ကီလိုမီတာ ၁၀၀ ကျော်ခရီးနှင်ကာ စွန့်ပစ်သွားတဲ့သခင်ကို လိုက်ပြီးလက်စားချေခဲ့တဲ့ ခွေး

perro.jpg

စန်တီယာဂို မာတီနက်ဇ် ( Santiago Martinez ) ဆိုသူက နှစ်စဉ်နှစ်တိုင်း အယ်ဘူကာကီးမြို့ (Albuquerque) ကို သူ့ရဲ့Golden Retriever ခွေးလေးနဲ့အတူ အားလပ်ရက်အပန်းဖြေခရီးထွက်နေကျပါ။ ဒါပေမဲ့ ဒီနှစ်မှာ ခေါ်သွားနေကျဖြစ်တဲ့ သူ့ရဲ့ခွေးလေးကို လမ်းတစ်ဝက်မှာပဲ ထားပစ်ခဲ့တော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အကြောင်းကတော့

သူသွားမယ့်နေရာတိုင်း ဒီခွေးလေးကို ခေါ်သွားနေရမယ်ဆိုရင် အလုပ်ရှုပ်တယ်လို့ထင်တာကြောင့် ဓာတ်ဆီဆိုင်တစ်ဆိုင်ကိုရောက်တဲ့အခါ ချန်ရစ်ထားခဲ့ပါတယ်။

ဒီလိုထားခဲ့ပြီး ၉ ရက် ကြာပြီးနောက်မှာ သခင်ဖြစ်သူ စန်တီယာဂို ထင်မထားလောက်မယ့်ကိစ္စတစ်ခုကို ခွေးလေးက ပြုမူခဲ့ပါတယ်။ စန်တီယာဂို အပန်းဖြေနေတဲ့ ကမ်းခြေကို ရောက်အောင်လိုက်လာပြီး သူ့သခင်ကို ရှာပုံတော်ဖွင့်ခဲ့တာပါ။ ခွေးလေးကို ပြန်တွေ့လိုက်ရတဲ့အခါ စန်တီယာဂိုက သူ့အမှားအတွက် နောင်တရပြီး သစ္စာရှိတဲ့ခွေးလေးကို ပွေ့ဖက်ဖို့ ပြေးသွားခဲ့ပါတယ်။

ဒါပေမဲ့ ခွေးလေးကတော့ စွန့်ပစ်ခံခဲ့ရတဲ့အတွက် ဒေါသထွက်နေပုံပါပဲ။ အနီးအနားက မျက်မြင်သက်သေတွေပြောပြပုံအရ စန်တီယာဂိုရဲ့ လက်မောင်းကို ခွေးက အားရပါးရကိုက်ခဲ့ပြီး အမှတ်မထင်ခံလိုက်ရတာကြောင့် စန်တီယာဂိုတစ်ယောက် နာကျင်စွာ အော်နေခဲ့ရတယ်လို့ ဆိုပါတယ်။

သခင်ကို ကိုက်ပြီးတာနဲ့ ခွေးလေးဟာ တခြားတစ်နေရာဆီ ချာခနဲ လှည့်ထွက်သွားပြီး အလေအလွင့်ခွေးတစ်ကောင်သခင်ရှာနေတဲ့ပုံလို လျှောက်သွားနေခဲ့ပါတယ်။ မိသားစုတစ်စုက ဒီခွေးလေးကို မြင်သွားပြီး မွေးဖို့ ခေါ်သွားခဲ့ကြပါတယ်။ ဒီမိသားစုဟာ ခွေးလေးရဲ့ ဇာတ်ကြောင်းကို သေချာမသိပေမဲ့ သခင်ဟောင်း စန်တီယာဂိုကတော့ ခွေးကိုက်တဲ့အနာကျက်အောင် တော်တော်လေး ကုယူလိုက်ရတာ ဖြစ်ပါတယ်။

Ref: thereisnews.com “Dog travels more than 100 km to bite its owner after being abandoned”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top