COVID-19 ဖြစ်ပွားချိန်မှာ မွေးဖွားခဲ့တဲ့ အမြွှာကလေးတွေကို ကိုဗစ်နဲ့ ကိုရိုနာလို့ အမည်ပေး

6-4-2020-yyl-031.jpg

COVID-19 ဖြစ်ပွားမှုကြောင့် အိန္ဒိယနိုင်ငံမှာ Lockdown ချထားတာဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ စုံတွဲတစ်တွဲဟာ အမြွှာကလေးတွေကို မွေးဖွားခဲ့ပြီး Lockdown အတွင်းမှာ အခက်အခဲတွေကို ကျော်လွှားနိုင်မယ့် သင်္ကေတအဖြစ် အမြွှာကလေးတွေကို ကိုဗစ်နဲ့ ကိုရိုနာ လို့ အမည်ပေးခဲ့တယ်လို့ ထွက်ရှိလာတဲ့ သတင်းတွေအရ သိရပါတယ်။

ကိုဗစ်နဲ့ ကိုရိုနာတို့ကို အိန္ဒိယနိုင်ငံ၊ ရိုင်ပူမြို့ရဲ့ Doctor Bhim Rao Ambedkar Memorial Hospital မှာ မတ်လ ၂၇ ရက်နေ့အစောပိုင်းက မွေးဖွားခဲ့တာဖြစ်ပါတယ်။ မိဘတွေဖြစ်တဲ့ ဗီနေ နဲ့ပရီတီတို့က သူတို့ရဲ့မွေးဖွားမှုကို ပိုပြီးအမှတ်ရစေဖို့နဲ့ ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှုတွေကို သက်သာသွားစေဖို့ သူတို့ရဲ့ကလေးတွေကို ဒီနာမည်တွေပေးဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကလေးတွေရဲ့နာမည်တွေကို ပြန်ပြင်ပေးရင်ပေးမယ်လို့လည်း ပြောခဲ့ပါသေးတယ်။ “ကျွန်မတို့ ကလေးတွေကို ကိုဗစ် (ယောက်ျားလေး) နဲ့ ကိုရိုနာ (မိန်းကလေး) လို့ အမည်ပေးပြီးပါပြီ” လို့မိခင် ပရီတီက ပြောပါတယ်။

အမြွှာမောင်နှမ ကိုဗစ်နဲ့ ကိုရိုနာတို့က အိန္ဒိယနိုင်ငံမှာ သုံးပတ်တာ lockdown ချထားတဲ့အချိန်အတွင်းမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မိခင် ပရီတီက မတ်လ ၂၆ ရက်နေ့ ညသန်းခေါင်မှာ ဗိုက်နာလာခဲ့ပြီးခင်ပွန်းဖြစ်သူက အိန္ဒိယနိုင်ငံမှာ ကိုယ်ဝန်ဆောင်တွေအတွက် စီစဉ်ပေးထားတဲ့အရေးပေါ်ဝန်ဆောင်မှုကို ခေါ်ခဲ့ပါတယ်။ သူတို့စုံတွဲက Lockdown အတွင်းမှာ ဖြတ်သန်းသွားလာတာဖြစ်တဲ့အတွက် ရဲတွေရဲ့စစ်ဆေးမှုကိုလည်း ခံခဲ့ရပါတယ်။ ပရီတီရဲ့အခြေအနေကို မြင်ပြီး သွားခွင့်ပေးခဲ့ကြပါတယ်။ “ညသန်းခေါင်ကျမှ ဆေးရုံကို ရောက်သွားတဲ့အတွက် ဘာဖြစ်ဦးမလဲလို့ စိုးရိမ်နေခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ ဆရာဝန်တွေနဲ့အခြားဝန်ထမ်းတွေက အရမ်းပူပေါင်းဆောင်ရွက်ပေးကြပါတယ်” လို့ ပရီတီက ပြောပါတယ်။

ဆေးရုံရောက်ရှိခဲ့ပြီး (၄၅) မိနစ်အတွင်းမှာ အမြွှာလေးတွေကို မွေးဖွားခဲ့တာပါ။ သူတို့တွေက ပေါင်ချိန် (၂.၉) ကီလိုဂရမ်နဲ့ (၂.၇) ကီလိုဂရမ်ရှိကြပါတယ်။ ပရီတီရဲ့ဆွေမျိုးတွေ ဆေးရုံလာဖို့လည်း တော်တော်လေး ကြိုးစားခဲ့ရပါတယ်။ Lockdown အတွင်းမှာ ဘတ်စ်ကားတွေနဲ့ ရထားတွေ ရပ်နားထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဘာလို့ ကလေးတွေကို ကိုဗစ်နဲ့ ကိုရိုနာလို့ အမည်ပေးတာလဲလို့မေးတဲ့အခါမှာ “အခက်အခဲတွေ ရင်ဆိုင်နေရပြီးတဲ့နောက်မှာ မွေးဖွားခဲ့တဲ့အတွက် ကျွန်မနဲ့ အမျိုးသားက အမှတ်တရဖြစ်စေချင်ခဲ့ပါတယ်။ တကယ်တော့ ဗိုင်းရပ်စ်က အန္တရာယ်ရှိပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာပါ။

ဒါပေမဲ့ ဒီဖြစ်ပွားမှုက လူတွေကို လက်သန့်ဖို့နဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုတွေမှာ အာရုံစိုက်စေခဲ့ပြီး အခြားအလေ့အကျင့်ကောင်းတွေလည်း ဖြစ်လာစေပါတယ်။ ဒါကြောင့် ဒီနာမည်တွေ ပေးဖို့စဉ်းစားမိခဲ့ပါတယ်။ ဆေးရုံဝန်ထမ်းတွေကလည်း ကိုရိုနာနဲ့ ကိုဗစ်ကို စခေါ်ခဲ့တဲ့အတွက် သူတို့ကို ဒီနာမည်ပေးမယ်လို့ ဆုံးဖြတ်ခဲ့တာပါ” လို့ပရီတီက ပြောပါတယ်။

လက်ရှိ အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ (၄၃၁၄) ဦးနဲ့ သေဆုံးသူ (၁၁၈) ဦးရှိနေပြီဖြစ်ပါတယ်။

Ref: Dailymail “Twins born during virus lockdown in India are named Corona and Covid by parents who insist they are hoping to ‘ease the anxiety and fear associated with these words’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top