ဒေါ်နယ်ထရမ့်က ၂ ကြိမ်တိုင်စွဲချက်တင်ခံရတဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်လာ

14-1-2021-yyl04.jpg

ပြီးခဲ့တဲ့တစ်ပတ်က လွှတ်တော်စီးနင်းခံရမှုမှာ ဆူပူအုံကြွအောင် လှုံ့ဆော်ခဲ့တယ်ဆိုပြီး အမေရိကန်အောက်လွှတ်တော်က သမ္မတဒေါ်နယ်ထရမ့်ကို စွဲချက်တင်လိုက်ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဒီမိုကရက်တစ်ပါတီဝင်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်မှာ နာရီပေါင်းများစွာကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး လွှတ်တော်အတွင်း၊ အပြင် ၂ နေရာလုံးမှာ လက်နက်ကိုင်ထားတဲ့ အမျိုးသားသက်စောင့်တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူခဲ့ကြပါတယ်။ မဲခွဲဆုံးဖြတ်ရာမှာ ရီပတ်ဗလစ်ကန်ပါတီဝင် အမတ်တွေကလည်း ဒေါ်နယ်ထရမ့်ကို စွဲချက်တင်ဖို့ ထောက်ခံမဲပေးခဲ့ပြီး ထောက်ခံမဲ ၂၃၂ မဲ၊ ကန့်ကွက်မဲ ၁၉၇ မဲ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နိုင်ငံသမိုင်းမှာ ၂ ကြိမ်တိုင်တိုင် စွဲချက်တင်ခံရတဲ့ သို့မဟုတ် လွှတ်တော်က ပြစ်မှုဆိုင်ရာ စွဲချက်တင်မှုခံရတဲ့ ပထမဆုံးသမ္မတ ဖြစ်လာခဲ့ပါတယ်။ ရီပတ်ဗလစ်ကန်ပါတီဝင် ဒေါ်နယ်ထရမ့်ဟာ အထက်လွှတ်တော်မှာ စစ်ဆေးခံရမှာဖြစ်ပြီး အပြစ်ရှိတယ်လို့ စီရင်ချက်ချမှတ်ခံရမယ်ဆိုရင် သမ္မတအဖြစ် နောက်တစ်ကြိမ် ရွေးကောက်ခံခွင့်ရမှာမဟုတ်ပါဘူး။

ဒါပေမဲ့ အထက်လွှတ်တော်ကို အချိန်မီလွှတ်တော်ခေါ်ယူမှာမဟုတ်လို့ ဒေါ်နယ်ထရမ့်အနေနဲ့ သမ္မတသက်တမ်းမကုန်ဆုံးမီ တစ်ပတ်အတွင်း အိမ်ဖြူတော်ကနေ ဖယ်ရှားပေးရမယ့်အခြေအနေ မရှိပါဘူး။ နိုဝင်ဘာလ ၃ ရက် သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီလ ၂၀ ရက်မှာ သမ္မတရာထူးကနေ ဆင်းပေးရမှာပါ။

လာမယ့်တစ်ပတ်အတွင်း ဂျိုးဘိုင်ဒင်ရဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် ဝါရှင်တန်ဒီစီနဲ့ အမေရိကန်နိုင်ငံရဲ့ ပြည်နယ်မြို့တော် ၅၀ လုံးမှာ လက်နက်ကိုင်ဆောင်တဲ့ ဆန္ဒပြပွဲတွေ စီစဉ်ထားဖွယ်ရှိတယ်လို့ FBI က သတိပေးထားပါတယ်။

လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးနောက် ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမှတ်တမ်းမှာ ဒေါ်နယ်ထရမ့်က သူ့အပေါ် အားပေးထောက်ခံသူတွေကို တည်ငြိမ်အေးချမ်းစွာနေဖို့ တိုက်တွန်းခဲ့ပေမဲ့ သူ စွဲချက်တင်ခံရတဲ့အကြောင်းကိုတော့ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။

Ref: BBC ” Trump impeached for ‘inciting’ US Capitol riot”
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top