အသက်(၂၀) ကျော်အရွယ် လူငယ်ဘဝကို ဘယ်လိုပုံစံနဲ့ ရှင်သန်ဖြတ်သန်းကြမလဲ

8-7-2020-yyl-028.jpg

အသက် (၂၀) အရွယ်ဟာ လူငယ်တွေအတွက် အတော်ကို ဂွကျရတဲ့ အခက်ခဲဆုံး အသက်အရွယ်အပိုင်းအခြား ဖြစ်ပါတယ်။ ဂွကျရတဲ့အကြောင်းရင်းကတော့ ကိုယ်က ကလေးပီပီ ပေါ့ပေါ့ပါးပါးနေလို့ရတဲ့ ဆယ်ကျော်သက်အရွယ်ကိုလွန်လာရုံလေး

ကိုယ့်ဘဝကို ကိုယ်တိုင်ဖန်တီးဖို့ လောကဝန်းကျင်ကလည်း တောင်းဆိုလာတဲ့အချိန် မရင့်ကျက်သေးတဲ့စိတ်နဲ့ လုပ်ရ ကိုင်ရ ဆုံးဖြတ်ချက်ချရ အတော်လေး ဟန်မကျဖြစ်စေတဲ့ အချိန်ဖြစ်လို့ပါ။ ဒီလို အသက်အရွယ်ပိုင်းတွေအတွက် အထောက်အကူဖြစ်မယ့် အချက်တချို့ကို တင်ပြပေးချင်ပါတယ်။

အသည်းကွဲလည်း ကွဲပါ

အသည်းကတော့ကွဲမှာပဲ။ အချစ်စစ်ဆိုတာ ထီထိုးရသလိုပဲ။ ထီမပေါက်မချင်း အသည်းတွေက ကွဲနေရဦးမှာ သဘာဝပဲ။ ဒါက ပြဿနာမဟုတ်ပါဘူး။ ခံနိုင်ရည်ကို မြှင့်ပေးဖို့သာ အာရုံစူးစိုက်ပါ။ ကြုံစရာရှိတာ ကြုံလာတဲ့အချိန် ကောင်းတဲ့အရာတွေဆို ပျော်ရွှင်ကြည်နူးလိုက်သင့်သလို မကြုံချင်တဲ့အရာတွေကို လက်ခံရတဲ့အခါ အတွေ့အကြုံအဖြစ် သင်ယူတတ်လိုက်ဖို့သာလိုတာပါ။ အသည်းကွဲတယ်ဆိုတာ လူအတော်များများ ကြုံခဲ့ဖူးတဲ့အရာဖြစ်ပါတယ်။ ဘဝအတွေ့အကြုံရဲ့တစိတ်တပိုင်းပဲ ဖြစ်တယ်ဆိုတာ နှလုံးသွင်းထားပါ။ ကျော်လွှားဖြတ်သန်းနိင်ရုံနဲ့တင် တန်နေပါပြီ။ အသည်းကွဲလို့ပြီးရင် ရှေ့ကိုရဲရဲသာဆက်သွားပါတော့။

သူငယ်ချင်းတွေနဲ့ ကိုယ့်ကိုကိုယ် မနှိုင်းယှဉ်ပါနဲ့

အသက် ၂၀ ဆိုတဲ့ ကာလကိုကျော်ပြီး နားလည်သည်းခံနိုင်မှုကိုတည်ဆောက်ချိန်တစ်ခု ခိုင်မာပြီးမှသာ တကယ့်သူငယ်ချင်းအစစ်တွေဖြစ်လာနိုင်ပါလိမ့်မယ်။ တချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ထက် အလျင်အမြန်အောင်မြင်သွားလိမ့်မယ်။ သိထားရမှာက လူ့ဘဝက ပြိုင်ပွဲတစ်ခုဟုတ်ပါဘူး။ ကိုယ့်သူငယ်ချင်းတွေနဲ့ ပြိုင်နေစရာမလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ဟာ လားရာချင်းမတူပါဘူး။ ရည်ရွယ်ချက်ချင်းလည်းမတူပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်ဆိုမှတော့ ဘာမှကိုမတူပါဘူး။ ဒါကြောင့် နှိုင်းယှဉ်စရာလည်း အကြောင်းမရှိပါဘူး။ ကိုယ့်လေးနက်မှုကို ကိုယ်ရှာဖို့က ဖြည်းဖြည်းနဲ့ နှေးနှေးဆိုလည်း ပြဿနာမရှိပါဘူး။

ကိုယ့်ကိုကိုယ် ချစ်မြတ်နိုးတန်ဖိုးထားပါ

ပြစ်တင်ရှုတ်ချမှုနှုန်းတွေ မြန်ဆန်လွန်းတဲ့ ကမ္ဘာကြီးမှာ လူတွေဆီကနေ တံတွေးထွေးသလို ကဲ့ရဲ့သမုတ်စကားတစ်ခွန်း ပက်ကနဲ ထွက်လာဖို့က လွယ်လွယ်လေးပါ။ ကိုယ့်အရပ်က ပုနေလည်း ကိုယ့်ကိုကိုယ် ချစ်ပါ။ ကိုယ်က ဖက်တီးကြီးဖြစ်နေလည်း ကိုယ့်ကိုကိုယ် ချစ်ပါ။ ကိုယ့်ရဲ့အရာအားလုံးကို ကိုယ်တိုင်ချစ်ပါ။ ကိုယ့်ရဲ့အလှတရားကို ကိုယ်တိုင်ပဲ အဓိပ္ပါယ်ဖွင့်ဆိုပါ။ ဒါဟာကိုယ်မဟုတ်တဲ့ လူတွေနဲ့ လားလားမှ မဆိုင်တဲ့ တန်ဖိုးပါပဲ။ အိပ်ရေးဝဝအိပ်ပါ။ လေ့ကျင့်ခန်းကောင်းကောင်းလုပ်ပါ။ ကိုယ့်ကျန်းမာရေးကို မပျက်မကွက် ဂရုစိုက်ပါ။

