မသန်စွမ်းမှုများနဲ့ ကောင်းမွန်စွာ နေထိုင်ခြင်း

wheelchair.jpg

မသန်စွမ်းမှုများနဲ့ နေထိုင်နေရတဲ့ဘ၀ကတော့ ဘယ်တော့မှ လွယ်ကူမှာမဟုတ်ပါဘူး။ သို့သော်လည်း ထိုသို့ကန့်သတ်မှုနဲ့ အခက်အခဲဒုက္ခတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နည်းလမ်းတွေရှိပြီး မိမိကိုယ်တိုင် အကျိုးခံစားရစေမယ့် ဘ၀တစ်ခုကို
တည်ဆောက်နိုင်ပါတယ်။ မသန်စွမ်းမှုများနဲ့ နေထိုင်ခဲ့ရင်တော့ အလိုက်သင့်ပြုမူနေထိုင်တတ်ဖို့ (ကျင့်သားရအောင်နေခြင်း)၊ မိမိရဲ့ဖြစ်တည်မှုကို လက်ခံတတ်ဖို့၊ မပြည့်စုံမှုရဲ့ဒဏ်ကို လျှော့ချနိုင်ဖို့နည်းလမ်းများရှာဖွေတတ်ရန်၊ အကူအညီနဲ့ ထောက်ပံ့မှုတွေ တောင်းခံတတ်ဖို့၊ အကျိုးရှိတဲ့ အရာတွေကိုလုပ်ကိုင်နိုင်ဖို့ နဲ့ ကျန်းမာရေးကို အဓိက
ဂရုစိုက်နိုင်ဖို့ တို့ဖြစ်ပါတယ်။

၁။ အလိုက်သင့် ပြုမူနေထိုင်ခြင်း (သို့)ကျင့်သားရအောင်နေခြင်း

မသန်စွမ်းမှုများနဲ့ အလိုက်သင့်နေထိုင်ဖို့က ခက်ခဲတဲ့အကူးအပြောင်းပါပဲ။ မိမိတို့ရဲ့ ကျန်းမာရေးကောင်း နေတုန်းကာလမှာတော့ ကျန်းမာရေးကို ဂရုစိုက်ရမှန်းမေ့တတ်ကြပြီး မကောင်းတော့မှ ပြန်လည်တောင့်တလို့မရတော့ပါဘူး။ ဒီလို ပြန်မရတော့မယ့် ယခင်ဘ၀ကို မြင်ယောင်ရုံမှတစ်ပါး မိမိတို့ရဲ့ နေထိုင်မှုပုံစံကို လိုက်လျှောညီထွေမှုရှိစွာ နေထိုင်ဖို့သာလိုအပ်တယ်။ သတင်းကောင်းက သင့်ဘ၀ကို သင်ထိန်းချုပ်နိုင်စွမ်း ရှိပါသေးတယ်ဆိုတာမမေ့ပါနဲ့။ လွတ်လပ်မှု၊ အားတက်သရော လုပ်ဆောင်တတ်မှုနဲ့ ရှုမြင်သုံးသပ်ချက်တွေကို မြှင့်တင်နိုင်စွမ်းရှိပါ တယ်။ မည်သည့် မသန်စွမ်းမှုများနဲ့ နေထိုင်ရပါစေ အခက်အခဲတွေကိုကျော်လွှားနိုင်ပြီး ဘ၀ကိုအကောင်းဆုံးနဲ့ အပျော်ရွှင်ဆုံးနေထိုင်သွားလို့ ရပါတယ်။

အားလုံးက အသက်ရှည်ကျန်းမာစွာနဲ့ ဘ၀မှာနေထိုင်လိုကြတယ်။ သို့သော် မမျှော်လင့်ပဲ ပြင်းထန်တဲ့​ဝေဒနာ (သို့) မသန်စွမ်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေခဲ့ရလျှင် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ နေသားမကျ ဖြစ်နေနိုင်ပါတယ်။ ဒီလိုနဲ့ သင့်အနေနဲ့ ရှေ့ဆက် ပျော်ရွှင်နိုင်ပါတော့မလား၊ အလုပ်အကိုင် လုပ်နိုင်ပါတော့မလား နဲ့ ခင်မင်ရင်းနှီးမှု(သို့)ဘ၀ကြင်ရာဖက် ရနိုင်ပါတော့မလားဆိုပြီးတော့ ပူဆွေးနေတတ်လိမ့်မယ်။ ဒီလိုမလွယ်ကူလှတဲ့ ဘ၀မှာနေထိုင်နေသည့်တိုင် ၀မ်းနည်းပူဆွေးမှုဖြစ်စရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်တစ်ယောက်တည်း မဟုတ်လို့ပါ။ သန်းနဲ့ချီသော လူတွေ လည်း ဒီလိုဘ၀တွေကို ဖြတ်သန်းခဲ့ကြပြီး ရိုးရိုးအသက်ရှင်နေထိုင်တာနဲ့တင်မဟုတ်ပဲ အောင်မြင် စွာနဲ့ဘ၀ကို နေထိုင်သွားကြတာရှိပါတယ်။ ဆိုတော့ သင်လည်း ဒီလိုပဲ လုပ်နိုင်မယ်လို့ယုံကြည်မှု အပြည့်အ၀ထားပါ။ CDC သုတေသနအရ အမေရိကန်နိုင်ငံတွင် လူ (၅) ဦးတွင် (၁)ဦးသည် မသန်းစွမ်း ဟုဆိုပါတယ်။

