ဒုံးပျံယာဉ်လွှတ်တင်ဖို့ ဖလော်ရီဒါကို နာဆာဘာကြောင့်ရွေးချယ်ရသလဲ

nasa1.jpg

တကယ်တော့ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ် ဟာ ဟာရီကိန်းမုန်တိုင်းကြီးတွေရဲ့ထိုးနှက်မှုဒဏ်ကို ခံရလေ့ရှိပြီး နိုင်ငံကတခြားသောပြည်နယ်တွေထက်ကို မိုးသက်မုန်တိုင်းတွေကျရောက်တတ်ပါတယ်။ နာဆာက ဒီလိုရာသီဥတုဆိုးရွားနေတဲ့ အရပ်ဒေသကို ဘာကြောင့် အာကာသယာဉ် လွှတ်တင်ရာ အခြေစိုက်အရပ်အဖြစ် ရွေးချယ်ရသလဲဆိုတာတော့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ရာသီဥတုကြောင့်လွှတ်တင်ချိန်ရွှေ့ဆိုင်းလိုက်ရတဲ့ အကြိမ်ရေလည်းမနည်းလှတော့ နာဆာရဲ့ရွေးချယ်မှုအကြောင်းအရင်းတွေကိုဖော်ပြပေးပါရစေ။

၁။ အီကွေတာနဲ့နီးတဲ့အချက်

အာကာသ ထဲ ဒုံးကျည်လွှတ်တင်ဖို့အတွက် အရေးကြီးတဲ့အချက်က အီကွေတာနဲ့နီးဖို့လိုပါတယ်။ ဖလော်ရီဒါပြည်နယ်က အီကွေတာနဲ့နီးတဲ့အားသာချက်ရှိနေလို့ နာဆာက ဒုံးကျည်လွှတ်တင်တဲ့နေရာအဖြစ်ရွေးချယ်ရခြင်းဖြစ်တယ်။ ဘာကြောင့် အီကွေတာနဲ့နီးဖို့လိုအပ်တာလဲ။ Merry-go-round အဝိုင်းလည်တာကို ငယ်ငယ်က စီးဖူးကြမှာပါ။ စက်ဝိုင်းအစွန်းမှာရပ်ပြီးစီးတဲ့အခါ ဒာက စက်ဝိုင်းအတွင်းပိုင်းဗဟိုမှာစီးရတာထက် စက်ဝိုင်းအပြင်ဘက်ကို အားနဲ့ဆွဲထုတ်ယူနေတဲ့ ဆွဲအားပုံစံတစ်မျိုးကို အများဆုံးခံစားရတယ်မဟုတ်လား။ ဒါဟာ စက်ဝိုင်းပုံ လည်ပတ်နေတဲ့အရာဝတ္ထုကနေ ထုတ်လွှတ်ပေးတဲ့ စက်ဝိုင်းပွတ်အလျင် Tangential Velocity လို့ခေါ်ပါတယ်။ ကမ္ဘာဟာလည်း လည်ပတ်နေတဲ့ Merry Go Round နဲ့ အလားတူပုံစံပါပဲ။ အာကာသထဲဒုံးကျည်လွှတ်တယ်ဆိုတာလည်း Merry-go-round အစွန်းမှာရပ်နေတဲ့သူကို တွန်းချလိုက်တဲ့သဘောပါပဲ။ ကမ္ဘာ့အပြင်ဘက် အာကာသထဲကို တစ်ခုခုပစ်လွှတ်ချင်တဲ့အခါ ဒီနည်းလမ်းကိုသုံးကြပါတယ်။ အီကွေတာဟာ ကမ္ဘာလည်ပတ်နေတဲ့ ဝင်ရိုးနဲ့အဝေးဆုံးအမှတ်ဖြစ်တာကြောင့် Tangential Velocity ကို အများဆုံးရရှိပြီး နာဆာအတွက်လည်း ကမ္ဘာရဲ့လည်ပတ်မှုကိုအသုံးချလို့ ဒုံးကျည်လွှတ်တင်ဖို့ အသုံးပြုရမယ့်လောင်စာအား ပိုသက်သာစေပါတယ်။

