အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာက ဖယ်ရှားပစ်ခဲ့

6-8-2002-yyl-0149.jpg

ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ YouTube တွေမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တင်ခဲ့တဲ့ ဗီဒီယိုပို့စ်တစ်ခုဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းအမှားပါဝင်တဲ့အတွက် အဲဒီပို့စ်ကို ဖေ့စ်ဘွတ်ခ်အပါအဝင် ဆိုရှယ်မီဒီယာတွေက ဖယ်ရှားပစ်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ အဲဒီပို့စ်က ဗုဒ္ဓဟူးနေ့ မနက်ခင်းမှာ သမ္မတဒေါ်နယ်ထရမ့် Fox News နဲ့ ဖုန်းအင်တာဗျူးလုပ်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုဖြစ်ပါတယ်။ အင်တာဗျူးမှာ သမ္မတက ကျောင်းတွေပြန်ဖွင့်ဖို့ ပြောခဲ့တဲ့အပြင် ကလေးတွေက ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိကြတယ်လို့ မှားယွင်းယူဆပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဒီဗီဒီယိုက COVID-19 ကို ခံနိုင်ရည်ရှိတဲ့ အသက်အရွယ်ကို မှားယွင်းပြောထားတဲ့အတွက် COVID သတင်းအမှားစည်းမျဉ်းကို ချိုးဖောက်တဲ့ အကြောင်းအရာပါဝင်တယ်”လို့ ဖေ့စ်ဘွတ်စ်စည်းမျဉ်းရဲ့ပြောရေးဆိုခွင့်ရှိသူ အန်ဒီ စတုန်းက ပြောပါတယ်။ တွစ်တာကလည်း သမ္မတဒေါ်နယ်ထရမ့်ရဲ့ဗီဒီယိုကို COVID-19 သတင်းမှားနဲ့ပတ်သက်တဲ့ တွစ်တာစည်းမျဉ်းကို ချိုးဖောက်တယ်လို့ ပြောပြီး ဖယ်ရှားပစ်ခဲ့ပါတယ်။ YouTube ကလည်း COVID-19 သတင်းအမှား စည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့အတွက် ဗီဒီယိုကို ဖြုတ်ချခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မူရင်းအင်တာဗျူးဗီဒီယိုကတော့ Fox News ပေ့ချ်မှာ ရှိနေတုန်းပါပဲ။ YouTube က ဘယ်ဗီဒီယိုကို ဖြုတ်ချပစ်ခဲ့တယ်ဆိုတာကို ရှင်းလင်းဖို့အတွက် ချက်ချင်းတုံ့ပြန်ပြောကြားထားခြင်းတော့ မရှိခဲ့ပါဘူး။

ဗုဒ္ဓဟူးမနက်ခင်းအင်တာဗျူးမှာ သမ္မတဒေါ်နယ်ထရမ့်က ကလေးတွေဟာ ရောဂါအတွက် ကိုယ်ခံအားကောင်းပြီး ခံနိုင်ရည်ရှိတဲ့အတွက် ကျောင်းပြန်တက်သင့်တယ်လို့ ပြောခဲ့ပါတယ်။ “ကလေးတွေက ဒါကို ကောင်းကောင်းတောင့်ခံနိုင်ပါတယ်။ သူတို့အသက်အရွယ်ကို ကြည့်လိုက်ရင် ကိုယ်ခံအားစနစ်ကအရမ်းသန်မာပြီး အရမ်းအားကောင်းပါတယ်။ သူတို့က ဒါကို ကောင်းကောင်းဖြေရှင်းနိုင်မဲ့ပုံပါပဲ”လို့ သမ္မတဒေါ်နယ်ထရမ့်က သတင်းထောက်ကို ပြောပါတယ်။


တကယ်တော့ ကလေးတွေက ခုခံအားနည်းရင် အခြားသူတွေဆီ ရောဂါကူးစက်စေနိုင်ပါတယ်။ တချို့ကလေးတွေဆို ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါတယ်။ COVID-19 လူနာတွေမှာ အရွယ်ရောက်ပြီးသားလူတွေများပေမဲ့လည်း ကလေးတွေနဲ့ မွေးကင်းစကလေးတွေက ဒီရောဂါကြောင့် ဖျားနာနေကြရတယ်လို့ The Centers for Disease Control and Prevention က ဆိုထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်နေ့နဲ့ ဇူလိုင် ၁၂ ရက်ကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၆) သန်းကို လေ့လာဆန်းစစ်ချက်ကြည့်တော့ ကူးစက်ခံရသူတွေထဲမှာ အသက် (၅-၁၄) နှစ်ကလေးတွေ (၄.၆) ရာခိုင်နှုန်းပါဝင်တာကို တွေ့ခဲ့ရပါတယ်။

ဖေ့စ်ဘွတ်ခ်က COVID-19 သတင်းအမှားနဲ့ပတ်သက်ပြီး သမ္မတဒေါ်နယ်ထရမ့်ရဲ့ပို့စ်ကို ဖယ်ရှားခဲ့တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဇွန်လတုန်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ရည်ညွှန်းအသုံးပြုလေ့ရှိတဲ့ နာဇီသင်္ကေတပါဝင်တဲ့ ထရမ့်ရဲ့ကမ်ပိန်းAds ကိုလည်း ဖေ့စ်ဘွတ်ခ်က ဖယ်ရှားခဲ့ပါသေးတယ်။

Ref: Facebook, Twitter, YouTube pull Trump posts over coronavirus misinformation

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top