ငယ်ငယ်တုန်းက ရင်းနှီးခဲ့တဲ့ Family ဂိမ်းတွေ

Nintendo1.jpg

ကလေးဘဝကို နင်တန်းဒိုး (Nintendo) ဂိမ်းတွေနဲ့ ဖြတ်သန်းခဲ့ဖူးပါ သလား။ ဂိမ်းစက်မှာ ဂိမ်းခွေ စိုက်သွင်းလိုက်ပြီး လက်ကိုင် ဂိမ်းခလုတ်တွေနဲ့ ဂိမ်းဆော့ခဲ့ရတဲ့ အချိန်တွေကို မှတ်မိဦးမယ် ထင်ပါတယ်။

အဲ့ဒီလို ဂိမ်းတွေကို နင်တန်းဒိုး (Nintendo) လို့ခေါ်တဲ့ ဂျပန် ဂိ်မ်းကုမ္ပဏီက တီထွင်ခဲ့တာ ဖြစ်ပြီး Family ဂိမ်းလို့လည်း ခေါ်ခဲ့ကြပါတယ်။ ဘာဖြစ်လို့ Family ဂိမ်းလို့ ခေါ်ရသလဲဆိုရင်တော့ ဒီဂိမ်းစက်တွေကို စတင်မိတ်ဆက်စဉ်က Family Computer လို့ အဓိပ္ပါယ်ရတဲ့ Famicon ဆိုတဲ့ အမည်နဲ့ မိတ်ဆက်ခဲ့လို့ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Nintendo Entertainment System အတိုကောက် NES အဖြစ် သုံးစွဲခေါ်ဝေါ်ခဲ့ကြတာပါ။

နင်တန်းဒိုး Family ဂိမ်းစက်တွေကို ဂျပန်နိုင်ငံမှာ ၁၉၈၃ ခုနှစ်မှာ စတင်ရောင်းချခဲ့တာ ဖြစ်ပြီး ၁၉၈၅ ခုနှစ်မှာတော့ အနောက်နိုင်ငံတွေမှာပါ စတင် ရောင်းချလာခဲ့တာပါ။ ကလေးဘဝ တစ်လျှောက် ရင်းနှီးခဲ့တဲ့ Family ဂိမ်းလေးတွေထဲက အရင်းနှီးဆုံး ဖြစ်နိုင်မယ့် ဂိမ်းလေး တစ်ချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ဂိမ်းတွေနဲ့ အတူ ဖြတ်သန်းခဲ့ရတဲ့ ကလေးဘဝကို ပုံလေးတွေက တဆင့် တစ်ခေါက်ပြန်ကြည့် လိုက်ရအောင်။ ဂိမ်းလေးတွေရဲ့ အကြောင်းကိုပါ ပြန်လည် ဖော်ပြပေးထားတာမို့ စိတ်ဝင်စားဖွယ် ဖတ်ရှုရမယ်လို့ထင်ပါတယ်။

၁။ Super Mario Bros (မာရီယို ဂိမ်း)

နင်တန်းဒိုးရဲ့ ဖခင်ကြီးလို့ဆိုရလောက်တဲ့ ရှီဂဲရု မီယာမိုတို ရဲ့ အစောဆုံး လက်ရာကောင်းတွေထဲက တစ်ခုဖြစ်ပြီး ဂိမ်းမဆော့ဖူးတဲ့ သူတွေတောင်မှ မာရီယိုဆိုတဲ့ နာမည်ကိုတော့ ကြားဖူးနားဝ ရှိခဲ့ကြမှာပါ။ မာရီယိုဂိမ်း ကိုတော့ ၁၉၈၅ မှာ စတင် မိတ်ဆက်ခဲ့တာဖြစ်ပြီး အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေကို နင်တန်းဒိုး ထိုးဖောက်အောင်မြင်နိုင်အောင် ကူညီခဲ့တဲ့ ပေါက်ဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒီဂိမ်းဟာ နှစ်သုံးဆယ်အတွင်း တရားဝင်ဂိမ်းခွေ သန်းလေးဆယ်ကျော် ရောင်းခဲ့ရပြီး ထာဝရ ရောင်းအကောင်းဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

၂။ Circus Charlie (ဆပ်ကပ်ဂိမ်း)

ဆပ်ကပ်ဂိမ်း ဒါမှမဟုတ် မီးကွင်းကျော်တဲ့ ဂိမ်းလို့ လူသိများတဲ့ Circus Charlie ဂိမ်း ကိုလည်း မှတ်မိကြဦးမယ်ထင်ပါတယ်။ အဆင့်ခြောက်ဆင့်ပါဝင်ပြီး ဆပ်ကပ် လူရွှင်တော်လေး ချာလီက အစွမ်းပြ ဖြတ်သန်းသွားရမှာပါ။ ဒီဂိမ်းကိုတော့ နင်တန်းဒိုးလိုပဲ ဂျပန်နိုင်ငံရဲ့ နောက်ထပ် အထင်ကရ ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ ကိုနာမီ (Konami) ကနေ ၁၉၈၆ ခုနှစ်မှာ NES ပေါ်သို့ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။