၂။ ပင်လယ်သမုဒ္ဒရာနားမှာ တည်ရှိနေတဲ့ဒေသ

အတ္တလန်တိတ်သမုဒ္ဒရာတည်ရှိခြင်းက နာဆာအတွက် အတော်အလုပ်ဖြစ်စေခဲ့ပြီး ဖလော်ရီဒါက Cape Canaveral ကျွန်းဆွယ်နေရာ ဟာ နာဆာကနေ အာကာသယာဉ်တွေအများဆုံး လွှတ်တင်ရာနေရာဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ အခန့်မသင့်လို့ ပေါက်ကွဲမှုတွေဖြစ်ပွားလို့ အာကာသယာဉ်ပျက်ကျမှု၊ ဒုံးပျံယာဉ်ပျက်စီးပျက်ကျမှုတွေကြုံရတဲ့အခါ လူတွေကို အထိအခိုက်မဖြစ်ဘဲ ပင်လယ်ပြင်ထဲသက်ဆင်းသွားစေနိုင်ဖို့ပါပဲ။ တည်နေရာအရ အကျိုးပြုစေတဲ့ နောက်တစ်ချက်ကတော့ ဖလော်ရီဒါက နိုင်ငံရဲ့အရှေ့ဘက်ပင်လယ်ဒေသပိုင်းဖြစ်တာမို့ ကမ္ဘာဟာ လည်ပတ်ပုံအရလည်း အနောက်ဘက်ကနေ အရှေ့ဘက်ကိုရွေ့လျားနေတာကြောင့်ပဲ အာကာသယာဉ်လွှတ်တင်ရာနေရာဒေသအဖြစ် ပိုပြီးဆီလျော်စေတဲ့အချက်ဖြစ်ပါတယ်။

၃။ လူနေထူထပ်မှုမရှိခြင်း

နာဆာက ကနေဒီအာကာသစင်တာအဖြစ် ဆောက်လုပ်ခဲ့တဲ့ ဖလော်ရီဒါ မြေနေရာကို ဝယ်ယူခဲ့စဉ်က (၁၉၆၁) ခုနှစ်ပါ။ လူသူမထူထပ်တဲ့အရပ်ဖြစ်တာကြောင့် နာဆာအတွက်သဘောတွေ့စရာဖြစ်ခဲ့တယ်။ ဒါကြောင့်သာ ဒေသခံတွေအတွက် အနှောင့်အယှက်ကင်းကင်းနဲ့ အဓိကလိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို တည်ဆောက်နိုင်ခဲ့ခြင်းပါ။ သတိထားစရာအဖြစ် နိုင်ငံစစ်တပ်အခြေစိုက်စခန်းနဲ့နီးတာကြောင့် ကောင်းမွန်လှတဲ့ ဆက်သွယ်ရေးလမ်းပန်းနေရာတွေနဲ့ လမ်းမတွေကို မထိခိုက်စေရအောင်တော့ အာကာသစင်တာကို တည်ဆောက်ခဲ့ရပါတယ်။ နာဆာအတွက် အာကာသယာဉ် တွေနဲ့ ဒုံးပျံယာဉ် တွေကို လွှတ်တင်နိုင်ဖို့ရာ အခြေစိုက်အရပ်ဒေသကို အဓိကရွေးချယ်တဲ့ပုံစံကတော့ အသင့်လျော်ဆုံးဖြစ်တဲ့ ‘တည်ရာနေရာ’ ကို ရွေးချယ်ဆုံးဖြတ်ခြင်းပဲဖြစ်ပါတယ်။

Ref: Curiosity “3 Reasons Why NASA Launches Rockets From Florida”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top