၂။ မသန်စွမ်းမှုကို လက်ခံပါ။

မိမိရဲ့ ဖြစ်တည်မှုကို လက်ခံဖို့ အလွန်မှခက်ခဲပါလိမ့်မယ်။ လက်ခံဖို့က လွယ်လင့်တကူဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ သို့သော် ငြင်းပယ်နေလျှင်လည်း ရှေ့မတိုးနောက်မဆုတ်ပဲ ပိတ်မိနေပါလိမ့်မယ်။ ဒီလိုနဲ့ တိုးတက်သင့်သလောက်မတိုးတက်၊
အောင်မြင်မှုပန်းတိုင်ဆီကိုလည်းရောက်သင့်သလောက်မ ရောက်တဲ့အပြင် မိမိပြောင်းလဲလိုတဲ့ အရာတွေကိုလည်း ပြောင်းလဲနိုင်မှာ မဟုတ်ပါ။

၂.၁။ ၀မ်းနည်းကြေကွဲဖို့အတွက်အချိန်ပေးလိုက်ပါ

သေချာတာကတော့ ဖြစ်တည်မှုတွေကို လက်မခံခင်တော့ ၀မ်းနည်းမှုကတော့ရှိမှာ သဘာ၀ပါပဲ။ မိမိကို ဆုံးရှုံးမှု ဖြစ်စေခဲ့တဲ့အတွက် အဲ့ဒီဆုံးရှုံးမှုက ကျန်းမာရေးလောက်တင်မဟုတ်၊ အကန့်အသတ် တစ်ခုဆီကိုတွန်းပို့လိုက်တဲ့အတွက် အနာဂတ်မှာ မိမိလုပ်ချင်တဲ့ ဖြစ်ချင်တဲ့ အရာတစ်ခုခုကိုတော့ စွန်လွှတ်ရလိုက်မှုတော့ရှိမှာပေါ့။

(က) ခံစားမှုတွေကို အတင်းအကျပ် လျစ်လျူရှု(သို့) ဖိနှိပ်မထားပါနဲ့။

လူ့သဘာ၀ဆန်ဆန် နာကျင်ခံစားမှုတွေကို မေ့ပစ်ဖို့ကြိုးစားချင်ကြမှာပါပဲ။ ဒီလို ဖြစ်တည်မှုတွေကို လျစ်လျူရှုလိုက်ရုံနဲ့ ပြီးသွားမှာမဟုတ်ပါဘူး။ ကိုယ်တိုင်ကိုယ်ကျ စိတ်နစ်ပြီး ခံစားမှုမရှိပဲနဲ့ သောကတွေကို လွယ်လွယ်နဲ့ ဖြတ်ကျော်လို့မရပါဘူး။ ဒါကြောင့်​ဘောင်မခတ်ထားပဲ လွတ်လပ်စွာမိမိရဲ့ ခံစားမှုတွေကို တ၀ကြီး ရယူခံစားလိုက်ပါ။

(ခ) ခံစားမှုတွေက အမြဲလိုလိုအနိမ့်အမြင့် အတက်အကျနဲ့ ကြုံရမှာပါပဲ

စိတ်တိုမှု၊ ၀မ်းနည်းမှု နဲ့ မယုံနိုင်စရာဖြစ်မှုတွေနဲ့ ကြုံဆုံနေရမှာဖြစ်တယ်။ ဒီလိုဖြစ်နေတာလဲ ပုံမှန်ပါပဲ။ သည်းဖိုရထား (ရိုလာကိုစတာ) လိုပါပဲ။ သင့်အနေနဲ့ ခံစားမှုတွေက တက်လိုက်ကျလိုက်နဲ့ ဖြစ်နေမှာပါ။ ယုံကြည်ရမှာက အချိန်ကြာလာတာနဲ့အမျှ ယူကြုံးမရမှုတွေက ဖြေသာလာပြီး နေသား ကျလာ ပါလိမ့် မယ် ဆိုတာပါပဲ။

