မြောက်ကိုရီးယားမှာ ပျောက်ဆုံးသွားတဲ့ မိသားစုနဲ့ အသစ်တစ်ဖန်ပြန်လည်ရရှိခဲ့တဲ့ မိသားစု

Screen-Shot-2020-10-07-at-9.09.04-AM.png

မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာမှာ အထီးကျန်ပြီး နိုင်ငံအတွင်းနေထိုင်တဲ့ ပြည်သူတွေဟာ အပြင်ကမ္ဘာနဲ့ အဆက်အသွယ်မရကြပါဘူး။ ၁၉၉၄ ခုနှစ်အတွင်း မြောက်ကိုရီးယားမှာ အငတ်ဘေးကဒ်ဆိုက်ရောက်ခဲ့ပါတယ်…။ နိုင်ငံရဲ့ လူဦးရေ (၁) သန်းကျော်ဟာ အစာရေစာ ငတ်ပြတ်မှုကြောင့် သေးဆုံးခဲ့ကြရပါတယ်…။ ဒီအကြောင်းကိုအခြေခံပြီး ၀မ်းနည်းစရာ အဖြစ်အပျက်တစ်ခုနဲ့ ပရိသတ်တို့ ကို မျှ​ဝေချင်ပါတယ်…။ ဒီဆောင်းပါးတိုလေးက မိန့်ခွန်း လေးကို ပြန်လည်ရေးသားခြင်းဖြစ်ပါတယ်…။ ဆက်လက်ဖတ်ရှုကြရအောင်…။

အမည်အရင်းက Joseph Kim ဖြစ်တယ်။ ကင် ကို မြောက်ကိုရီးယား၌ မွေးဖွားခဲ့ပြီး ကြီးပြင်းခဲ့ရတယ်…။ ဘယ်လိုပဲ မိသားစုအနေနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေကြားမှာ ရုန်းကန်နေခဲ့ကြရပေ မယ့်.. သူ့ကိုတော့ မိဘတွေက ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ အမြဲတမ်း လိုလေသေးမရှိပြုစုပေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူက မောင်နှမ (၂)ယောက်မှာ အငယ်ဆုံးနဲ့ တစ်ဦးတည်းသောသားဖြစ်နေလို့ပါ။ ဒီလိုနဲ့ မြောက်ကိုရီးယားမှာ ၁၉၉၄ ခုနှစ်မှာ အကြီးအကျယ် ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ စတင်ရင်ဆိုင်ခဲ့ကြရတော့တယ်…။ အဲ့ဒီအချိန်က ကင် ဟာ အသက် (၄)နှစ်အရွယ်ပေါ့..။ အဲ့ဒီကာလတုန်းက ကင်နဲ့ သူ့ရဲ့အစ်မ တို့ဟာ မနက် (၅) နာရီကနေ စပြီး သန်းခေါင်ယံချိန်အထိ လောင်စာထင်းတွေကို လိုက်ရှာဖွေပြီး ညနက်မှ အိမ်ကိုပြန်လာကြလေ့ရှိတယ်…။ နောက်ပြီး ခြေဦးတည့်ရာ လမ်းပေါ်မှာ လိုက်သွားပြီး အစားအသောက် တွေကိုရှာဖွေစားသောက်လေ့ရှိတယ်..။ သူသတိရသေးတယ်…၊ ကလေးငယ်တစ်ယောက်က အမေရဲ့ နောက်ဖက်မှာ ချီထားပြီး အကြော်တွေကို စားနေတယ်… ဒီလိုတွေ့တော့ ကင်က အရမ်းကို လုယူစားချင် စိတ်ဖြစ်ခဲ့မိတယ်..။

