တရားခံမပေါ်တဲ့ အမှုတွေအကြောင်း မသိချင်တော့တာ နှစ်သစ်ဆန္ဒပါပဲ

28-12-2020-yyl23.jpg

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းဖို့ ၃ ရက်ပဲ လိုပါတော့တယ်။ ၂၀၂၀ ဟာ ကိုဗစ်ကပ်ရောဂါကြောင့် ခြောက်သွေ့၊ မှောင်မိုက်၊ တိတ်ဆိတ်ခဲ့ရတယ်။ ပိတ်ဆို့မှု စည်းမျဉ်းတွေကြောင့် ဝမ်းရေးရော၊ လွမ်းရေးရော ခက်ခဲ့ရတယ်။ ဒါပေမဲ့ နှစ်ကုန်ပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံတွေမှာ ကာကွယ်ဆေး ထိုးနှံခွင့် ရရှိခဲ့လို့ မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပါပြီ။ နှစ်သစ်မှာ ကိုယ်လုပ်ချင်၊ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကိုယ်စီ တေးမှတ်ထားကြပါပြီ။

ကျွန်တော် ဖြစ်စေချင်တဲ့ဆန္ဒတစ်ခုကတော့ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူတွေအားလုံး အားကိုးယုံကြည်ရတဲ့ တရားဥပဒေ ဖြစ်ပေါ်လာရေးပါပဲ။ တရားဥပဒေစိုးမိုးရေးဟာ အားလုံးနဲ့သက်ဆိုင်တဲ့ အုပ်ချုပ်မှုမူတစ်ရပ်ဖြစ်ပြီး လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးမယ့် မူဘောင်တစ်ရပ်ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ အဓိကမဏ္ဍိုင်တွေ ဟန်ချက်ညီဖို့ လိုအပ်တယ်ဆိုတာ အားလုံးအသိပါပဲ။

မြန်မာတစ်နိုင်ငံလုံး နာကျည်းခံပြင်းဖြစ်ခဲ့ကြပြီး ကမ္ဘာကပါ စောင့်ကြည့်ခဲ့ကြတဲ့ ဗစ်တိုးရီးယားအမှုက ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့ပေမဲ့ တရားခံကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ၂၀၁၆ ခုနှစ်က မင်္ဂလာဒုံ လေးလောင်းပြိုင်လူသတ်မှုမှာ ဒုရဲအုပ်ဟောင်း ကိုစိုးနောင်က မိသားစုဝင်တွေနဲ့ သူ့ကိုယ်သူသတ်သေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပေမဲ့ ကွဲလွဲမှုတွေ ရှိနေဆဲပါပဲ။ အဲဒီလို ထင်ရှားတဲ့ အမှုတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို မေးခွန်းထုတ်စရာ ဖြစ်စေခဲ့တဲ့ အမှုတွေ အများကြီး ရှိခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍတစ်ရပ် ဖြစ်ပါတယ်။ ဥပဒေက ပြည်သူအားလုံးကို တပြေးညီကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ လိုပါတယ်။ တရားဥပဒေစိုးမိုးရေး မဖော်ဆောင်နိုင်ဘဲ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ဆိုတာ လေထဲတိုက်အိမ်ဆောက်နေသလိုပါပဲ။

အဲဒီတော့ ၂၀၂၁ ခုနှစ်မှာတော့ တရားခံမဖော်ထုတ်နိုင်တဲ့ အမှုတွေအကြောင်း ထပ်မသိချင်တော့ပါဘူး။ တရားဥပဒေစိုးမိုးရေးဆိုတဲ့ စကားလုံးကို စာရွက်တွေပေါ်မှာ ထပ်ဖန်တလဲလဲ မြင်ရသလိုမျိုး လက်တွေ့ဘဝမှာလည်း မြင်တွေ့ရဖို့ ဆုတောင်းပါတယ်။ ဒါကတော့ နှစ်သစ်မှာ ဖြစ်ချင်တဲ့ဆန္ဒ . . . . နှစ်သစ်ဆန္ဒပါပဲ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top