(ဂ) ပြုံးပျော်ရွှင်မှုတွေနဲ့ ဟန်ဆောင်နေစရာမလိုပါဘူး။

မပြည့်စုံမှုတွေနဲ့ နေထိုင်ရတဲ့ဘ၀က အလွန်မှမလွယ်ပါဘူး။ ကံဆိုးတဲ့နေ့တွေနဲ့ ကြုံဆုံနေခဲ့ရင်တော့ သင့်အနေနဲ့ ဒါဟာ ရဲရင့်မှုမရှိလို့ (သို့) အားအင်ချိနဲ့ လို့ဆိုပြီး မမြင်သင့်ပါ။ ကိုယ့်အနေနဲ့ အဆင်မပြေတာတွေရှိရဲ့သားနဲ့ ပြေနေသလို ဟန်ဆောင်နေခဲ့ရင်လည်း သင့်ရဲ့မိသားစု နဲ့ မိတ်ဆွေတွေကို ကူညီရာမရောက်ပါဘူး။ လူတွေကို ကိုယ့်ရဲ့အမှန်တကယ် ခံစားမှုတွေကိုသာ ပြသပါ။ ဒါမှ သင်နဲ့ သူတို့အတွက် ကူညီရာရောက်ပါလိမ့်မယ်။

ဒီလို နေထိုင်မှုစနစ်အောက်မှာ ကျင့်သားရအောင်လုပ်ဖိုဆိုလျင်…

မပြည်စုံမှုတွေနဲ့ နေထိုင်လင့်ကစား ပျော်ရွှင်နိုင်ပါသေးတယ်ဆိုတာကို သတိရပါ။
မိမိမလုပ်နိုင်တဲ့ အပေါ်မှာ ကပ်တွယ်နေမှုမလုပ်တော့ပါနဲ့။
မိမိရဲ့ ဖြစ်တည်မှုကို ပိုမို သင်ယူလေ့လာပါ။

၃။ မပြည့်စုံမှုရဲ့ သက်ရောက်မှုတွေကို လျှော့ချဖို့ နည်းလမ်းရှာဖွေပါ။

မိမိဘ၀မှာ မပြည့်စုံမှုကြောင့် ကြီးမားတဲ့ ပြောင်းလဲမှုတွေရှိခဲ့တာတွေကို ပြောနေစရာတော့မလိုပါဘူး။ ဖြစ်တည်မှုတွေကို ငြင်းပယ်ပြီးတော့ နေထိုင်လို့လည်း မထူးပါဘူး။ တကယ်တော့ အရာတွေက ခက်ခဲသွားပြီးဆိုတာ သဘာ၀ကျကျ လက်ခံဖို့သာလိုတယ်။ ခံယူချက်ပြင်းမှု၊ ဖန်တီးမှုအား ကောင်းခြင်းနဲ့ အရာတွေကို မတူကွဲပြား စွာလုပ်ဆောင်ခြင်းတွေဟာ ဒီလိုဖိအားတွေကို လျှော့ချနိုင် စေတဲ့နည်းလမ်း တွေဖြစ်တယ်။

(က) ကိုယ်ပိုင်ထောက်ခံသူဖြစ်စေခြင်း။

သင်ဟာ သင့်ရဲ့ ကိုယ်ပိုင်ထောက်ခံသူ ဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သင့်အနေနဲ့ မသန်စွမ်းမှု၊ အလုပ်ခွင်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ထိ ခက်ခဲလဲ ဆိုတာကိုသိတဲ့သူတစ်ယောက်ဖြစ်လို့ပါ။ ဗဟုသုတဟာ စွမ်းအင်ပါ။ ဒါကြောင့် သင့်ရဲ့အခွင့်အရေးတွေနဲ့ လက်လှမ်းမီတဲ့ ရင်းမြစ်တွေ နဲ့ ပတ်သက်ပြီး မိမိကိုယ်ကို ပညာပေးမှုလုပ်ပါ။ ဒီလိုသင်ယူလေ့လာ ထားပါကလည်း မိမိကိုယ်ကို ပိုမိုပြီးအားကိုးလာနိုင်ပါလိမ့်မယ်။

(ခ) မိမိလုပ်နိုင်တဲ့အရာတွေ အပေါ်အခွင့်ကောင်းယူတတ်ပါ။

မိမိအနေနဲ့ ပြောင်းလဲလို့မရတော့တဲ့ မပြည့်စုံမှုတွေ ရှိနေတဲ့အတွက်ကြောင့် လက်လှမ်းမီတဲ့ ခေတ်ပေါ်အကူ ပစ္စည်းကိရိယာတွေနဲ့ ကျင့်သားရပြီး ရင်ဘောင်တန်းသုံးစွဲနိုင်ခြင်းဖြင့် အခက်အခဲတွေကို ထိုက်သင့်သလောက် ရင်ဆိုင်ကျော်လွှားနိုင်ပါတယ်။ ဒါကြောင့် မိမိအတွက်လိုအပ်မယ့် အရာတွေကို သုံးပါ။ ဥပမာ ကိုယ်အင်္ဂါအတု၊ တုတ်ထောက်၊ဘီးတပ် ကုလားထိုင် စတဲ့ အရာတွေကို အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ မလိုလားအပ်တဲ့ ရှက်ကြောက်မှုတွေကို ဘေးဖယ်ထားသင့်တယ်။ ဒီပစ္စည်း အသုံးအဆောင်တွေကိုသုံးလို့ ဒီအတန်းစားဆိုပြီးတော့ တံဆိပ်ကပ်ပြီးမမြင်သင့်ပါဘူး။