တကယ်တော့ ဆာလောင်ငတ်မွတ်မှုဟာ အရမ်းကိုမှာ သိမ်ငယ်စေပြီး အရှက်တကွဲဖြစ်စေတယ်…၊ အရမ်းကိုလဲ မျှော်လင့်ချက်မဲ့စေတယ်..။ ဆာလောင်ငတ်မွတ်နေတဲ့ ကလေးတစ်ယောက်အတွက်တော့ နိုင်ငံရေးတွေ ငြိမ်းချမ်းရေးတွေကိုတောင် ခေါင်းထဲရှိနိုင်မှာမဟုတ်ပါဘူး…။ သူ့ရဲ့ (၉) နှစ်ပြည့်မွေးနေ့မှာ မိဘတွေက သူ့ကို အစားအစာတစ်ခုမှ မရှာကျွေးနိုင်ခဲ့ဘူး…။ ကလေးတစ်ယောက်ဖြစ်နေခဲ့ပေ မယ့်လည်း မိဘတွေရဲ့ ရင်ထဲမှာ ဘယ်လောက်ထိခံစား နေရသလဲဆိုတာကို သူခံစားကြည့်နိုင်ခဲ့တယ်…။ ထိုအငတ်ဘေးကာလ တုန်းက မြောက်ကိုရီးယားပြည်သူ (၁) သန်းကျော် ဟာ အစားအစာငတ်ပြတ် မှုကြောင့် သေးဆုံးခဲ့ကြရတယ်..။

ဒီလိုနဲ့ ၂၀၀၃ ခုနှစ် ကင်ရဲ့ အသက် (၁၃) နှစ်မှာ သူ့ရဲ့ အဖေဟာလည်း ထိုအစာငတ်ပြတ်မှုကြောင့် နဲ့ပဲဆုံးပါးသွားခဲ့ရပြန်တယ်..။ သူဟာ အဖေ့ရဲ့ တစ်ဖြည်းဖြည်း အားအင်ချိနဲ့ပြီး သေဆုံးသွားခဲ့မှုကိုမျက်မြင်တွေ့မြင်ခဲ့ရတယ်…။ အဖေသေဆုံးခဲ့တဲ့နှစ်မှာပဲ တစ်နေ့မှာ သူ့ရဲ့အမေဟာအိမ်ကနေပျောက်သွားခဲ့ပြန်တယ်…။ ကင်ရဲ့ အစ်မပြောတာကတော့ အမေဟာ တရုတ်နိုင်ငံကိုသွားပြီး ပိုက်ဆံရှာဖို့ အိမ်ကနေထွက်သွားခဲ့တယ်တဲ့။ နောက်တော့ အိမ်ကို ပိုက်ဆံနဲ့ အစားအစာတွေနဲ့ မကြာမီ ပြန်လာခဲ့မယ်လိုပြောခဲ့တယ်…။ သူအနေနဲ့ ဒီလိုမိသားစုတွေ တကွဲတပြား မဖြစ်ဘူးတဲ့အတွက် မိသားစုတွေအတူတကွနဲ့ အမြဲတမ်းနေကြရမယ်လို ကင် တွေးခဲ့ဖူးပါတယ်..။ ဒါကြောင့်လဲ သူ့ရဲ့အမေ အိမ်ကနေထွက်သွားတဲ့အချိန်မှာ ပွေ့ဖက်ပြီး မနှုတ်ဆက် လိုက်ခဲ့ရဘူး…။ ဒီအကြောင်းကိုပြန်တွေးတော့ အရမ်းကို အမှားကြီးလုပ်ခဲ့ပြီး သူရဲ့ဘ၀မှာ နောင်တရမိခဲ့တယ်..။ ဒီလိုအကြာကြီး အမေနဲ့ ​ဝေးကွာခဲ့ရမယ်လို တစ်ခါမှ မသိရှိခဲ့ဘူး…။

အဲ့ဒီနောက် အမေကော… အစ်မကော သူတို့နှစ်ယောက်စလုံးကို ကင် မတွေ့ တော့ပါ…။ ရုတ်တရက် ဒီလိုနဲ့ ကင်ဟာ အိမ်ယာမဲ့ဖြစ်ပြီး မိဘမဲ့ကလေးဘ၀ သို့ရောက်သွားခဲ့တယ်..။ သူ့ရဲ့ နေ့စဥ်ဘ၀က အရမ်းကိုမှ ခက်ခဲကြမ်းတမ်းခဲ့တယ်..၊ သို့သော် အရမ်းကို ရိုးရှင်းခဲ့တယ်…။ သူ့ရဲ့ တစ်နေ့တာ အစီအစဥ်က အမှိုက်ပုံးထဲမှာ ရရာပေါင်မှုန့်ကို ရှာဖွေစားသောက်ဖို့ပါပဲ..။ ဒီလိုလုပ်ပြီး ဆက်လက်အသက်ရှင်ဖို့ လုံး၀ မဖြစ်နိုင်တော့ပါဘူး…။ ဒီလိုတောင်းရမ်း ရှာဖွေစားသောက်ပြီး အသက်ရှင်ဖို့ ဖြေရှင်းတဲ့နည်းဟာ အရမ်းကို မဖြစ်နိုင်တာကို သူသိရှိခဲ့တယ်…။ ဒါကြောင့် သူလုပ်နိုင်တဲ့အရာက တရားမ၀င် စျေးတွေကနေတစ်ဆင့် ခိုး၀ှက် ပြီး ရရာအစားအသောက်ကိုသာ ခိုးယူဖို့ ကျန်တော့ပါတယ်…။ တစ်ခါတစ်ရံမှာတော့ အစားအသောက်အတွက် ရရာအလုပ်လေးတွေကို လုပ်ပြီး ရပ်တည်ခဲ့တယ်…။

