ပညာရေးကောလိပ်ကျောင်းသားတွေရဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှု ရန်ကုန်မြို့ကို ရောက်လာ

teacher03.jpg

မြန်မာနိုင်ငံမှာရှိတဲ့ ပညာရေးကောလိပ်တွေမှာ တစ်ရက်ကို နှစ်ကျောင်းနှုန်းနဲ့ ပြုလုပ်နေတဲ့ ပညာရေး ကောလိပ်ကျောင်းသားတွေရဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုဟာ သြဂုတ် ၂၁ ရက်မှာတော့ ရန်ကုန်မြို့၊ ရန်ကင်းပညာရေး ကောလိပ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုမှာ ပညာရေးကောလိပ်ကျောင်းသား၊ ကျောင်းသူတွေကို လက်ကမ်းစာစောင်ဖြန့်ဝေတာတွေ၊ ဖဲကြိုးစိမ်းရင်ထိုးတပ်ဆင်ပေးတာတွေ ပါဝင်တာဖြစ်ပြီး ရန်ကင်းပညာရေးကောလိပ်နဲ့အတူ မြစ်ကြီးနားမှာရှိတဲ့ ပညာရေးကောလိပ်မှာလည်း တပြိုင်တည်း လှုပ်ရှားခဲ့ပါတယ်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်ရတဲ့အဓိကရည်ရွယ်ချက်တွေကတော့ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်တဲ့ B.A(Edu;), B.Sc(Edu;) သင်တန်းတွေနဲ့ပတ်သက်ပြီး တိကျတဲ့မူဝါဒတွေကို ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးဖို့နဲ့ အဝေးသင်တက်ရောက်ရာမှာ လုံလောက်တဲ့ခွင့်ရရှိဖို့အတွက် ဖြစ်ပါတယ်။
”ပညာရေးကောလိပ်ဆင်းတွေ သောင်းချီရှိတယ်ဗျ။ အဲဒီသောင်းချီထဲက လူဘယ်နှစ်ယောက်ခေါ်မှာလဲ၊ ဘယ်လိုအရည်အချင်းတွေနဲ့ ကန့်သတ်ပြီးခေါ်မှာလဲ၊ ဒါတွေကို ပွင့်လင်းစွာ ထုတ်ပြန်ပေးထားတာ မရှိသေးဘူး”လို့ ရန်ကင်းပညာရေးကောလိပ်ကျောင်းသားသမဂ္ဂရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသူရစိုးက ပြောပါတယ်။
ဒါ့အပြင် အဝေးသင်တက်ရောက်ဖို့အတွက် တရားဝင်ခွင့်ပြုထားတဲ့ ခွင့် ၁၇ ရက်က မလုံလောက်တဲ့အပြင် တစ်ရက်ကျော်ရင် တစ်ရက်စာ လစာဖြတ်တောက်တာတွေလည်း ရှိနေတဲ့အတွက် ခွင့်ရက်တစ်လ သို့မဟုတ် တစ်လခွဲ သတ်မှတ်ပေးဖို့ကိုလည်း ဒီလှုပ်ရှားမှုကနေ တောင်းဆိုထားပါတယ်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေကို သက်ဆိုင်ရာပညာရေးကောလိပ်ကျောင်းသားသမဂ္ဂတွေကနေ ဦးဆောင် ပြုလုပ်နေတာဖြစ်ပါတယ်။ အခုလိုလှုပ်ရှားမှုပြုလုပ်တာကို ပညာရေးဝန်ကြီးဌာနဘက်က တစ်စုံတစ်ရာ ပြန်ပြီး မတုန့်ပြန်ဘူးဆိုရင် ဆန္ဒထုတ်ဖော်သွားဖို့အထိ ရည်ရွယ်ထားကြပါတယ်။
ဒီလှုပ်ရှားမှုကို သြဂုတ် ၁၉ ရက်က မန္တလေးနဲ့ မုံရွာမြို့တွေမှာရှိတဲ့ ပညာရေးကောလိပ်တွေကနေစခဲ့တာ ဖြစ်ပြီး သြဂုတ် ၂၃ ရက်အထိ ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။
ဖဲကြိုးစိမ်းကို ပညာရေးလှုပ်ရှားမှုတွေမှာ အသုံးပြုကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပညာရေးကောလိပ် ကျောင်း ၂၄ ကျောင်းရှိပါတယ်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top