ကိုဗစ်မျိုးကွဲသစ်အန္တရာယ်ကာကွယ်ဖို့ အလေ့အကျင့်ကောင်းတွေ မွေးမြူကြမယ်

2-12-2021yyl3.png

ကူးစက်မြန်ပြီး ပြင်းထန်တဲ့ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် (Omicron) ရဲ့ သတင်းတွေကြောင့် ကမ္ဘာတစ်ဝှမ်းက လူတွေ စိတ်မအေးနိုင်ဖြစ်နေရပါတယ်။ တချို့နိုင်ငံတွေမှာ ဒီကိုဗစ်မျိုးကွဲသစ်ကူးစက်ခံနေရတဲ့သူတွေ တွေ့ရှိနေပါပြီ။ ဒါကြောင့် ပြည်ဝင်ခွင့်တွေတောင် ပြန်လည်ပိတ်ထားရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီကိုဗစ်မျိုးကွဲသစ်ကူးစက်ခံရတဲ့သူတွေ ရှိလာနိုင်တဲ့အတွက် ကိုဗစ်စည်းမျဉ်းတွေအားလုံးကို ဆက်လက်လိုက်နာကြဖို့လိုအပ်ပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အလေ့အကျင့်ကောင်းတွေမွေးမြူကြဖို့ အရေးကြီးလာပါပြီ။

ကိုဗစ်ဖြစ်ပွားနေချိန်မှာတင် ကိုဗစ်ရောဂါကာကွယ်ရာရောက်တဲ့ အလေ့အကျင့်တွေ လုပ်ရုံနဲ့မရပါဘူး။ ကိုဗစ်ငြိမ်သွားတဲ့အခါမှာလည်း ဆက်လက်လိုက်နာဆောင်ရွက်ပေးဖို့ လိုပါတယ်။ ကိုဗစ်မျိုးကွဲသစ်ကူးစက်မခံရဖို့အတွက် သင့်ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကောင်းနေဖို့ အရေးကြီးပါတယ်။ ဒါမှ သင့်ရဲ့ကိုယ်ခံအားစနစ်က ရောဂါကို တွန်းလှန်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့တာအလေ့အထကစပြီး တစ်နေ့တာအစားအသောက်အထိ ဂရုစိုက်ပြီး ကျန်းမာရေးနဲ့ညီညွှတ်စွာ ပြုမူနေထိုင်သင့်ပါတယ််။ Mask တပ်တာနဲ့ လက်ဆေးတာကတော့ မဖြစ်မနေလုပ်ဆောင်ရမယ့်အရာဆိုတာ လူတိုင်းသိပြီးသားပါပဲ။

ကိုဗစ်မျိုးကွဲသစ်ကူးစက်မခံရအောင် ကာကွယ်တဲ့အနေနဲ့ ကိုယ်ခံအားစနစ်ကောင်းဖို့အတွက် ဒီအလေ့အကျင့်ကောင်းတွေ မွေးမြူပေးသင့်ပါတယ်။

ကိုယ်ကာယတက်ကြွပြီး ကြံ့ခိုင်သန်မာစေမယ့် လှုပ်ရှားမှုတွေပြုလုပ်ပါ

လှုပ်လှုပ်ရှားရှားမနေဘဲ အိမ်မှာပဲ ခွေနေရင်လည်း ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ Workout ကို ပြင်းပြင်းထန်ထန်လုပ်စရာမလိုဘဲ ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးသင့်ပါတယ်။ သင်က တစ်နေ့တာ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်သင့်မလုပ်သင့် သေချာချင်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။ ဆရာဝန်တော်တော်များများကလည်း တိုင်ပင်ဆွေးနွေးအကြံပေးနေပါတယ်။

ကောင်းကောင်းအိပ်စက်ပါ

ကျွန်တော်တို့ကိုယ်ခံအားစနစ်အတွက် အရေးကြီးတာကတော့ အိပ်စက်ခြင်းပါပဲ။ အိပ်စက်ခြင်းက ကိုယ်ခံအားစနစ်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ လေ့လာချက်တော်တော်များများက ဆိုထားပါတယ်။ ကောင်းကောင်းမအိပ်စက်ဘူးဆိုရင် အိပ်ချိန်မမှန်ဘူးဆိုရင် ကိုယ်ခံအားစနစ်ကို ထိခိုက်စေပြီး ရောဂါကူးစက်ခြင်းအန္တရာယ်ကို ကြုံတွေ့ရနိုင်ပါတယ်။ တကယ်လို့ ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာ အကောင်းဆုံးပါပဲ။