နောက်ပြီး အရမ်းအေးခဲတဲ့ ဆောင်းရာသီအချိန်ကာလမှာ ကျောက်မီးသွေးတွင်းမှာ (၂)လ ကြာအောင် အလုပ်လုပ်ခဲ့ဖူးတယ်..။ အကာအကွယ်လုံး၀မပါပဲ (၃၃) မီတာနက်တဲ့ မြေအောက်မှာ တစ်ရက်ကို နာရီပေါင်း (၁၆) နာရီကြာအောင် လုပ်ခဲ့ရတယ်..။ ဒီလိုသူရဲ့ ဘ၀ဟာတော့ ထူးခြားလှသည် တော့မဟုတ်…။ အခြားသော မိဘမဲ့ကလေးတွေလဲ ဒီလိုပဲ ရုန်းကန် (သို့) ဒီထက်ဆိုးရွားတဲ့ အခြေအနေတွေအောက်မှာ အသက်ရှင်ရပ်တည်ခဲ့ကြရတယ်..။ ဒီလိုခက်ထန်တဲ့အေးခဲတဲ့ ဆောင်းရာသီ ကြောင့် (သို့) ဆာလောင်မှုကြောင့် ကောင်းမွန်စွာအိပ်မရခဲ့ဘဲ အတွေးထဲမှာတော့ နောက်မနက် အိပ်ယာနိုးရင် အစ်မ က လာနိုးထပြီး သူကြိုက်တဲ့အစားအစာတွေကိုယူလာပေးလိမ့်မယ်လိုအမြဲတမ်း တွေးနေခဲ့ဖူးတယ်..။ ဒီလိုအတွေးတွေက သူ့ကို အသက်ရှင်နေစေခဲ့တယ်…။ သူလိုနေတာ အရမ်းကြီးခမ်းနားကြီးကျယ်တဲ့မျှော်လင့်ချက်တွေမဟုတ်ပါဘူး…။ သူလိုနေတဲ့ ယုံကြည်ချက်က အမှိုက်ပုံးထဲမှာ လိုနေတဲ့ ပေါင်မှုန့် ကိုရရှိဖို့ပါပဲ…ဒါပေမယ့် ဒီအမှိုက်ပုံးတွေထဲမှာ ထင်သလို ပေါင်မှုန့်တွေမရှိနေခဲ့ပါဘူး…။ ဒီလို ယုံကြည်မှုတွေမထားခဲ့ဘူး… မယုံခဲ့ဘူးဆိုရင် သူအသက်ရှင် နေခဲ့မှာမဟုတ်ပါဘူး…။ တကယ်တော့မျှော်လင့်ချက်ကတော့ သူ့ကို အသက်ဆက်ရှင်ခွင့်ပေးခဲ့တယ်…။ သူဟာ အသက်ဆက်ရှင်ကို ရှင်ရမယ်ဆိုပြီး နေ့စဥ် သူကိုယ့်သူ ပြောဆိုခဲ့ပြီး အားတင်းနေခဲ့ရတယ်။

