) က တိဗက်အပေါ် ထောက်ခံကြောင်း ပြသခဲ့မိတဲ့အတွက်ကြောင့် သူ့ရဲ့ရုပ်ရှင်ကားတွေကို တရုတ်နိုင်ငံရဲ့ရုပ်ရှင်ထုတ်လွှင့်တဲ့ ပလပ်ဖောင်းတွေကဖယ်ရှားခဲ့ပါတယ်။
ကီနူးရိဗ်ရဲ့ The Matrix trilogy၊ Speed၊ Bill & Ted’s Excellent Adventure၊ Something’s Gotta Give၊ The Lake House ရုပ်ရှင်ဇာတ်ကားတွေကို Tencent Video၊ Youku၊ iQiyi နဲ့ Migu Video အပါအဝင် ရုပ်ရှင်ထုတ်လွှင့်တဲ့ပလက်ဖောင်းတွေကနေ ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

The Los Angeles Times သတင်းဌာနအရ iQiyi ရဲ့ ဇာတ်ကားရှာဖွေမှုဘားမှာ ‘Keanu Reeves’ ဆိုတဲ့အမည်ကို ရိုက်ထည့်လိုက်တဲ့အခါ “ဝမ်းနည်းပါတယ်၊ ‘Keanu Reeves’ နဲ့ဆက်စပ်တဲ့ ရလဒ်တွေမတွေ့ရပါ။ သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းတွေနဲ့ မူဝါဒတွေကြောင့် အချို့သော ရလဒ်တွေကို ပြသခြင်းမရှိပါ” ဆိုတဲ့စာသားတွေထွက်ပေါ်လာတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့နှစ်လက တရုတ်အမျိုးသားရေးဝါဒီသမားတွေကလည်း The Matrix Resurrections ဇာတ်ကားကို Boycott လုပ်ဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ဇန်နဝါရီလက မင်းသားကြီး ကီနူးရိဗ်ဟာ 35th Tibet Benefit ဖျော်ဖြေပွဲကို တက်ရောက်ခဲ့မယ်လို့ ကြေညာပြီးတဲ့နောက် the Matrix 4 ဇာတ်ကားအပေါ် ပြင်းထန်တဲ့တုံ့ပြန်မှုတွေက ‘Little Pinks’ လို့ အမည်ပေးထားတဲ့ တရုတ်မျိုးချစ်အဖွဲ့ကနေ ထွက်ပေါ်လာတာဖြစ်တယ်လို့ Variety သတင်းဌာနက ဖော်ပြထားပါတယ်။

မတ်လ ၃ ရက်နေ့က ကီနူးရိဗ်ကလည်း အဆိုတော်တွေဖြစ်တဲ့ လော်ရီ အန်ဒါဆင် (Laurie Anderson)၊ ပတ်တီ စမစ်သ် (Patti Smith) ၊ စင်ဒီလော်ပါ (Cyndi Lauper) နဲ့ အစ်ဂျီ ပေါ့ပ် (Iggy Pop) တွေနဲ့အတူ ဖျော်ဖြေပွဲမှာ ဖျော်ဖြေခဲ့ပါတယ်။ သူ့အဖေဘက်က တရုတ်နွယ်ဖွားဖြစ်တဲ့ ကီနူးရိဗ်ဟာ သူ့ရဲ့အသက်မွေးဝမ်းကြောင်းအစောပိုင်းလောက်မှာ တရုတ်ဈေးကွက်မှာ အလွန်ရေပန်းစားလာခဲ့တာပါ။

ဒါပေမဲ့ ကီနူးရိဗ် က Tibet Benefit Concert ပွဲ တက်ရောက်ပြီးတဲ့နောက်မှာ တရုတ်မျိုးချစ်တွေက ကီနူးရိဗ်ဟာ သူ့ရဲ့အမွေအနှစ်တွေကို ကျောခိုင်းသွားတယ်လို့ ခံစားခဲ့ရပါတယ်။ အသုံးပြုသူအများအပြားကလည်း ကီနူးရီဗ်ကို ပြစ်တင်ရှုတ်ချဖို့အတွက် ဘလော့ဆိုက်တစ်ခုဖြစ်တဲ့ CHINAD8 ကို အသုံးပြုခဲ့ကြပါတယ်။ အသုံးပြုသူတစ်ဦးက ” ကီနူးရိဗ်က ဒါကို ဘယ်လိုလုပ်နားမလည်ဘဲ တိဗက်လွတ်လပ်ရေး ဂီတဖျော်ဖြေပွဲမှာပါဝင်ခဲ့တာလဲ။ ဒီလိုဆယ်လီ​တွေက တရုတ်ဈေးကွက်ကို ဆုံးရှုံးရမှာ မကြောက်ဘူးလား”လို့ ရေးသားခဲ့ပါတယ်။ နောက်တစ်ယောက်က “တရုတ်စျေးကွက်ကနေ ထွက်သွား။ ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ်တစ်ယောက်ကျတော့လည်း “အခု The Matrix Resurrection” ဇာတ်ကားကို ဖြုတ်ချနိုင်ပြီ”လို့ ဆိုပါတယ်။

The Matrix: Resurrection ထွက်ရှိပြီး မကြာမီမှာ အသုံးပြုသူတွေက ကီနူးရိပ်ကို အပြစ်တင်ရှုတ်ချတဲ့စာသားတွေ Weibo အကောင့်မှာ ရေးသားခဲ့ကြပါတယ်။အသုံးပြုသူတစ်ဦးက “ဟောလိဝုဒ်က ဒီအထက်တန်းကျောင်းဆင်းတွေက မြေပုံပေါ်မှာ တိဗက်ရှိနေတဲ့နေရာကိုတောင် မခွဲခြားနိုင်ဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့ဘဝတစ်ခုကို ဦးဆောင်နေတဲ့ လူတွေဆိုရင် ဂရုစိုက်ကြတယ်” လို့ ရေးသားခဲ့ပါတယ်။ “တိဗက်ကို တရုတ်ပိုင်တယ်”လို့လည်း အခြားတစ်ယောက်က ရေးသားခဲ့ပါတယ်။

အရင်က ရစ်ချက် ဂီရီ (Richard Gere)၊ ဘရက် ပစ် (Brad Pitt) နဲ့ ဆယ်လီနာ ဂိုမက်ဇ် (Selena Gomez) တို့လည်း တိဗက်ကို ထောက်ခံအားပေးခဲ့ကြပါတယ်။ ဆယ်လီနာက ဒါလိုင်း လားမား (Dalai Lama) နဲ့အတူ ဓာတ်ပုံတစ်ပုံရိုက်ပြီးနောက် သူ့ရဲ့အင်စတာဂရမ်ပို့စ်က လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Shanghaiist.com ဝပ်ဆိုက်ဘ် အရ ဆယ်လီနာက တိဗက်ဝိညာဥ်ရေးခေါင်းဆောင်နဲ့ ဓာတ်ပုံရိုက်ပြီးနောက် ၂၀၁၆ ခုနှစ်မှာ Revival Tour ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ကွမ်ကျိုးနဲ့ ရှန်ဟိုင်းက သူ့ရဲ့ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းပစ်ဖို့ တွန်းအားပေးခံခဲ့ရတယ်လို့ သိရပါတယ်။

Ref: Ladbible “Chinese Streaming Platforms Remove Keanu Reeves Films Over His Support For Tibet”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top