တရုတ်နိုင်ငံကို ငွေစျေးနှုန်း ကြိုးကိုင်ချယ်လှယ်တဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားတာကို အမေရိကန် ရုပ်သိမ်းပေး

yyl-005-7.jpg

တရုတ်နိုင်ငံက ငွေစျေးနှုန်း ကြိုးကိုင်ချယ်လှယ်နေတယ်ဆိုတဲ့ သတ်မှတ်ချက်ကို အမေရိကန်နိုင်ငံက ပြန်လည်ပယ်ဖျက်ပေးခဲ့ပါတယ်။ နှစ်နှစ်နိုင်ငံကြား ကုန်စည်စစ်ပွဲကို ဖြေလျှော့နိုင်ဖို့ ပြင်ဆင်နေချိန်မှာ အမေရိကန်နိုင်ငံက အခုလို ပြင်ဆင်ဖော်ပြခဲ့တာပါ။ ပြည်ပဝယ်လက်တွေ ဝယ်ချင်လာအောင် သူတို့ရဲ့ကုန်ပစ္စည်းတွေကို စျေးလျှော့ပေးဖို့အတွက် ငွေတန်ဖိုး ချတာမျိုးလုပ်မှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံက သဘောတူညီခဲ့ပြီးနောက်မှာ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ မှတ်ချက်ကို ပြန်ရုပ်သိမ်းပေးခဲ့တာလို့ အမေရိကန်နိုင်ငံက ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံဟာ အခုတစ်ပတ်အတွင်း ပထမအဆင့် ကုန်သွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။ ပထမအဆင့် ကုန်သွယ်ရေးသဘောတူစာချုပ်ကြောင့် ၂၀၁၈ ခုနှစ်နောက်ပိုင်း အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အပြန်အလှန် အခွန်စည်းကြပ်တဲ့ တင်းမာမှုတွေ လျှော့ချနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

တရုတ်နိုင်ငံက သူတို့ရဲ့ကုန်ပစ္စည်းတွေ စျေးနှုန်းသက်သာစေဖို့ ယွမ်ငွေ စျေးနှုန်းကျအောင် လုပ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်ဖန်တလဲလဲ စွပ်စွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကုန်စည်စစ်ပွဲ အထွတ်အထိပ်ဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့သြဂုတ်လနောက်ပိုင်း ယွမ်ငွေစျေးနှုန်း တည်ငြိမ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အမေရိကန်နိုင်ငံက ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်စည်ပဋိပက္ခတင်းမာမှုတွေ အထွတ်အထိပ်ဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့သြဂုတ်လမှာ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကို ငွေစျေးနှုန်း ကြိုးကိုင် ချယ်လှယ်တဲ့နိုင်ငံအဖြစ် တရားဝင် သတ်မှတ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ၁၉၉၄ ခုနှစ်နောက်ပိုင်း နိုင်ငံတစ်နိုင်ငံကို ငွေစျေးနှုန်း ကြိုးကိုင်ချယ်လှယ်တဲ့နိုင်ငံအဖြစ် ပထမဆုံးအကြိမ် တရားဝင်သတ်မှတ်ခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top