ဆက်လက်ပြီး (၃) နှစ်ကြာအောင် ကင်ဟာ သူ့ရဲ့အစ်မ ပြန်အလာ ကိုစောင့်နေခဲ့ပေမယ့်လည်း. မပြန်လာတဲ့အတွက် တရုတ်နိုင်ငံသို့ အစ်မ ကို ကိုယ်တိုင်သွားရှာဖို့ ဆုံးဖြတ်လိုက်တော့တယ်…။ သူသိခဲ့တာကတော့ ဒီလိုရပ်တည်ပြီး အသက်ဆက်ရှင်ဖို့ လုံး၀မဖြစ်နိုင်တော့ပါဘူး…။ တရုတ်နိုင်ငံကိုသွားမယ့်ခရီးက အသက်စွန့်ပြီးတော့သွားရမယ့်ခရီးဖြစ်တယ်…။ ဒီလိုမဟုတ်ရင်လည်း မြောက်ကိုရီးယားမှာ အသက်ဆက်ရှင်နိုင်ဖို့ဟာလည်း သေချာမှာမဟုတ်ပါဘူး..။ မထူးတော့တဲ့ အချိန်ပေါ့။ နိုင်ငံအတွင်းမှာဆက်နေရင် သူ့ရဲ့ အဖေလို ငတ်မွတ်ပြီး အသက်ဆုံးပါးသွားနိုင်မယ်…။ ဒါကြောင့် တရုတ်ကို ထွက်ပြေးပြီး ကောင်းမွန်တဲ့ဘ၀ကိုရှာဖွေနိုင်မယ်…။ သူသိခဲ့တာတော့ (မြောက်ကိုရီးယား) လူအများက တရုတ်ကို ထွက်ပြေးရင် လူတွေမြင်မှာ စိုးလို့ ညဖက်မှာ ထွက်ပြေးကြတယ်ဆိုတာပါပဲ။ မြောက်ကိုရီးယား နယ်ခြားစောင့် စစ်သားတွေဟာ ခွင့်ပြုချက်မရဘဲ တစ်ဖက်နိုင်ငံကို ဖြတ်ကျော်ကြတာကိုတွေရင် ပစ်ခတ်ပြီး သတ်ပစ်ကြလေ့ရှိတယ်…။ နောက်ပြီး တရုတ်စစ်သားတွေနဲ့ ကြုံဆုံခဲ့ရင်လည်း မြောက်ကိုရီးယားသို့ ပြန်အပ်ပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ပေးခံရလေ့ရှိတယ်…။

ကင် အနေနဲ့ နေ့ခင်း မှာ တစ်ဖက်နိုင်ငံကိုဖြတ်ကျော်ဖို့ ဆုံးဖြတ်လိုက်တယ်…၊ ဘာကြောင့်လဲဆိုတော့ ကလေးဘ၀ ဆိုတော့ အမှောင်ထုကို ကြောက်တတ်ကြတာပါပဲ…။ ဒုတိယအချက်ကတော့ ဒီလိုဖြတ်ကျော်ဖို့ ကတည်းက အသက်စွန့်ပြီး ရင်ဆိုင်ရမှာသိရှိထားတယ် ဆိုတာပါပဲ..။ နောက်ပြီး နေ့ခင်းပိုင်းမှာလူတွေက နယ်စပ်မဖြတ်ကျော်ကြလို့ နေ့ခင်းမှာဆိုရင်တော့ လူတွေက သူ့ကို မမြင်နိုင်ဘူးလို့ ထင်မိခဲ့တယ်…။ ကံကောင်းစွာနဲ့ပဲ ကင်ဟာ တရုတ်နိုင်ငံသို့ ၂၀၀၆ ဖေဖော်၀ါရီလ (၁၅) ရက်နေ့ သူရဲ့ အသက် (၁၆) နှစ်အရွယ်မှာ ဘေးကင်းစွာနဲ့ ရောက်ရှိခဲ့တယ်…။ အရာတွေက တရုတ်နိုင်ငံမှာ က မြောက်ကိုရီးယားထက် ပိုပြီး ကောင်းမွန်မယ်လို့ထင်ခဲ့တယ်…။ ဘာကြောင့်လဲဆို တော့ အဲ့ဒီမှာက အစားအသောက်ပိုရှိလို့ဖြစ်တယ်…။ လူတွေက ပိုပြီး ကူညီကြမယ်လိုထင်ခဲ့တယ်…။ သို့သော် တရုတ်မှာက မြောက်ကိုရီးယားထက် ကို ပိုပြီး ခက်ခဲခဲ့တယ်…။ ဘာကြောင့်လဲဆိုတော့ ကင် က သူဟာ မလွတ်လပ်ခဲ့ဘူး…။ ဖမ်းဆီးခံရ ပြီး မိခင်နိုင်ငံကို ပြန်ဖို့ခံရမှာကို အမြဲစိုးရိမ်နေခဲ့ရတယ်…။