ကိုနာမီ ဂိမ်းကုမ္ပဏီဟာဆိုရင်လည်း ရမ်ဘိုဂိမ်းလို့ သိကြတဲ့ Contra ဂိမ်းစီးရီး၊ Castlevania ဗမ်ပိုင်းယား အက်ရှင်ဂိမ်းစီးရီး၊ လက်ရှိအချိန်မှာ အအောင်မြင်ဆုံး ဘောလုံး ဂိမ်းတစ်ခု ဖြစ်တဲ့ Pro Evolution Soccer (PES) တို့ကို ဖန်တီးခဲ့တဲ့ ဂိမ်းကုမ္ပဏီပဲ ဖြစ်ပါတယ်။

၃။ Contra (ရမ်ဘိုသေနတ်ပစ်ဂိမ်း)

Contra ဂိမ်း သို့မဟုတ် ရမ်ဘိုဂိမ်း ကိုလည်း Family ဂိမ်းဆော့ဖူးသူတိုင်း ရင်းနှီးနေမှာပါ။ ဒီဂိမ်းကိုလည်း ကိုနာမီ ကပဲ ထုတ်လုပ်ထားတာ ဖြစ်ပြီး ၁၉၈၇ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ Contra ဂိမ်းကို အဓိက အောင်မြင်စေတဲ့ အချက်ကတော့ ထိုစဉ်ကာလက အသစ်အဆန်းဖြစ်နေခဲ့တဲ့ နှစ်ယောက်အတူတူ တပြိုင်တည်း ကစားနိုင်တယ်ဆိုတဲ့ လုပ်ဆောင်ချက်ကြောင့်ပါပဲ။

၄။ Road Fighter (ကားမောင်းဂိမ်း)

Racing ဂိမ်းတွေထဲက အစောဆုံး ဂိမ်းတစ်ခု လို့ပြောရလောက်တဲ့ Road Fighter (ကားမောင်းဂိမ်း) ကိုရော မှတ်မိကြသေးရဲ့လား။ ရှုပ်ထွေးတဲ့လုပ်ဆောင်ချက်တွေ ဘာမှ မပါဝင်ပေမယ့် အနိုင်ရဖို့ အင်မတန်ခက်ခဲခဲ့တဲ့ ကားမောင်းရတဲ့ Family ဂိမ်းလေးပဲ ဖြစ်ပါတယ်။

ဒီဂိမ်းကိုလည်း ကိုနာမီ ကပဲ တီထွင်ခဲ့တာ ဖြစ်ပြီး ၁၉၈၄ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ တခြားကားတွေကိုလည်း မတိုက်မိဘဲ၊ ဆီလည်းကုန်မသွားဘဲ သတ်မှတ်ထားတဲ့ လိုင်းကို အရောက်မောင်းနိုင်ဖို့ကတော့ ဒီဂိမ်းရဲ့ အဓိက Mission ပဲ ဖြစ်ပါတယ်။

၅။ Battle City (တင့်ကားဂိမ်း)

တင့်ကားတစ်စီးကို ကိုယ်တိုင် control လုပ်ကာ အခြား တင့်ကားတွေကို တိုက်ခိုက် ဖျက်ဆီးရတဲ့ ဂိမ်းဖြစ်ပြီး ထူးထူးခြားခြား နှစ်ယောက်ဆော့လို့ရတဲ့ Multiplayers ဂိမ်းတွေထဲ တစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ်။ တင့်ကားဂိမ်းလို့ လူသိများတဲ့အပြင် သူ့ရဲ့ မြေပုံပေါ်မှာ တည်ဆောက်ထားတဲ့ အုတ်၊ကျောက်၊ မြတ်ခင်း၊ ရေ စတဲ့ အကာအကွယ် အထပ်ထပ်ပုံစံက လည်း Family ဂိမ်းဆော့သူတွေကို ဆွဲဆောင်နိုင်ခဲ့တာပါ။

ဒီဂိမ်းကိုတော့ ၁၉၈၅ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့ပြီး နမ်ကို (Namco) ဂိမ်းကုမ္ပဏီက ဖန်တီးခဲ့တာဖြစ်ပါတယ်။ ကလေးဘဝ အမှတ်တရ Family ဂိမ်းတွေထဲ တစ်ခု အပါအဝင်ဖြစ်မယ်လို့ ထင်ပါတယ်။

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top