အမေရိကန်-အီရန် ပဋိပက္ခဖြစ်လာရင် ဘယ်ဘက်ကမှ ရပ်တည်မှာမဟုတ်ဘူးလို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ပြော

yyl-003-2.jpg

အမေရိကန်နဲ့ အီရန်နိုင်ငံကြား ပဋိပက္ခဖြစ်လာရင် ဘယ်ဘက်ကမှ ရပ်တည်မှာမဟုတ်ဘူးလို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီကို အမေရိကန်နိုင်ငံက လုပ်ကြံခဲ့ပြီးနောက် တင်းမာမှုမြင့်တက်လာလို့ အီရန်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပါကစ္စတန်နိုင်ငံအတွက် ထိလွယ်ရှလွယ်တဲ့ အခြေအနေဖြစ်နေပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ လူများစုက ဆွန်နီမွတ်စလင်တွေဖြစ်ပေမဲ့ လူနည်းစုဖြစ်တဲ့ ရှီအာမွတ်စလင် အရေအတွက်ကလည်း တော်တော်များပါတယ်။ အဲဒီအတွက် ဒေသတွင်း ပဋိပက္ခဖြစ်လာရင် ရှောင်လွှဲနိုင်ဖို့ ပါကစ္စတန်နိုင်ငံက လိုလားနေပါတယ်။ ပါကစ္စတန်နိုင်ငံဟာ အီရန်နိုင်ငံရဲ့ ရန်သူတော်ဖြစ်တဲ့ ဆော်ဒီနိုင်ငံနဲ့ မဟာမိတ်ဖွဲ့ထားပေမဲ့ အီရန်နိုင်ငံနဲ့လည်း နယ်စပ်ချင်းထိစပ်မှုရှည်လျားပြီး ရှုပ်ထွေးတဲ့ ဆက်ဆံရေးရှိနေပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အီရန်နိုင်ငံနဲ့ သွေးစည်းညီညွတ်မှုရှိတယ်ဆိုတာ ပြသနိုင်ဖို့ ပါကစ္စတန်နိုင်ငံ မြို့အများအပြားမှာရှိတဲ့ ရှီအာမွတ်စလင်တွေက ချီတက်ခဲ့ကြပါတယ်။

”တခြားနိုင်ငံတစ်ခုခုကို ဆန့်ကျင်တိုက်ခိုက်ဖို့ ပါကစ္စတန်မြေကို အသုံးချခံမှာမဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသား ပြောထားပါမယ်။ ဒေသတွင်းပဋိပက္ခမှာလည်း ပါကစ္စတန်နိုင်ငံ ဝင်ပါမှာမဟုတ်ပါ ဘူး။ ပါကစ္စတန်နိုင်ငံရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ တစ်ဖက်သတ်လုပ်ရပ် တစ်ခုခုကို ပါကစ္စတန်နိုင်ငံက အတည်ပြုမှာမဟုတ်ပါဘူး။ အရှေ့အလယ်ပိုင်း ဒေသမှာ ခန့်မှန်းမရတဲ့အခြေအနေမျိုး ဖြစ်ခဲ့ဖူးသလို အခုလက်ရှိလည်း အဲဒီလို ဖြစ်နေပါတယ်။ ဒီနေရာမှာ နောက်ထပ် စစ်အဖြစ်ခံလို့မရပါဘူး။ ကျွန်တော်တို့လည်း ဒီဒေသမှာ ပါဝင်နေတာဆိုတော့ စစ်မီးတောက်လောင်ရင်တော့ ပြေးမလွတ်ပါဘူး”လို့ ပါကစ္စတန်နိုင်ငံခြား ရေးဝန်ကြီး ကူရီရှီက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top