ပေ ၃၀၀၀ မြင့်တဲ့ El Capitan တောင်ထိပ်ကို အောင်မြင်စွာ တက်နိုင်ခဲ့တဲ့ ၈ နှစ်သားလေး

31-10-2022-yyl-07.jpg

အသက် ၈ နှစ်အရွယ်ကလေးလေးတစ်ယောက်က ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ Yosemite National Park ရှိ မတ်စောက်ပြီး တက်ဖို့ အရမ်းကို ခက်ခဲတဲ့ ကျောက်တောင်တွေထဲက တစ်ခုဖြစ်တဲ့ El Capitan တောင်ထိပ်ကို တက်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံးသူအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အဲဒီကလေးလေးဟာ ကော်လိုရာဒိုပြည်နယ်က ၂ တန်းကျောင်းသားလေး ဆမ် ဘိတ်ကာဖြစ်ပြီး သောကြာနေ့က တောင်ထိပ်ကို တောင်တက်ကြိုးနဲ့တက်ခဲ့တာပါ။ ဆမ်က တောင်တက်ပစ္စည်းအကူအညီအပြင် သူ့အဖေ ဂျိုးဘိတ်ကာပါဝင်တဲ့ တောင်တက်အဖွဲ့ရဲ့အကူအညီနဲ့ ပေ ၃၀၀၀ မြင့်တဲ့ တောင်ကို တက်ခဲ့တာပါ။

သူ့အဖေက သူတို့ တောင်တက်နိုင်ခဲ့ပြီဆိုတာကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ပြောခဲ့တာပါ။ သူ့သားအတွက် အရမ်းဂုဏ်ယူကြောင်း၊ နှစ်အနည်းငယ်အတွင်းမှာ နောက်ထပ်စံချိန်တွေကိုလည်း ထပ်ပြီးချိုးနိုင်ကြောင်း ပြောပါတယ်။ ၂၀၁၉ ခုနှစ် ဇွန်လက EI Capitan တောင်ထိပ်ကို အသက် ၁၀ နှစ်အရွယ် ဆီလာချ် ဆနိုတ်တာဆိုတဲ့ ကလေးမလေး တက်ခဲ့ပြီး (၃) နှစ်အကြာမှာ ဆမ်က အခုလိုအောင်မြင်စွာ တက်နိုင်ခဲ့တာပါ။

ဆမ်က ကျောက်တောင်တက်တာနဲ့ အကျွမ်းတဝင်ရှိပါတယ်။ အသက် ၃ နှစ်အရွယ်မှာ Garden of the Gods ကျောက်တောင်ကို ပထမဆုံးတက်ခဲ့တာပါ။ အဲဒီကတည်းက သူဟာ Lost Arrow Spire နဲ့ Fairview အပါအဝင် အခြားအထင်ကရကျောက်တောင်တွေကို တက်ဖြစ်ခဲ့ပါတယ်။ El Capitan တောင်တက်ဖို့ ပြင်ဆင်မှုအနေနဲ့ ဆမ်က ပြီးခဲ့တဲ့ (၂) နှစ်အတွင်း တစ်ပတ်ကို အနည်းဆုံး ၃ ရက်လောက် တောင်တက်လေ့ကျင့်ခဲ့ရပါတယ်။ တောင်မတက်ခင် သူ အရမ်းစိတ်လှုပ်ရှားခဲ့တဲ့အပြင် နည်းနည်းစိုးရိမ်စိတ်ဖြစ်မိတယ်လို့ ဆမ်က ပြောပါတယ်။

သူ့အဖေ ဂျိုးဘိတ်ကာဟာ အရင်က El Capitan ကို တက်ခဲ့ဖူးပေမဲ့ တောင်ခြေကနေ တောင်ထိပ်ထိ မရောက်ခဲ့ဖူးပါဘူး။ ဒါက သူ့သားနဲ့အတူ တောင်ထိပ်ကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာပါ။

Ref: ABCNews “Meet the 8-year-old who just made history as the youngest to climb El Capitan”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top