(ဂ) ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ထားပြီး စိတ်ရှည်ပါ။

မပြည့်စုံမှု၊ မသန်စွမ်းမှုတွေက မိမိတို့ကို အကြောင်းအရာသစ်တွေကို သင်ယူစေအောင် တွန်းအား ပေးစေပါတယ်။ အရင်တတ်ကျွမ်းပြီးသား အရာတွေကိုလည်း အသစ်အဖြစ်ပြန်လည်သင်ယူသင့်ရင် သင်ရမှာဖြစ်တယ်။ တကယ်တော့ ဒီလိုနေထိုင်ရတာ စိတ်ရှုပ်စရာကောင်းပါတယ်။ အရာတွေ ကိုမြန်မြန်ဆန်ဆန် နဲ့ ပြီးမြောက်အောင်ကို လိုချင်ကြတာတော့ နားလည်နိုင်ပါတယ်။ သို့သော် မိမိရဲ့ အခြေအနေတွေကို နားလည်ဖို့တော့လိုတယ်။ အရမ်းတွန်းအားတွေ ပေးပြန်ရင်လည်း မိမိအတွက်ပဲ အကျိုးယုတ်စေပါတယ်။ ဒါကြောင့် စိတ်ရှည်ပါ။ တစ်လှမ်းခြင်း သွားနေခြင်းကလည်း အရေးပါလှ တယ်။ နောက်ဆုံးတော့လည်း ကိုယ်လိုချင်တဲ့ပန်းတိုင်ဆီ ရောက်သွားမှာပါ။

၄။ အကူညီနဲ့ ထောက်ပံ့မှုတွေကိုတောင်းခံခြင်း

ဒီလိုမပြည့်စုံမှုနဲ့ နေထိုင်နေရတဲ့အချိန်မှာ အထင်အမြင်လွဲမှားမှုနဲ့ အထီးကျန်မှုဖြစ်ကြပါတယ်။ လူတွေနဲ့ အပေါင်းအသင်းလုပ်ဖို့ တွန့်ဆုတ်နေမိမယ်။ သို့သော် ထိုသို့ ပေါင်းသင်းဆက်ဆံခြင်းဖြင့် မိမိရဲ့ စိတ်ခံစားမှုနဲ့ အတွေးအမြင်တွေကို ပြောင်းလဲသွားစေနိုင်တယ်ဆိုတာ သတိရပါ။

၄.၁။ အကူညီတောင်းခံခြင်း နည်းလမ်းများ

(က)ပေါင်းသင်းဆက်ဆံမှုကို အားပေးအားမြောက်ပြုပါ။

ဒီလိုအချိန်မှာတော့ လူတွေနဲ့ ချိတ်ဆက်ရမယ့်အချိန်ပိုဖြစ်လို့နေပါပြီး။ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေ၊ မိဘဆွေမျိုးတွေနဲ့ ဆက်သွယ်ခြင်းဖြင့် မျှော်လင့်ချက်တွေရှိလာမယ်၊ ကျန်းမာလာမယ် ပြီးရင်လည်း အတွေးအမြင်တွေကောင်းမွန်လာမယ်။ တစ်ချို့ အချိန်တွေမှာတော့ ရင်ဖွင့်ရမယ့်လူလိုတယ်။ တကယ် တော့ ဒီလိုပေါင်းသင်းချိတ်ဆက်မှုနဲ့ ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကို လျှော့မတွက်နဲ့၊ လက်လွတ် လည်းမခံပါနဲ့။

(ခ) မသန်စွမ်းသူတွေနဲ့ချိတ်ဆက်ပါ။

ဒီလိုအထီးကျန်ပြီး သီးခြားနေရတဲ့ဘ၀ကို ကျော်လွှားဖို့ဆိုရင် မိမိလိုခံစားနေရတဲ့ အသိုင်းအ၀ိုင်းနဲ့ ပူးပေါင်းချိတ်ဆက်ဖို့ လိုပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် သင်ဟာ တစ်ယောက်တည်းမဟုတ် ဘူးဆိုတာကိုသိလာမယ်။ ထိုသို့ ထင်မြင်လာဖို့တော့
အချိန်အတိုင်းအတာတစ်ခုထိလိုပါတယ်။ အသင်းအဖွဲ့နဲ့ လုပ်ဆောင်ရလို့ အကြံကောင်းဥာဏ်ကောင်း တွေရလာမယ်၊ မိမိရဲ့ အခက်အခဲတွေကို မျှ​ဝေနိုင်မယ်၊ ပြဿနာတွေကို ဖြေရှင်းလာနိုင်မယ်။