ကံကောင်းစွာနဲ့ပဲ လတွေကြာလာတော့ မြောက်ကိုရီးယားပြည်သူတွေကို မြေအောက် အမိုးအကာတွေနဲ့ ခုံလှုံခွင့်ပေးပြီး ကူညီပေးနေတဲ့ သူတစ်ယောက်နဲ့ တွေ့ဆုံခွင့်ရတယ်…။ ဒီလိုနဲ့ အဲ့ဒီ အမိုးအကာ အဆောင်မှာ နေထိုင်ခွင့်ရခဲ့တယ်…။ ထိုအဆောင်မှာ နေခွင့်ရချိန်ကစပြီး အစားအသောက်တွေကို ပုံမှန်စားခွင့်ရရှိခဲ့တယ်…။ ဒီလိုမစားခဲ့ရတာနှစ်တွေကြာမြင့်ခဲ့ပြီးဖြစ်တယ်…။ ထိုနောက် တစ်နှစ်ကြာ တော့ လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးက တရုတ်နိုင်ငံမှ ထွက်ခွာပြီး အမေရိကန်နိုင်ငံသို့ ဒုက္ခသည် အဖြစ်နဲ့ သွားရောက်နေထိုင်ဖို့ ကူညီပေးခဲ့တယ်…။ သူဟာအမေရိကန်နိုင်ငံကို အင်္ဂလိပ်စာ စကားလုံး တစ်လုံးမှ မသိပဲနဲ့ ရောက်ရှိသွားခဲ့တယ်…။ သူရဲ့ အရေးကိစ္စတွေကို လုပ်ဆောင်ပေးနေတဲ့ သူက ပြောတယ် အထက်တန်းကျောင်းတက်ရမယ်တဲ့…။ ကင်က မြောက်ကိုရီးယားမှာ ကျောင်းနေတုန်းက အတန်းထဲမှာ အမြဲတမ်း ကျ နေတဲ့ သူဆိုတော့ မူလတန်းတောင် အောင်ရုံလောက်ပဲ ပြီးဆုံးခဲ့တယ်…။

ကင် အနေနဲ့ ကျောင်းမှာတုန်းက နေ့တိုင်းတစ်ကြိမ်မက ရန်ဖြစ်ဖူးတယ်..။ စာအုပ်တွေ၊ စာကြည့်တိုက်တွေက ကင်အတွက်တော့ ကြိုက်နှစ်သက်တဲ့ အရာတွေတော့မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ အဖေက အမြဲ ကျောင်းစာတွေမှာ အာရုံစိုက်ဖို့ ကြိုးစားပြီးတွန်းအားပေးခဲ့ပေမယ့်လဲ မအောင်မြင်ခဲ့ဘူး…။ တစ်ချိန်မှာတော့ အဖေက သူ့ကို လက်မြောက်အရှုံးပေးလိုက်တော့တယ်…။ အဖေကပြောတယ် “မင်းဟာငါ့သားမဟုတ်တော့ဘူးတဲ့”၊ အဲ့ဒီအချိန်မှာ သူအသက် (၁၁)၊ (၁၂)အရွယ်သာရှိသေးပေမယ့် ဒီလိုစကားကြားရတော့ အရမ်းကို နာကျင်စေခဲ့တယ်…။ ဘယ်လိုပဲဖြစ်စေ အဖေ ဆုံးတဲ့အချိန်ထိတောင် သူ့ရဲ့ ကြိုးစားချင်စိတ်ကတော့ မတိုးတက်လာဘူး။ ဒီလိုကြောင့် အမေရိကန်မှာ ရောက်တော့ အထက်တန်းကို တက်ရမယ်ဆိုတော့ အရမ်းကို ဟာသဆန်သွားတယ်..။ ဘာကြောင့်လဲဆိုတော့ ကင်အနေနဲ့ အလယ်တန်း ကိုတောင် မတက်ခဲ့ရလို့ပါ။

