၈ နှစ်အရွယ်မှာ သာသနာ့ဘောင်ဝင်သွားတဲ့ အိန္ဒိယသန်းကြွယ် စိန်သူဋ္ဌေးရဲ့သမီး

23-1-2023-yyl-187.jpg

အိန္ဒိယသန်းကြွယ် စိန်သူဋ္ဌေးရဲ့ ၈ နှစ်အရွယ် သမီးလေးက စည်းစိမ်ဥစ္စာတွေကို စွန့်ပြီး သီလရှင်ဝတ်သွားတယ်။ ဒီဝမ်ရှီသန်ဂါဝီတို့ မိသားစုက ဂျိန်းဘာသာဝင်တွေပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က အိန္ဒိယမှာ အစပြုခဲ့တဲ့ ကမ္ဘာ့ရှေးအကျဆုံး ဘာသာတစ်ခု။ ကမ္ဘာပေါ်မှာ ဂျိန်းဘာသာဝင် ၄.၅ သန်းလောက် ရှိတယ်။ ဂျိန်းဘာသာဝင်တွေက ရုပ်ဝတ္တုကမ္ဘာကြီးကို ကျောခိုင်းစွန့်လွှတ်လေ့ရှိကြပေမဲ့ ဒီဝမ်ရှီသန်ဂါဝီလို ကလေးငယ်တစ်ယောက် သာသနာ့ဘောင်အပြီးဝင်သွားတာမျိုးက ဖြစ်ရိုးဖြစ်စဉ်မဟုတ်။

ဂျိန်းဘာသာမှာ တခြားဂိုဏ်းခွဲ ၃ ခုက အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ သာသန့ာဘောင် ဝင်တာကို ခွင့်မပြုပေမဲ့ ဒီဝမ်ရှီသန်ဝါဝီတို့ မိသားစု ကိုးကွယ်တဲ့ဂိုဏ်းကတော့ ခွင့်ပြုပါတယ်။ ဒီဝမ်ရှီသန်ဂါဝီဟာ လမ်းလျှောက်တတ်ခါစ အရွယ်ကတည်းက ဘာသာရေးလိုက်စားတယ်၊ တီဗီ မကြည့်ဘူး၊ တစ်နေ့ကို ၃ ကြိမ် ဝတ်ပြုတယ်၊ ၂ နှစ်အရွယ်ကတည်းက ဥပုသ်စောင့်လာခဲ့တာလို့ သူတို့မိသားစုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

သီလရှင်ဘဝ ရောက်ပြီးနောက်မှာတော့ ဒီဝမ်ရှီသန်ဂါဝီက ကား၊ ရထား အစရှိတဲ့ ယာဉ်တွေကို စီးခွင့်ရှိတော့မှာမဟုတ်ဘဲ လမ်းလျှောက်ပြီး ဆွမ်းခံထွက်ရမှာပါ။ မွန်းတည့်ချိန် ကျော်သွားရင် အစာစားခွင့်မရှိတော့ပါဘူး။ စောင့်ထိန်းရမယ့် ဝိနည်းတွေက တင်းကျပ်လို့ လူမမယ် ကလေးတစ်ယောက်ကို သာသနာ့ဘောင် သွတ်သွင်းတဲ့ ကိစ္စအပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

” သူက ကလေးပဲ ရှိသေးတာ။ ဒါတွေကို ဘယ်နားလည်ဦးမှာလဲ။ ၁၆ နှစ်မပြည့်သေးတဲ့ ကလေးတွေဆိုတာ ကောလိပ်မှာ ဘာမေဂျာ ယူရမှန်းတောင် သိတာမဟုတ်ဘူး။ ဘဝတစ်ခုလုံးနဲ့သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်မျိုးကို ဘယ်လို ချနိုင်စွမ်း ရှိမှာလဲ” လို့ မစ္စတာရှားက ပြောပါတယ်။ သူဟာ ဒီအခမ်းအနားမှာ ဖိတ်ကြားခံရပေမဲ့ ဘဝင်မကျဖြစ်မိလို့ မသွားခဲ့သူပါ။

မိဘတွေက ကလေးငယ်ရဲ့ အခွင့်အရေးကို ချိုးဖောက်ခဲ့တာဆိုတဲ့ ဝေဖန်မှုတွေလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံနေပါတယ်။ လူမမယ်ကလေးငယ်တွေ လူ့ဘောင်ကို စွန့်လွှတ်ရတဲ့ကိစ္စအတွက် အစိုးရက ကာကွယ်ပေးသင့်တယ်လို့ မစ္စတာရှားက ဆိုပါတယ်။ ဒါပေမဲ့ အိန္ဒိယအစိုးရကတော့ ဒီလိုကိစ္စမျိုးမှာ ကြားဝင်ဆောင်ရွက်ဖို့ မရှိပါဘူး။ ဒီဝမ်ရှီသန်ဂါဝီရဲ့ ကိစ္စက ထိလွယ်ရှလွယ် ဖြစ်လွန်းလို့ မှတ်ချက်မပေးချင်ဘူးလို့ ကလေးငယ်အခွင့်အရေး ကာကွယ်ရေးအမျိုးသားကော်မရှင် အကြီးအကဲ ကာနန်ဂိုက ပြောပါတယ်။

မွမ်ဘိုင်းတက္ကသိုလ်မှာ ဂျိမ်းဘာသာရေးဒသန ပို့ချသူ ဒေါက်တာဘီပင်ဒိုရှီကတော့ ဥပဒေရေးရာ စည်းမျဉ်းတွေကို ဘာသာရေးလောကမှာ ကျင့်သုံးလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။


Ref: Eight-year-old Indian diamond heiress who became a nun

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top