Facebook ပေါ်က Love Reaction ဒါမှမဟုတ် နောက်ဆုံးပေါ် သဝန်တိုနည်း

660_facebook_reaction.jpg

ကိုယ့်ကောင်လေးက ဒါမှမဟုတ် ကိုယ့်ကောင်မလေးက Facebook ပေါ်က အခြားသူတွေရဲ့ ပို့စ်တွေ၊ ဓာတ်ပုံတွေကို Love Reaction ပေးလို့ ရန်ဖြစ် ပြသနာရှာတဲ့ နည်းလမ်းက နောက်ဆုံးပေါ် သဝန်တိုနည်းပဲ ဖြစ်မယ်ထင်ပါတယ်။

Facebook က ပထမဆုံး မိတ်ဆက်ခဲ့တဲ့ Reaction Button ကတော့ အားလုံး သိပြီးတဲ့ အတိုင်း Like ဆိုတဲ့ အရာလေးပါပဲ။ Like button ကိုတော့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၂၄ မှာတော့ Facebook ကနေ Reaction buttons တွေကို ထပ်တိုးပေးလိုက်တာပါ။ ထပ်တိုးပေးလိုက်တဲ့ Reactions တွေထဲမှာ ဆိုရင်တော့ Love, Haha, Wow, Sad နဲ့ Angry တို့ပါဝင်ခဲ့ပါတယ်။ Facebook အနေနဲ့ ကိုယ်စိတ်ထဲရှိတဲ့ ခံစားချက်တွေကို ဖော်ပြလို့ရတဲ့ Reactions တွေကို ထပ်တိုးပေးလိုက်တာက အရမ်း အောင်မြင်သွားတယ်လို့ ဆိုရမှာပါပဲ။ Reactions တွေထည့်သွင်းပြီးတော့ တစ်နှစ်အတွင်းမှာ အသုံးပြုသူတွေဟာ အကြိမ်ပေါင်း ဘီလီယံ ၃၀၀  ခန့် React လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာဆိုရင် ပိုတောင် အသုံးများတဲ့ အပြင် အခုလို Reactions တွေနဲ့ ပတ်သက်ပြီး ဘန်းစကားတွေတောင် ပြောဆိုကြတာတွေအထိ တွေ့ရပါတယ်။ “အသည်းလေးပေးသွားတယ်” တို့ “ဟဟ ပဲရမယ်တို့” ဆိုတာ Facebook reactions တွေကနေ ရေပန်းစားလာတဲ့ ဘန်းစကားတွေပါ။

ဒါ့ပြင် Love reaction ကြောင့် သဝန်တို ဂျီကျ ကြတဲ့ စုံတွဲလေးတွေလည်း အမြဲ တွေ့လာရပါတယ်။ ကိုယ့်ချစ်သူက တစ်ယောက်ယောက်ကို Love React ပေးလိုက်တဲ့အခါ ရိုးရာလေး ပရိတ်သတ်တွေရော ဘယ်လို တုန့်ပြန်လေ့ရှိကြပါသလဲ။ ဘာမှမဟုတ်ဘူးလို့ တွေးပြီး ကျော်သွားကြတာ ရှိသလို ဒီကိစ္စကို အမှန်တကယ် စိတ်ထဲထားပြီး ပြသနာရှာတာတွေလည်း ပတ်ဝန်းကျင်မှာ မြင်နေရပါတယ်။

ဆိုရှယ်မီဒီယာကလည်း ဒီနေ့ ခေတ်မှာ သိပ်ပြီး လွှမ်းမိုးလာတယ်လို့ပြောလို့ရပါတယ်။ လွှမ်းမိုးချင်လောက်အောင်ပဲ ဆိုရှယ်မီဒီယာတွေက ပံ့ပိုးပေးထားတဲ့ ဖျော်ဖြေနိုင်မှု အတိုင်းအတာကလည်း မနည်းဘူးလို့ ဆိုရမှာပါပဲ။ ဖုန်းကို လက်ကနေ မခွာချင်လောက်အောင် ဆွဲဆောင်နိုင်တဲ့ အထိ အထူးသဖြင့် Facebook အသုံးပြုသူတွေ ဖြစ်လေ့ရှိတာပါ။ အခုလို Reactions တွေ ထည့်သွင်းပေးလိုက်တဲ့ သဘော သဘာဝ ကိုကလည်း သုံးစွဲသူတွေကို ပိုမို ဆွဲဆောင်နိုင်ခဲ့တဲ့ နည်းလမ်းတစ်ခုလို့ ဆိုရမှာပါပဲ။

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top