(ဂ) အကူညီလိုအပ်တာ မိမိအားနည်းမှုကြောင့်မဟုတ်ပါ။

အကူညီတောင်းခံတာဟာ ရှက်စရာမဟုတ်ပါ။ ဒီလိုမဟုတ်ပဲ ရှောင်ပယ်နေရင် မိမိအတွက်စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာမှာ တိုးတက်မှုနှေးကွေးပြီး ထိခိုက်လာနိုင်မယ်။ ထိုသို့အကူအညီ တောင်းခံလိုက်လို့ လူတွေသနားအောင်လုပ်နေပါတယ် ဆိုတဲ့စိတ်မထားပါနဲ့။ မိမိအပေါ်ကူညီချင်တဲ့လူတွေရဲ့ အကူအညီ ကိုရယူပါ။ ဒါမှလည်း သင့်အတွက်အကျိုးရှိပြီး
ကူညီပေးမယ့်လူအတွက်လည်း ၀မ်းသာပီတိ ဖြစ်စေ မှာပါ။

(ဃ) စိတ်ကျန်းမာရေးဆရာ၀န်တွေနဲ့ ဆွေးနွေးပါ။

မိမိစိတ်တွင်းခံစားနေရတဲ့ အရာတွေကို ဖွင့်ပြောပြဖို့လူရှိပါက အလွန်မှ အပြောင်းအလဲဖြစ်စေ နိုင်ပါတယ်။ ခင်မင်ရင်းနှီးရတဲ့ လူတွေကိုလည်း ဖွင့်ပြောနိုင်ပါတယ်။ ဒါ့အပြင် စိတ်ကျန်းမာရေး ဆရာ၀န် တွေနဲ့လည်း ဆွေးနွေးတိုင်ပင်လို့ရပါတယ်။ ထိုသို့ သော တိုင်ပင်ဖော် တိုင်ပင်ဖက်ကောင်းတဲ့ ဆရာ၀န် များ နဲ့တွေ့ပါက ကြုံတွေ့နေရတဲ့ အခက်အခဲများ နဲ့ ပူဆွေးသောကများကို
ရင်ဆိုင်ကျော်လွှား စေနိုင်ပြီးမိမိရဲ့ အတွေးအမြင်များ ကိုလည်းအပေါင်းလက္ခဏာ ဆောင်စေကာ အခြေအနေများကို လက်တွေ့ကျကျရှုမြင်စေနိုင်မှာ ဖြစ်တယ်။

၅။ အကျိုးရှိတဲ့ အရာတွေကိုလုပ်ကိုင်နိုင်ခြင်း။

မပြည့်စုံမှုနဲ့ နေထိုင်ရတဲ့ဘ၀မှာ မိမိရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတွေကို တစ်နည်းတစ်ဖုံ နုတ်ယူသွားစေပါတယ်။ ဒီလိုနဲ့ မိမိအပေါ် မိမိမေးခွန်းများ ၀င်လာပါတယ်။ မိမိဟာ ဘယ်သူလဲ၊ မိမိရဲ့တန်ဖိုးတွေကဘာတွေလဲ လူ့ပတ်၀န်းကျင်မှာရော ၀င်ဆန့်နိုင်မှု ရှိပါ့တော့မလား စတဲ့မေးခွန်းတွေနဲ့ ပြည့်နှက် နေနိုင်ပါတယ်။ အရင်က မိမိလုပ်နိုင်ခဲ့တဲ့အရာတွေ အခုမှမလုပ်နိုင်တော့လို့ အသုံးမကျ သလိုခံ စားရနိုင်တယ်။ ဒါကြောင့် ကိုယ့်အတွက်အသစ်အဆန်းဖြစ်တဲ့ လုပ်နိုင်တဲ့အရာတွေ လုပ်ပြီး စိတ်ခံစားမှု ကောင်းစေတဲ့ အားပေးအားမြောက်ဖြစ်စေတဲ့ အရာတွေကိုလုပ်စေချင်တယ်။

