ဆေးရုံမှပြန်ဆင်းလာချိန်မှာ ကိုဗစ်-၁၉ ကို မကြောက်ကြဖို့ ဒေါ်နယ်ထရမ့် ပြော

7-10-2020-yyl-007.jpg

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရလို့ ဝေါ်တာရိဒ်စစ်ဆေးရုံမှာ ၃ ညကြာ ကုသမှု ခံယူခဲ့ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဆေးရုံကဆင်းပြီး အိမ်ဖြူတော်ကို ပြန်ရောက်သွားခဲ့ပါပြီ။ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့ညနေက ဆေးရုံကနေ မဆင်းခင် ကိုဗစ်-၁၉ ရောဂါကို မကြောက်ကြဖို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ ” တော်တော်လေး နေသာထိုင်သာ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကထက်ကို ပိုပြီးနေလို့ကောင်းပါတယ်။ ကိုဗစ်-၁၉ ကို မကြောက်ကြပါနဲ့။ ကိုဗစ်-၁၉ က ခင်ဗျားတို့ဘဝကို ချယ်လှယ်တာမျိုး အဖြစ်မခံကြပါနဲ့”လို့ ဒေါ်နယ်ထရမ့်က ရေးသားခဲ့တာပါ။ သိပ်မကြာခင် မဲဆွယ်စည်းရုံးရေး ပြန်လုပ်မယ်လို့လည်း ဒေါ်နယ်ထရမ့်က တွစ်တာမှာ ရေးခဲ့ပါတယ်။

သတင်းထောက်တစ်ယောက်က ” သမ္မတကြီးက ကိုဗစ်-၁၉ ရောဂါပိုး အကြီးအကျယ် ပျံ့နှံ့အောင်လုပ်ခဲ့တဲ့သူလား”လို့ မေးခွန်းထုတ်ခဲ့ပေမဲ့ ဒေါ်နယ်ထရမ့်ကတော့ မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဥပေက္ခာပြုပြီး ” အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်”လို့ပဲ ဖြေခဲ့ပါတယ်။ သူဟာ ဝေါ်တာရိဒ်စစ်ဆေးရုံကနေ အိမ်ဖြူတော်ကို ရဟတ်ယာဉ်စီးသွားခဲ့ပြီး အိမ်ဖြူတော်ရဲ့ ထရူးမန်းအိမ်ဖြူတော်လသာဆောင်ပေါ် ဓာတ်ပုံရိုက်ခံချိန်မှာ သူ့နှာခေါင်းစည်းကို ချွတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လက်မထောင်ပြပြီး အလေးပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အိမ်ဖြူတော်မှာလည်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတဲ့ ဝန်ထမ်းတော်တော်များများ ရှိခဲ့ပါတယ်။ လက်ရှိအချိန်အထိတော့ အမေရိကန်နိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့နိုင်ငံဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၇.၄ သန်းကျော်၊ သေဆုံးသူ ၂၁၀၀၀၀ ကျော် ရှိနေပါတယ်။

Ref: BBC ” Trump Covid: President downplays virus on leaving hospital”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top