ဆက်လက်ပြီး ကင်ဟာ အများရဲ့ တိုက်တွန်းမှုတွေကြောင့် အထက်တန်းကို မဖြစ်မနေ တက်ဖြစ်ခဲ့တော့တယ်…။ တစ်နေ့မှာတော့ ကျောင်းကပြန်လာပြီး မွေးစား အမေက ညစာအတွက် ကြက်အတောင်ပံတွေကို ချက်ထားတယ်..။ ညစာစားချိန်ရောက်တော့ ကင်ဟာ ကြက်အတောင်ပံတစ်ခုအပို ယူစားမလို့ လုပ်ရင်း ဒီလိုနဲ့အိမ်သားတွေ အတွက်မလုံလောက်တော့ တဲ့အတွက် မယူစားဖြစ်တော့ဘူး။ နောက်တော့ သူ့ရဲ့ ထမင်းပန်းကန်ထဲကို ကြည့်လိုက်တဲ့အချိန်မှာ မွေးစားအဖေက သူ့ရဲ့ ကြက်တောင်ပံ ကိုထည့်ပေး လိုက်တယ်…။ ကင်က အရမ်းပျော်ခဲ့တယ်…။ ဒါနဲ့ ကင်ရဲ့ ဘေးမှာထိုင်နေတဲ့ မွေးစားအဖေကို ကြည့်လိုက်တဲ့အချိန် ထိုမွေးစားအဖေက စကားမပြောဘဲ အပြုံးလေးတွေနဲ့ သာပြန်ကြည့်လိုက်တယ်..။ အဲ့ဒီအခိုက်အတန့်မှာ အဖေအရင်းကို သတိရခဲ့တယ်…။

မွေးစားအဖေရဲ့ ဒီလိုသေးငယ်တဲ့ အပြုအမူလေးတွေက သူ့အဖေအရင်းကို ပြန်မြင်ယောင်စေခဲ့တယ်…။ အဖေအရင်းက သူဘယ်လိုပဲ ဆာလောင်နေပါစေ၊ ငတ်ပြတ်နေပါစေ သူ့ရဲ့ အစားအသောက်တွေကို အမြဲ မျှ​ေ၀းပေးခဲ့တယ်…။ အမေရိကန်မှာ စားစရာသောက်စရာတွေများလို့ အရမ်းကိုမှ ၀လင်အောင်စားရပေမယ့် အဖေရင်းက တော့ အစားအစာငတ်ပြတ်မှုကြောင့်သေးဆုံးခဲ့ရတယ်…။ အဲ့ဒီညမှာ ကင်ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကတော့ အဖေရင်းအတွက် အစားအစာတွေကို ချက်ပြုတ်ပေးဖို့ပါပဲ..။ ဆက်လက်ပြီး အဲ့ဒီညမှာပဲ ဆုံးပါးသွားတဲ့အဖေအတွက် ဘယ်လို ပူဇော်ပသ ရမလဲဆိုတာကိုတွေးခဲ့တယ်..။ တစ်ခုတည်း သောစဥ်းစားမိခဲ့တဲ့အတွေးကတော့ အဖေဆုံးပါးသွားခြင်းကို ရည်စူးပြီး ကျေးဇူးဆပ်တဲ့ အနေနဲ့ စာကိုကြိုးစားမယ် တတ်မြောက်အောင်သင်ယူမယ်ဆိုတာပါပဲ။ ကျောင်းစာတွေကိုအရမ်း ဂရုစိုက်ပြီး လုပ်ခဲ့တယ်…။

ဒီ့အတွက်ကြောင် သူရဲ့ဘ၀မှာ ပထမဦးဆုံးရရှိခဲ့ဘူးတဲ့ ပထမ နှစ်၀က်ကျောင်းစာ မေးပွဲမှာ အတော်ဆုံးကျောင်းသားတစ်ယောက်အဖြစ်ဆုချီးမြှင့်ခြင်းခံခဲ့ရတယ်..။ အဲ့ဒီ ကြက်တောင်ပံ လေးက သူ့ရဲ့ ဘ၀ကိုပြောင်းလဲခဲ့တယ်…။ မျှော်လင့်ချက်ဟာ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တယ်..။ ဘယ်သူကမှ လာပေးလို့မရဘူး..။ ဘ၀မှာ မိမိအနေနဲ့ မျှော်လင့်ချက်တွေပေါ်မှာ ယုံကြည်မှုရှိရမယ်။ သင့်ရဲ့ ဘ၀မှာလည်း ထိုမျှော်လင့်ချက်တွေကို အကောင်အထည်ကိုယ်တိုင်ဖော်ရမယ်။ မြောက်ကိုရီးယားမှာ လည်း ကင်အနေနဲ့ လွတ်မြောက်အောင်ရုန်းထွက်ခဲ့ရတယ်…။