(က)စေတနာ့၀န်ထမ်းလုပ်ခြင်း

တတ်နိုင်သမျှ အများအကျိုးနဲ့ ဆိုင်တဲ့အလုပ်တွေကို လုပ်ပေးခြင်းဖြင့် မိမိအတွက်လည်း အကျိုးရှိစေပြီး ပြောင်းလဲမှုများကို လုပ်ဆောင်ရလို့ ကျေနပ်နေပါတယ်။ ကိုယ့်အတွက် ကန့်သတ်မှုများ ရှိနေသော်လည်း တတ်နိုင်တဲ့ဘက်က ကူညီနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်နိုင်တဲ့ လုပ်ချင်တဲ့ အရာကိုရှာပြီး ပူးပေါင်း ပါ၀င်ကူညီနိုင်တယ်။ ဒီလို အလုပ်တွေက အများကြီးရှိပါတယ်။ တစ်ချို့ဆို အိမ်က နေလုပ်လို့ရပါတယ်။

(ခ) ပျော်ရွှင်စေမယ့်၀ါသနာအသစ်၊ အလုပ်အသစ်ကို ဖန်တီးပါ

ဒီလိုမသန်စွမ်းမှုကြောင့် ယခင်ကလုပ်ဆောင်နိုင်ခဲ့တဲ့ အရာတွေကို ပြန်လုပ်ရင်ပိုမိုခက်ခဲ စေပါလိမ့်မယ်။ သို့သော် အမြဲမပြတ် လုပ်ဆောင်ခြင်းက စိတ်ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။ ဒါကြောင့် အရင်က လုပ်ခဲ့ဖူးတဲ့ ကစားနည်းတွေကို လုပ်နိုင်တဲ့နေရာကနေပါ၀င်ခြင်း (သို့) အသစ်အဆန်းသော လုပ်နိုင်တဲ့ အလုပ်၊ ကစားနည်းတွေကို ဖန်တီး လုပ်ဆောင်ပါ။

(ဂ) မိမိကိုကူညီခဲ့တဲ့လူတွေကို နိုင်သလောက်ပြန်ကူညီပါ။

ကိုယ်က အခြားလူတွေဆီက အမြဲအကူအညီတောင်းခံနေရလို့ စိတ်မပျက်ပါနဲ့။ ဒါကဖြစ်နေကြပါပဲ။ ဒါပေမယ့် မိမိအနေနဲ့ တတ်နိုင်တဲ့ဘက်က ပြန်လည်ကူညီနိုင်ရင်တော့ အကောင်းဆုံးပါ။ ဥပမာ ကိုယ်က နည်းပညာ ကျွမ်းကျင်သူဆိုရင် အခက်အခဲဖြစ်တဲ့ မိသားစု၀င်တွေကို ပြန်ကူညီနိုင်မယ်။ နောက်ပြီး ကိုယ်ကလူတွေအကူအညီ လိုအပ်တဲ့အချိန်အနားမှာ နားထောင်ပေးနိုင်တဲ့ လူတစ်ယောက်ဖြစ်နိုင်တယ်။ ကျေးဇူးတင်ကြောင်း၊ ၀မ်းသာကြောင်းဆိုတဲ့ စကားလုံးလေးတွေက အစပြန်လည်ပြောဆိုပြီး ကူညီနိုင်တယ်။

(ဃ) အိမ်မွေးတိရိစ္ဆာန်တွေကို ပြုစုစောင့်ရှောက်ပါ

ထိုအိမ်မွေးတိရိစ္ဆာန်တွေကို မိမိတတ်နိုင်သလောက် စောင့်ရှောက်ပေးပါက စိတ်တွင်းလိုအပ်နေတဲ့ လူတစ်ယောက်လို ခံစားမှုမျိုးရရှိစေပါမယ်။ သူတို့လေးတွေက လူတွေလိုတော့ အဖော်ပြုမနိုင်ပေမယ့် ပျော်စရာတွေ၊ အထီးကျန်မှု ကင်း​ဝေးမှုနဲ့ ချစ်စရာတွေကိုတော့ သယ်ဆောင်ပေးနိုင်ပါတယ်။ ထိုသို့သော မိမိအိမ်တွင် အိမ်မွေးတိရိစ္ဆာန်များမရှိပါကလည်း နီးစပ်ရာ ဂေဟာများတွင် သွားရောက် ကူညီပေးနိုင်ပါ သေးတယ်။

၆။ ကျန်းမာရေးကို အထူးဂရုစိုက်တတ်ခြင်း

ကျန်းမာပျော်ရွှင်နေဖို့ ပုံမှန်လေ့ကျင့်ခန်း၊ ကျန်းမာရေးနဲ့ ညီညွတ်သောအစားအစာများ၊ ကောင်းမွန်သော အိပ်စက် အနားယူခြင်းနဲ့ စိတ်ညစ်စရာတွေကို ဖြေဖြောက် တတ်မှုတို့အလွန်လို အပ်ပါတယ်။

