ထိုင်းနိုင်ငံမှာ အုပ်စုကွဲပြီး ရေစီးထဲ မျောပါသွားတဲ့ ဆင်ပေါက်ကလေးတစ်ကောင်ကို ကယ်ဆယ်

eles.jpg

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ရှိ ဆိုင်ယို့ခ် (Sai Yok) အမျိုးသားဥယျာဉ်မှာ ဆင်အုပ်နဲ့ကွဲပြီး ရေစီးထဲ မျောပါသွားတဲ့ တောဆင်ရိုင်းပေါက်ကလေးတစ်ကောင်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့မှာ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ အမျိုးသားဥယျာဉ်မှ တောအုပ် (park ranger) တွေက ချက်ချင်းသွားရောက်ရှာဖွေခဲ့ရာ “ဟွေမဲနမ်နွိုင်” မြစ်ကမ်းပါးနားမှာ အခြေအနေစိုးရိမ်ရတဲ့ အိန္ဒိယဆင်မျိုးစိတ်ဝင် ဆင်သားပါက်ကလေးကို တွေ့ရှိခဲ့တာပါ။

မုန်တိုင်းဒဏ်နဲ့ ရေစီးသန်မှုကြောင့် ဆင်ပေါက်ကလေးဟာ အုပ်စုနဲ့ကွဲပြီး ရေထဲမျောပါလာတာလို့ တာဝန်ရှိသူတွေက ယူဆကြပါတယ်။ အဲဒီနေရာမှာ ၂ ရက်ကြာ သောင်တင်နေဖွယ်ရှိတဲ့ ဆင်ပေါက်ကလေးဟာ ရေဓာတ် အလွန်အမင်း ခမ်းခြောက်ပြီး အားအင်ကုန်ခမ်းနေတာကို တောအုပ် (park ranger) တွေက တွေ့ရှိခဲ့ပါတယ်။

အာရှဆင်(အိန္ဒိယဆင်မျိုးစိတ်)တွေဟာ တစ်နေ့ကို ရေ လီတာ ၁၅၀ မှ ၂၀၀ ကြား သောက်သုံးဖို့ လိုအပ်တာကြောင့် ရေချိုအရင်းအမြစ်တွေ နားတဝိုက် ကျက်စားလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် အာရှဆင်တစ်ကောင်ရဲ့ ပျမ်းမျှအလေးချိန်ဟာ ပေါင် ၁၁၀၀၀ ဝန်းကျင်ရှိပြီး ဆင်ပေါက်ကလေးက ၈၈ ပေါင်ပဲ ရှိသေးတာကြောင့် သက်တမ်း ၂ ပတ်လောက်သာ ရှိသေးတယ်လို့ ခန့်မှန်းထားကြပါတယ်။

ရေဓာတ်ခမ်းခြောက်မှု၊ အာဟာရချို့တဲ့မှု၊ နှာမောင်း၊ ပါးစပ်တွေမှာ ဒဏ်ရာရထားတဲ့ ဆင်ပေါက်ကလေးကို ၂၄ နာရီပတ်လုံး အနီးကပ် ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး အခုအခါမှာတော့ စိတ်ချရတဲ့ အခြေအနေ ဖြစ်လာပြီလို့ ဆိုင်ယို့ခ်အမျိုးသားဥယျာဉ်မှ သတင်းထုတ်ပြန်ထားပါတယ်။

ဆင်မျိုးစိတ်အားလုံးနည်းတူ အာရှဆင်တွေဟာလည်း မျိုးသုဉ်းမယ့် အန္တရာယ်ရှိနေတဲ့ တိရစ္ဆာန်စာရင်း (IUCN Red List) မှာ ပါဝင်နေပါတယ်။ ထိုင်းနိုင်ငံဟာ တခြားတောင်အာရှနိုင်ငံတွေနည်းတူ တောရိုင်းတိရစ္ဆာန်တွေ ကားတိုက်ခံရမှုမှ ကာကွယ်ဖို့ တိရစ္ဆာန်လမ်းကူးရာ(Wildlife Crossings) တွေ တည်ဆောက်ပေးခဲ့ပါတယ်။

Ref : Experts race to save baby elephant after it was found injured and abandoned on a Thai riverbank

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top