၁၉၄၇ ခုနှစ်နောက်ပိုင်း အမေရိကန်နိုင်ငံမှာ အဆိုးရွားဆုံးစီးပွားရေးကျဆင်းမှု ကြုံတွေ့

30-7-2020-yyl-011.jpg

ကပ်‌ရောဂါကာလအတွင်း ပိတ်ဆို့မှုတွေ၊ အသုံးစရိတ်လျှော့ချမှုတွေ ရင်ဆိုင်ကြုံတွေ့ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်မှာ နှစ်စဉ်နှုန်းထားရဲ့ ၃၂.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါဟာ ၁၉၄၇ ခုနှစ်မှာ အမေရိကန်အစိုးရက စီးပွားရေးမှတ်တမ်းတွေ စတင်ကောက်ယူခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းမှုဖြစ်ပါပြီး ၁၉၅၈ ခုနှစ်က စံချိန်တင်ထားတဲ့ စီးပွားရေးကျဆင်းမှု( ၁၀ ရာခိုင်နှုန်း)ထက် ၃ ဆကျော် ပိုများခဲ့ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ ဝန်ဆောင်မှုတွေအတွက် အသုံးစရိတ် ကျဆင်းခဲ့လို့ အခုလိုစီးပွားရေးကျဆင်းမှု ကြုံခဲ့ရတာပါ။ ဒုတိယသုံးလပတ်မှာ အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှု ကြုံမယ်ဆိုတာကို ကြိုတင်တွက်ဆထားတယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုပါတယ်။ ဒါပေမဲ့ တတိယသုံးလပတ်မှာတော့ စီးပွားရေးတစ်ကျော့ပြန် ဦးမော့လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာပြီး တချို့ဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေ ပြန်လည်ကန့်သတ်ထားရလို့ စီးပွားရေးနလန်ထူနိုင်ဖို့ နှေးတုံ့လေးကန်မှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူ ၁.၄ သန်းကျော်ရှိခဲ့ပြီး အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူအရေအတွက်က နှစ်ပတ်ဆက်တိုက် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒုတိယသုံးလပတ်နဲ့ နှိုင်းယှဉ်ရင် အမေရိကန်နိုင်ငံရဲ့စီးပွားရေးဟာ ၉.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ပို့ကုန်၊ သွင်းကုန်တွေမှာ ၂၀ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကို အဓိကမောင်းနှင်ပေးနေတဲ့ စားသုံးသူသုံးစွဲမှု ၁၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top