၆.၁။ လေ့ကျင့်ခန်းလုပ်ခြင်း

မိမိလုပ်နိုင်တဲ့ လေ့ကျင့်ခန်းကိုလုပ်နိုင်ပါတယ်။ ခန္ဓာကိုယ်အတွက်မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာကိုလည်း အကူအညီပေးစေပါတယ်။ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းက စိုးရိမ်ကြောင့်ကြမှုနဲ့ စိတ်ဓာတ် ကျမှုကိုလျှော့ချခြင်း၊ စိတ်ဖြေလျှော့နိုင်မှု နဲ့
ကောင်းမွန်သောအိပ်စက်အနားယူ မှုများကိုပေးစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကိုလည်း ကြံ့ခိုင်စေပြီး ခွန်အားများလည်း တိုးစေပါတယ်။

(က)အနည်းအကျဥ်းဖြင့်စပြီး ဆက်လက်လုပ်ဆောင်ပါ။

အရမ်းကြီး မနိုင်တဲ့ လေ့ကျင့်ခန်းမျိုးမလုပ်သင့်ပါ။ ဒီလိုနဲ့ သင့်အတွက် ထိခိုက်ဒဏ်ရာရနိုင်ကာ ပင်ပန်းပြီး ပြန်ဆက်မလုပ်ဖို့ တွန်းအားဖြစ်သွားလိမ့်မယ်။ ဒါကြောင့် အနည်းအကျဥ်းလေးကနေစပြီး ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ဆောင်နိုင်တဲ့ အရာတွေကိုလုပ်ပါ။

(ခ) ထိုးထွင်းတီထွင်တတ်တဲ့ လေ့ကျင့်ခန်းမျိုးကိုလုပ်ပါ

ကိုယ်မလုပ်နိုင်တဲ့ ကစားနည်း၊ လေ့ကျင့်ခန်းများကို မလုပ်ပဲ လုပ်နိုင်တဲ့ အရာများကိုလုပ်ဖို့လိုတယ်။ မည်သို့ပဲကန့်သတ်မှုတွေ ရှိနေပါစေ ထိုးထွင်းပြီး လုပ်နိုင်တဲ့ ဘက်ကလုပ်ဆောင်ဖို့လိုတယ်။

(ဂ)မိမိရဲ့ ခန္ဓာကိုယ်ကို နားထောင်ပါ

ကိုယ်လက်လေ့ကျင့်ခန်းက သင့်အတွက်နာကျင်စေပြီး ဆိုး၀ါးစေတဲ့အရာတော့ မဖြစ်သင့်ပါ။သင့်အ နေနဲ့ မူး​ဝေတာတို့၊ အသက်ရှုမ၀တာတို့၊ ရင်ဘတ်အောင့်တာတို့၊ အအေးပတ်ပြီး အသက်ရှု ကျပ်တာ တို့ ခံစားနေရရင် ချက်ချင်း လုပ်တာကိုရပ်ပြီး
ဆရာ၀န်နဲ့အမြန်ဆုံးတွေ့သင့်ပါတယ်။

(ဃ) အခြားလူများနဲ့ မနှိုင်းယှဥ်ပါနဲ့ (အရင်ကမိမိနဲ့လည်းမနှိုင်းယှဥ်ပါနဲ့)

အခြားသူများ လုပ်နိုင်သလိုမလုပ်နိုင်လို့ ဘာမှမဖြစ်ပါနဲ့။ ဒါ့အပြင် အရင်က သင်လုပ်နိုင်ခဲ့တဲ့အရာတွေနဲ့ ပြန်ပြီးတော့လည်းမနှိုင်းယှဥ်ပါနဲ့။ တကယ်တော့ မိမိရဲ့လုပ်နိုင်စွမ်းတွေကို ဒီနေ့နဲ့ မနေ့က ရလဒ်တွေကိုပဲကြည့်ပြီး တော့ ဆုံးဖြတ်ပါ။

၆.၂။ မိမိရဲ့ ခွန်အားနဲ့ တက်ကြွမှုအတွက် ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများစားပါ

အာဟာရရှိတဲ့အစားအစာ စားသုံးမှုက လူတိုင်းအတွက်လိုအပ်ပါတယ်။ မသန်စွမ်းသူတွေ အတွက်ပိုပြီးတော့ လိုအပ်ပါသေးတယ်။ အစားအသောက်ကောင်းမှ ခွန်အားများရရှိလာပြီး လိုချင်တဲ့ ရလဒ်တွေ ကိုရရှိနိုင်မယ်။ ဒီလိုအခြေအနေမှာ အစားအသောက်ဆင်ခြင်ဖို့က ခက်ပေမယ့် အနည်းနဲ့အများ လုပ်နိုင်ရင်တော့ ကျန်းမာရေးအတွက်အကောင်းဆုံးပါ။