မျှော်လင့်ချက် တွေကြောင့်ပဲ အမေရိကန်သို့ရောက်ရှိခဲ့တယ်…။ အမေရိကန် သို့ရောက်ခဲ့တုန်းက ဘာလုပ်ရမ လဲဆိုတာကိုသေချာမသိခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်တည်း ဘ၀မှာလွတ် လပ်စွာကျင်လည်ခဲ့ဖူးတဲ့အချက်က လွမ်းမိုးနေခဲ့တယ်။ အဲ့ဒီ ညစာ စားပွဲလေးမှာ မွေးစားအဖေက လမ်းကြောင်းတစ်ခုပေးခဲ့တယ်…။ သူက ကင်ကို ယုံကြည်မှုအပြည့်နဲ့ အားတင်းပြီး အမေရိကန်မှာ နေထိုင်ဖို့ ဆုံးမခဲ့တယ်…။ ဒီနေ့ ဒီနေရာကို သူတစ်ယောက်တည်းနဲ့ ရောက်လာတာမဟုတ်ပါဘူး။ သူမျှော်လင့်ချက်တွေရှိခဲ့မှုကြောင့် ရောက်ခဲ့တာဖြစ်တယ်။ မျှော်လင့်ချက်ရှိယုံနဲ့လည်း မလုံလောက်ပါ ဘူး။ လူအများအပြားက သူ့ကို ဒီအခြေအနေထိ ရောက်အောင် ဖေးမကူညီပေး ခဲ့ကြတယ်။

မြောက်ကိုရီးယား ပြည်သူတွေဟာ အသက်ရှင်ဖို့အတွက် ရုန်းကန်နေကြရတယ်…။ သူတို့တွေဟာ ရှင်သန်ဖို့အတွက် မိမိကိုယ်ကိုတွန်းအားပေးကြရတယ်၊ အသက်ရှင်ဖို့အတွက်မျှော်လင့်ချက်တွေ ထားရှိကြရတယ်။ ဒါပေမယ့် အကူအညီတွေမရရှိပဲနဲ့တော့ သူတို့တွေ ထို ဒုက္ခ နဲ့ ဆင်းရဲတွင်းထဲကနေ ရုန်းထွက်ဖို့ မဖြစ်နိုင်ပါဘူး။ ကင် က လူတွေအတွက် သူအားပေးစကားပြောချင်ပါတယ်…။ ဘ၀မှာ မိမိတို့ကိုယ်တိုင် မျှော်လင့်ချက်ထားပါ၊ ဒါ့အပြင် အချင်းချင်းလည်းကူညီပါ။ မည်သည့်နေရာမှာ နေထိုင်နေကြ သည်ဖြစ်စေ အားလုံးရဲ့ဘ၀တွေကတော့ ခက်ခဲမှုရှိနေကြတာပါပဲ။ ကင်ရဲ့မွေးစားအဖေက ကင်ရဲ့ ဘ၀ကို တကူးတကကြီး ပြောင်းလဲဖို့ မရည်ရွယ်ခဲ့ပါဘူး။ ထို့နည်းတူ အားလုံးလည်း လူတွေကို မိမိနိုင်ရာ ဘက်ကနေ သေးငယ်တဲ့ ချစ်ခြင်းမေတ္တာတွေပြသခြင်းဖြင့် ကူညီရာရောက်စေပါတယ်။ ပေါင်မှုန့်တစ်ချပ်က မိမိတို့ရဲ့ ဆာလောင်မှုတွေကို ဖြည့်ဆည်းပေးနိုင်တယ်။ မျှော်လင့်ချက်တွေရှိ နေခြင်းက ပေါင်မှုန့် တွေ့ ရရှိနိုင်ပြီး အသက်ရှင်မှုကို ပေးစေနိုင်တယ်။ ဆက်လက်ပြီး ကင်အနေနဲ့ လုံး၀ယုံကြည်တာကတော့ မိမိတို့ရဲ့ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေက အခြားသော ထောင်ပေါင်းများစွာသော ဘ၀အတွက်မျှော်လင့်ချက်အပြည့်နဲ့အသက်ရှင်နေတဲ့ ကင်လို ဘ၀တူများကို ကူညီပေးနိုင်မယ်လိုထင်မြင်မိပါတယ်။

