ဖုန်းဆိုင်ကနေ ဖုန်းတွေယူပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ ဆိုင်ရဲ့တံခါးဖွင့်မရဖြစ်ခဲ့ရတဲ့ အမျိုးသားတစ်ဦးရဲ့အဖြစ်

7-12-2022-yyl-08.jpg

လူငယ်အမျိုးသားတစ်ဦးက ဖုန်းဆိုင်တစ်ခုကနေ ပေါင် ၁၆၀၀ တန်ကြေးရှိတဲ့ ဖုန်း (၂) လုံးကို ယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ဆိုင်ရဲ့တံခါးဖွင့်မရတာကြောင့် ထွက်ပြေးလို့မရဖြစ်ခဲ့ရပါတယ်။ အဲဒီဖုန်းသူခိုးဟာ အင်္ဂလန်နိုင်ငံ၊ ဒူးစ်ဘာရီမြို့လေးက Phone Market ဖုန်းဆိုင်ကနေ ဖုန်းဝယ်ချင်ယောင်ဆောင်ပြီး ဖုန်း (၂) လုံးကို ယူပြေးဖို့ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ဆိုင်ဝန်ထမ်းဟာ သူ ဆိုင်ထဲကို ဝင်လာခဲ့ပြီးတဲ့နောက်မှာ အဝေးထိန်းခလုတ်နဲ့ ဆိုင်တံခါးကို သော့ခတ်လိုက်တာပါ။

သူခိုးက သူ ထွက်ပြေးလို့မရမှန်းသိခဲ့ပြီးတဲ့နောက် ဆဲဆိုရင်းနဲ့ ဖုန်းတွေကို ပြန်ပေးခဲ့တယ်လို့ ဆိုင်ဝန်ထမ်းက ပြောပါတယ်။ အဲဒီလူ အကြမ်းဖက်လာမှာဆိုးတာ‌ကြောင့်ရော ဆိုင်ကို ပျက်စီးသွားစေမှာဆိုးတာကြောင့်ပါ သူ့ကို ဖမ်းဆီးအရေးယူတာတွေမလုပ်ဘဲ ဒီအတိုင်းလွှတ်ပေးခဲ့ပါတယ်။

ဆိုင်ပိုင်ရှင် အက်ဖ်ဇယ် အာဒမ်ဟာ သူ့ရဲ့ဝန်ထမ်းတွေ ဖုန်းကောင်တာကနေ အဝေးထိန်းခလုတ်နဲ့ သူ့ဆိုင်ရဲ့တံခါးကို သော့ခတ်လို့ရစေမယ့် စက်ကိရိယာတစ်ခုကို ပေါင် ၂၅၀ ပေးပြီး ၂၀၂၀ ခုနှစ်က တပ်ဆင်ထားခဲ့တာပါ။ “ဆိုင်လာတဲ့သူတွေက Mask တွေ၊ ခေါင်းစွပ်တွေနဲ့ လာကြတဲ့အတွက် တစ်စုံတစ်ယောက်က ကျွန်တော့်ဆိုင်ကနေ ပစ္စည်းခိုးသွားခဲ့တယ်ဆိုရင် ဘယ်သူဆိုတာကို ဖော်ထုတ်လို့မရမှာ ကျွန်တော်စိုးရိမ်မိခဲ့တယ်။ ဒါကြောင့် အဲဒီစက်ကိရိယာကို တပ်ဆင်ခဲ့တာပါ။ အခြားဒေသတွင်းဆိုင်ပိုင်ရှင်တွေက သူတို့လည်း အဲဒါမျိုးလိုချင်တဲ့အတွက် ဘယ်လို စက်ကိရိယာလဲဆိုတာ လာပြီးမေးကြတယ်”လို့ အက်ဖ်ဇယ်က ပြောပါတယ်။

အက်ဖ်ဇယ်က Phone Market ကို ဖွင့်ခဲ့တာ ၂၄ နှစ်ကြာပါပြီ။ အရင်က ဒီလိုအဖြစ်အပျက်မျိုး မကြုံခဲ့ဖူးပါဘူး။ အက်ဖ်ဇယ်က ဖုန်းယူပြေးတဲ့အမျိုးသားဘယ်သူဆိုတာ သိစေဖို့အတွက် စီစီတီဗီဗီဒီယိုကို မိသားစု Whatsapp ဂရုထဲ ‌ပို့ခဲ့တာပါ။ အဲဒီကနေ ဖေ့စ်ဘွတ်ဖ်ပေါ် ရောက်သွားပြီးနောက် ချက်ချင်းဆိုသလိုပဲ ပျံ့နှံ့သွားခဲ့ပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေရဲ့မှတ်ချက်တွေမှာ ၉၉.၉၉ ရာခိုင်နှုန်းလောက် အကောင်းပြောထားတာတွေပါ။ ဖုန်းခိုးယူတဲ့သူကို ဘာမှမလုပ်ဘဲ လွှတ်ပေးခဲ့တဲ့အတွက် ချီးကျူးစကားဆိုကြသလို အဲဒီလူကို ဘာကြောင့် မရိုက်နှက်လိုက်တာလဲလို့လည်း မေးကြတယ်လို့ အက်ဖ်ဇယ်က ပြောပါတယ်။ “ရိုက်နှက်တာမျိုးတွေ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ လူသားဆန်မှုက ဘာလဲဆိုတာ လူတွေကို ကျွန်တော်ပြခဲ့ရုံပါပဲ။ ကျွန်တော်တို့ ရိုက်နှက်တာတွေလုပ်ခဲ့မယ်ဆိုရင် အဲဒါထက်ပိုတဲ့ ဇာတ်လမ်းတွေရှိလာမယ်။ အကြမ်းဖက်မှုရဲ့နောက်ထပ်ဇာတ်လမ်းတစ်ခုဖြစ်လာလိမ့်မယ်”လို့ အက်ဖ်ဇယ်က ဆိုပါတယ်။

Video ကြည့်ရှုရန်

Ref: Bungling thief tried to steal £1,600 worth of mobile phones – but the door was locked behind him

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top