(က) စားသုံးပြီးတိုင်း ရရှိလာတဲ့ခံစားမှုကို အာရုံစိုက်ပါ။

သင့်အနေနဲ့ ကျန်းမာပြီး အာဟာရရှိတဲ့ အစားအစာများကို စားသုံးပြီးတိုင် သိရှိလာနိုင်တာက ပိုမိုပြီး ခွန်းအားတွေရှိလာမယ် စိတ်ကျေနပ်မှုတွေကိုပေးလာမယ်။ တစ်ဖက်မှာလည်းအမြန်စာတွေစားပြီး တော့ စိတ်ခံစားမှုကောင်းတွေကို ရရှိမှာမဟုတ်ပါ။
ဒီလိုအပြောင်းအလဲတွေက သင့်အတွက် ကျန်းမာရေးနဲ့ ညီတဲ့ အစားအစာစားသုံးမှု အလေ့အထက မွေးမြူပေးနိုင်မှာဖြစ်တယ်။

(ခ) အရည်အသွေးကောင်းတဲ့ ပရိုတိမ်းဓာတ် ကိုစားသုံးပါ။

ကိုယ်ခံအားစနစ်ကောင်းစေဖို့ ပရိုတိမ်းဓာတ်တွေ ရရှိဖို့လိုပါတယ်။ သဘာ၀အတိုင်းစိုက်ပျိုးထားတဲ့ အသီးအရွက်များ၊ ငါး၊ ပဲအမျိုးမျိုး၊ သစ်ဥသစ်ဖုများကို များများစားသုံးဖို့လိုပါတယ်။

(ဂ) အချိုစားသုံးမှုလျှော့ချပါ။

အချိုဓာတ်လွန်ကဲတဲ့ အစားအသောက်တွေက စိတ်ကျေနပ်မှုပေးပေမယ့် တကယ်တမ်းတော့ ကိုယ်ရောစိတ်ပါ ကျန်းမာမှုကို ပေးစေမှာမဟုတ်ပါ။ ဒါကြောင့်ထိုအစားအစာများကို အတတ်နိုင်ဆုံး ရှောင်ပါ။

(ဃ) ရေများများသောက်ပါ။

လုံလောက်တဲ့အရေဓာတ်ရရှိမှ ခန္ဓာကိုယ် လုပ်ဆောင်မှုကောင်းမွန်မှာ ဖြစ်တယ်။ လူအချို့က အရေဓာတ် လုံလောက်စွာ မရရှိကြပါဘူး။ အရေဓာတ်ခမ်းခြောက်နေပါက စိတ်ခံစားမှုမကောင်းပါ။ ရေက သင့် ကိုယ်တွင်းက အဆိပ်အတောက် နဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။

၆.၃။ စိတ်ဖိစီးမှုစီမံခန့်ခွဲမှုကို ဦးစားပေးလုပ်ဆောင်ပါ။

စိတ်ဖိစီးမှုက လွန်စွာမှခက်ပြီး ကိုယ်တွင်းလုပ်ဆောင်မှုစနစ်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် စိတ်ဖြေဖြောက်မှု နည်းလမ်းများကို ရှာဖွေပြီး လေ့ကျင့်ပါ၊ သင့်တင်မျှတတဲ့ အလုပ်အကိုင် စနစ်ဖန်တီး ပါ၊ မည်သို့ကျန်းမာသန်စွမ်း အောင်နေထိုင်ရမလဲဆိုတာကို အရေးထားပါ။ နိဂုံးချုပ်မှာတော့ လူအချို့အတွက် မသန်စွမ်းမှုဟာ မိမိတို့နဲ့ မသက်ဆိုင်ဘူးလို့ ထင်တတ်ကြတယ်။ မသန်စွမ်းမှုများနဲ့ မွေးလာတဲ့လူတွေနဲ့သာ သက်ဆိုင်တယ်လို့ ထင်နေမိကြတယ်။ တကယ်တော့ လူစုံအရွယ်စုံ ကြုံဆုံကောင်းကြုံဆုံရနိုင်တဲ့ ကိစ္စဖြစ်လို့ ဗဟုသုတအဖြစ်သိရှိထား ရင်အကျိုးရှိစေ ပါတယ်။ စာရေးသူကိုယ်တိုင်လည်း မသန်စွမ်းမှုများနဲ့ မွေးဖွားခဲ့ရလို့ ဘ၀ကို ခက်ခဲစွာနဲ့ ဖြတ်ကျော်ခဲ့ရတယ်။ ဘ၀မှာ အရေးကြီးတာကတော့ မိမိတို့ဖြစ်တည်လာတဲ့အရာကိုလက်ခံပြီး

လုပ်စရာရှိတာကိုလုပ် ဆောင်ဖို့သာလိုအပ်ပါတယ်။ ဘ၀မှာ အကောင်းဆုံးနဲ့ အကျိုးရှိစွာဖြတ်သန်းနိုင်ပါစေ…။

Ref: Living Well with a Disability (helpguide.org)

TharHtoo ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top