ဆက်လက်ပြီး ကင်အနေနဲ့ (၁၀) စုနှစ်တစ်ခုကျော်ကြာ ရှင်ကွဲ ကွဲနေရတဲ့ အစ်မကိုလည်း တစ်ဖန်ပြန်လည်ဆုံတွေ့ဖို့ ဆန္ဒရှိကြောင်းပြောခဲ့ပါတယ်။ သူရဲ့ အစ်မကို ချစ်ကြောင်း သတိရကြောင်း အသက်ရှင်နေဖို့ ယုံကြည်ကြောင်းနဲ့ မတွေ့တွေ့အောင်ရှာမယ်ဆိုတဲ့အကြောင်း လည်းထည့်သွင်း ပြောကြားခဲ့ပါတယ်…။ ဒါ့အပြင် ကင်အနေနဲ့ သူရဲ့ အမေ နဲ့ အချိန်ကြာကြာ နေခွင့်မရခဲ့ကြောင်းနဲ့ အမေကသူ့ကိုချစ်နေမယ်လို့ယုံကြည်ကြောင်း၊ အမေဟာ ကင်အတွက် ဆုတောင်းပေးပြီး ကင်အကြောင်းတွေး နေမယ်လို့ ယုံကြည်ကြောင်း နဲ့ လူ့လောကထဲကို ရောက်ရှိအောင်မွေးဖွားပေးခဲ့တဲ့ အမေ့ကို အရမ်းကျေးဇူးတင်ရှိကြောင်းပြောရင်း မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်…။

ဒီမိန့်ခွန်းဗီဒီယိုလေးကို ကြည့်ချင်ရင်တော့ အောက်ပါလင့်ခ် မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ https://www.ted.com/talks/joseph_kim_the_family_i_lost_in_north_korea_and_the_family_i_gained#t-814590 စာရေးသူကိုယ်တိုင်လည်း ဒီမိန့်ခွန်း အကြောင်းနားထောင်ပြီး ရေးရင်း အရမ်းကို မျက်ရည်တွေကြခဲ့ရပြီး ငိုခဲ့ရတယ်…။ မိန့်ခွန်းအပြီး အတွေးထဲမှာတော့ ကင် လိုပဲ ဘ၀တူတွေ (သို့) ဒီထက် ဆိုးရွားလှတဲ့ဘ၀တွေ ထောင်နဲ့မက ရှိနေကြမှာသေချာပါတယ်…။ တကယ်တော့ ဘ၀မှာ လူချင်းတူတူမွေးလာကြပေမယ့် ဘ၀ပေးအခြေအနေတွေမတူကြပါ။ မိမိဘ၀က ဆိုးရွားလှပြီဟု ထင်နေကောင်းထင်နေတတ်မယ်…။ မိမိရဲ့ ဘ၀ထက် အခြေအနေဆိုးတွေနဲ့ နေထိုင်သူ ဒုနဲ့ဒေးရှိကြတယ်ဆိုတာမမေ့သင့်ပါ…။ မိမိတတ်နိုင်တဲ့ဘက်ကလဲ ထိုသူများကို ကူညီပါ…။ ဘ၀ကို အားတင်းပြီး ရှေ့ဆက်ပါ…။ ဒီလိုနဲ့ ကင်အကြောင်း ဆက်တွေးပြီး သူနဲ့ ရှင်ကွဲ ကွဲနေကြတဲ့ အမေနဲ့ အစ်မ တို့ ပြန်လည်ပေါင်းစည်းနိုင်ပါစေလို့သာဆုတောင်းပေးရင်း….ကျွန်တော်ဆောင်းပါးကို အဆုံးသတ်ခဲ့ပါ တယ်။

Ref: TED

Tharhtoo(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top