မိသားစုလုပ်ငန်းတစ်ခုက ကျောင်းပစ်ခတ်မှုမှာ သေဆုံးခဲ့သူတွေအတွက် ခေါင်းတလား (၁၉) ခုကို ကိုယ်တိုင်ပြုလုပ်လှူဒါန်း

1-6-2022-yyl05.jpg

မိသားစုလုပ်ငန်း Soulshine Industries က သားအဖ (၂) ဉီးဟာ ယူဗယ်ဒီမြို့က ကျောင်းပစ်ခတ်မှုမှာ သေဆုံးခဲ့သူတွေအတွက် ခေါင်းတလား (၁၉) ခုကို မမောမပန်းဘဲ ကိုယ်တိုင်လုပ်ပေးခဲ့ကြပါတယ်။ ကျောင်းသား (၁၈) ဉီးနဲ့ ဆရာမ (၁) ဉီးအတွက် အဲဒီခေါင်းတလားကို သူတို့ရဲ့မိသားစုတွေဆီ လှူဒါန်းခဲ့တာပါ။

ဖခင်ဖြစ်သူ ထရေး ဂါနမ်က သူနဲ့သူ့သား ဘီလီတို့ဟာ ခေါင်းတလား (၁၉) ခုလုံးကို အချိန်မီ ဒီဇိုင်းထွင်ဖန်တီးထုလုပ်ခဲ့ပြီး နာရေးအိမ်တွေကို ပို့ဆောင်ဖို့ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ သူတို့သားအဖက မိသားစုတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့အတူခေါင်းတလား (၁၉) ခုကို (၃) ရက်ဆက်တိုက် လုပ်ပေးခဲ့ကြတာပါ။ ခေါင်းတလား (၁၉) ခုလုံးကို အချိန်မီပြီးဖို့အတွက် သူတို့တွေက (၆) နာရီလောက်ပဲ အိပ်ခဲ့ရပါတယ်။

သူတို့ရဲ့ချစ်ရသူအတွက် ထူးခြားတဲ့နောက်ဆုံးအနားယူစရာနေရာတစ်ခု ဖန်တီးဖို့အတွက် မိသားစုတစ်ယောက်ချင်းစီနဲ့ စကားပြောခဲ့တယ်လို့ ထရေး ဂါနမ်က ပြောပါတယ်။ ခေါင်းတလားတစ်ခုစီက ဒေါ်လာ ၃၄၀၀ နဲ့ ဒေါ်လာ ၃၈၀၀ ကြား ကုန်ကျပါတယ်။ ခေါင်းတလားအတွက် လှူဒါန်းမှုအနည်းငယ်ရရှိခဲ့ပေမဲ့ သူ့ရဲ့မိသားစုလုပ်ငန်းက ကုန်ကျငွေအကုန်လုံးနီးပါးကို ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

ထရေး ဂါနမ်တို့မိသားစုက ချစ်ခင်ရသူတွေ ဆုံးရှုံးလိုက်ရတဲ့ မိသားစုတွေကို အခုလိုထောက်ပံ့ကူညီပေးခဲ့တာက ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၇ခုနှစ် ဆပ်သာလန် စပရင်းစ် ဘုရားကျောင်းပစ်ခတ်မှုမှာ သေဆုံးခဲ့ရတဲ့ (၂၆) ဉီးအတွက်လည်း ခေါင်းတလားလှူဒါန်းခဲ့ဖူးပါတယ်။

ထရေး ဂါနမ်ရဲ့လှူဒါန်းမှုသတင်းဟာ ပစ်ခတ်မှုမှာသေဆုံးခဲ့တဲ့သူတွေက ပထမဆုံးတစ်ယောက်ကို မြေမြှုပ်သင်္ဂြိုဟ်ပြီးတဲ့နောက်မှာ ထွက်ရှိလာခဲ့တာပါ။ (၁၀) နှစ်အရွယ် အာမာရီ ဂျို ဂါဇာနဲ့ မိုင်တီ ရိုဒရီဂူဇ်တို့ကို ဒီကနေ့ ဇွန်လ ၁ ရက်နေ့မှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။ နောက်ထပ်နာရေး (၁၁) ခုကို အခုသီတင်းပတ်နောက်ပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

Ref: Ladbible “Family-Run Company Custom Makes 19 Coffins For Victims Of Texas School Shooting”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top