အကြံဥာဏ်တွေကို နားထောင်ပါ

ကိုယ့်အတွက် စိတ်အားထက်သန်ပြီး ပေးလာတဲ့ အကြံဥာဏ်တိုင်းကို ဂရုစိုက်နားထောင်ပေးဖို့ တိုက်တွန်းပါရစေ။ လိုက်လံကျင့်သုံးဖို့မှာတော့ ကိုယ့်ရဲ့ရွေးချယ်စိစစ်မှုက အရေးကြီးပါတယ်။ ဒီလိုအရွယ်တွေအတွက် ကိုယ့်အနားမှာ အပေါများဆုံးက အကြံဥာဏ်တွေပဲဖြစ်နေပါလိမ့်မယ်။ ကိုယ့်အတွက်အကောင်းဆုံး၊ ကိုယ်အမြတ်နိုးရဆုံးက ဘာလဲဆိုတာတော့ ကိုယ့်ကိုယ်ကိုယ်သိပါစေ။ ကိုယ်တိုင်အဖြေထုတ်ရမှာပါ။

ဆိုရှယ်မီဒီယာပေါ်မှာ အိမ်မဆောက်ပါနဲ့

ဆိုရှယ်မီဒီယာက ဘဝမဟုတ်ဘူးလို့ လွဲမှားစွာကြွေးကြော်ဖို့တော့ မလိုပါဘူး။ ဒီဘက်ခေတ်မှာ ဆိုရှယ်မီဒီယာကို ဘဝတွေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် လက်ခံရတော့မှာပါ။ လူကြီးလူငယ်မဟူအတွက် သူ့ရဲ့ဆွဲဆောင်အားက ပြင်းလွန်းတာလည်း ငြင်းလို့မရပါဘူး။ အလွန်အကျွံ စွဲလမ်းငြိတွယ်သွားတာမျိုးကတော့ အတော်ဆိုးရွားတဲ့အခြေအနေပါ။ ဒီလိုမဖြစ်ရအောင် ထိန်းညှိတတ်ပါစေ။ အရွယ်နဲ့ အချိန်ကို တန်ဖိုးထားပါ။

စဉ်ဆက်မပြတ် သင်ယူလေ့လာနေပါ

တက္ကသိုလ်ပြီးလို့ ဘွဲ့ရပြီဆိုတာနဲ့ ဆက်ပြီးသင်ယူစရာမရှိတော့ဘူးလို့ မမှတ်ယူမိဖို့ လိုပါလိမ့်မယ်။ စဉ်ဆက်မပြတ် ဆက်ပြီး သင်ယူလေ့လာပါ။ ကိုယ်မသိသေးတဲ့ အသစ် အသစ်တွေကို သင်ယူပါ။ အသက်ရှင်နေရခြင်းကိုက အချိန်ပြည့်သင်ယူလေ့လာနေဖို့အတွက် အထူးအခွင့်အရေးဖြစ်ပါတယ်။ ကျောင်းစာသင်ခန်းရဲ့အပြင်ဘက်မှာလည်း သင်ယူဆည်းပူးစရာတွေဆိုတာ မကုန်နိုင်အောင်ကို များပြားလွန်းလှပါတယ်။

မိသားစုအတွက် အချိန်ပေးပါ

ငွေနောက်ကိုလိုက်ပြီး ငွေတွေမဲရှာနေရခြင်းဟာ မိသားစုအတွက် အချိန်ပေးဖို့ ပျက်ကွက်စေတတ်ပါတယ်။ မိသားစုကို ဘယ်တော့မှ မမေ့လျော့ပါနဲ့။ အထူးသဖြင့် ဘယ်လောက်အလုပ်များမာ်း ကိုယ့်မိသားစုအတွက် အချိန်ပေးပြီး ပျော်ရွှင်စရာတွေဖန်တီးဖို့ သတိရှိပေးပါ။ မိသားစုဆိုတာကို အမြဲသတိတရ ရှိပေးနေသင့်ပါတယ်။

အသက်မွေးဝမ်းကျောင်းအလုပ်

တက္ကသိုလ်တက်၊ ဘွဲ့ရပြီး ရတဲ့ဘွဲ့နဲ့ လုပ်ကိုင်စားသောက်ဖို့မှာတော့ အံလွဲနေတာမျိုးကလည်း ဖြစ်နိုင်ပါတယ်။ ဒါကို လူငယ်တိုင်း ကြုံနိုင်တာပါ။ ကိုယ်ရတဲ့ဘွဲ့နဲ့ အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ အံဝင်ခွင်ကျဖြစ်ခွင့်ရတာဟာ အင်မတန်နည်းပါးတဲ့ ကံကောင်းသူလူတစ်စုအတွက်လောက်ပဲ ရှိတတ်ပါတယ်။

Ref: Elcrema.com “9 ESSENTIAL LIFE TIPS THAT WILL HELP YOU SURVIVE YOUR 20s”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top