အစားအသောက်ကို ဂရုစိုက်ပါ။ သကြားနဲ့ ဆားကို လျော့စားပါ

သင့်ကိုယ်အားစနစ်ကို အထောက်အပံ့ပေးနိုင်တဲ့ အာဟာရဓာတ်တွေကို အသီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံ၊ ပဲအမျိုးအမျိုးတွေကနေ ရနိုင်ပါတယ်။ အဲဒီအစားအစာတွေမှာ ပါရှိတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) က ရောင်ရမ်းမှုတွေကို လျော့ချပေးပြီး မတည်မငြိမ်ဖြစ်နေတဲ့ ဒြပ်ပေါင်းတွေကို တွန်းလှန်ပေးပါတယ်။ ကျန်းမာကို ထိခိုက်စေနိုင်တဲ့ ဆား၊ အချိုမှုန့်၊ သကြားတို့ကိုလည်း လျော့စားပေးသင့်ပါတယ်။ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေ စားသုံးမှ အလွယ်တကူ ရောဂါမကူးစက်နိုင်မှာဖြစ်ပါတယ်။

ရေများများသောက်ပေးပါ

ကျွန်တော်တို့ခန္ဓာကိုယ်က ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် ရေဓာတ် လုံလုံလောက်လောက်လိုအပ်ပါတယ်။ အခုဆို ဆောင်းရာသီဝင်လာပြီမို့ ရေများများသောက်ဖို့လိုလာပါပြီ။ ဆောင်းရာသီဆို ကျွန်တော်တို့တွေက ရေနည်းနည်းပဲ သောက်တတ်တဲ့ မှားယွင်းတဲ့အလေ့အထကို လုပ်မိတတ်တာကြောင့်ပါ။ ရေကို လုံလုံလောက်လောက်သောက်ပေးမှ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝစွာနဲ့ ကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ ရောဂါအလွယ်တကူမဝင်ရောက်နိုင်အောင်လည်း ကာကွယ်ပေးရာရောက်ပါတယ်။

စိတ်ဖိစီးမှုပမာဏကို ထိန်းပေးပါ

စိတ်ဖိစီးမှုက အားနည်းတဲ့ကိုယ်ခံအားလုပ်ဆောင်ချက်နဲ့ ဆက်စပ်နေတာပါ။ စိတ်ဖိစီးမှုပမာဏနဲ့ စိုးရိမ်ပူပန်မှုတွေတိုးလာတာနဲ့ သင့်ခန္ဓာကိုယ်ရဲ့သဘာဝခုခံစွမ်းအားစနစ်ကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး စိတ်ဖိစီးမှုမဖြစ်အောင် နေထိုင်ပါ။ စိတ်ဖိစီးမှုဖြစ်လာရင်လည်း လျော့ချပေးပါ။

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူပါ

သင့်ကျန်းမာရေး ကောင်းမကောင်းကို သေချာသိရှိရဖို့အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူသင့်ပါတယ်။ ရောဂါအခံရှိတဲ့သူက ကိုဗစ်ရောဂါပိုပြီး ကူးစက်ခံရနိုင်ပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူမယ်ဆိုရင် သင့်ခန္ဓာကိုယ်က ဗီတာမင်ဒီ၊ ကယ်စီယမ်၊ သံဓာတ်နဲ့ အခြားအာဟာရဓာတ်တွေ လိုအပ်နေလားဆိုတာ သေချာသိနိုင်မှာဖြစ်ပါတယ်။ ဒါမှ သင့်ခန္ဓာကိုယ်ကို အထောက်အပံ့ပေးနိုင်တဲ့ မှန်ကန်တဲ့ ဖြည့်စွက်အားဆေးကို သောက်သုံးနိုင်မှာဖြစ်ပါတယ်။

Ref: Scared of a possible third wave? Here are foods and habits that can boost your body’s immune response

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top