သြစတြေးလျတောမီးကနေ ထွက်ပေါ်လာတဲ့ မီးခိုးတွေ ကမ္ဘာတစ်ပတ် ပြည့်တော့မယ်

34-1.jpg

သြစတြေးလျတောမီးလောင်ကျွမ်းမှုကနေ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ မကြာခင် ကမ္ဘာတစ်ပတ်ပတ်ပြီး သြစတြေးလျနိုင်ငံကို ပြန်ရောက်လာလိမ့်မယ်လို့ နာဆာအဖွဲ့က ပြောပါတယ်။ သြစတြေးလျနိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ လနဲ့ချီ လောင်ကျွမ်းခဲ့တဲ့ တောမီးအကြီးအကျယ် လောင်ကျွမ်းမှုကနေ ထွက်ပေါ်လာတဲ့ မီးခိုးတွေဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းခဲ့ပါတယ်။ နှစ်သစ်ကူးနေ့ဝန်းကျင်မှာ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ တောင်အမေရိကတိုက်အထိ ရောက်ရှိခဲ့ပြီး ဇန်နဝါရီလ ၈ ရက်နေ့မှာ ကမ္ဘာတစ်ဝက်အထိ ခရီးပေါက်ခဲ့ပါတယ်။ “ မီးခိုးငွေ့တွေက အနည်းဆုံးကမ္ဘာကို တစ်ပတ်ပတ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်’’လို့ အမေရိကန်အာကာသအေဂျင်စီ နာဆာက ပြောပါတယ်။

သြစတြေးလျနိုင်ငံတဝန်းမှာ တောမီးရာနဲ့ချီ လောင်ကျွမ်းခဲ့လို့ အနည်းဆုံး လူ ၂၈ ယောက် သေဆုံးခဲ့ပြီး နေအိမ် ၂၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် မကြုံစဖူး တောမီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့တာလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့လို့ ကြုံတောင့်ကြုံခဲအနေနဲ့ အပူကြောင့်ဖြစ်တဲ့ မိုးတိမ်တောင် တော်တော်များများ ဖြစ်ပေါ်ခဲ့တယ်လို့ နာဆာအဖွဲ့က ပြောပါတယ်။ အဲဒီမိုးတောင်တိမ်တွေက မီးခိုးတွေကို မြေပြင်အထက် ၁၁ မိုင်အကွာလောက်အထိ မြင့်တဲ့ ကမ္ဘာ့လေထု ဒုတိယလွှာ(stratosphere)အထိ ရောက်ရှိစေခဲ့ပါတယ်။

“ကမ္ဘာ့လေထု ဒုတိယလွှာထဲ ရောက်သွားရင် မီးခိုးငွေ့တွေဟာ မိုင်ထောင်ချီ အကွာအဝေးအထိ ပျံ့နှံ့သွားနိုင်တယ်။ ဒါက ကမ္ဘာလုံးဆိုင်ရာ လေထုအခြေအနေကို သက်ရောက်မှုရှိစေပါတယ်’’လို့ နာဆာအဖွဲ့က ပြောပါတယ်။ ကမ္ဘာ့လေထု ဒုတိယလွှာထဲမှာ ရှိနေတဲ့ မီးခိုးငွေ့တွေဟာ လေထုကို အေးစေလား၊ ပူစေလားဆိုတာ သိရဖို့နဲ့ ဘယ်လိုသက်ရောက်မှုတွေ ရှိစေနိုင်လဲဆိုတာကို နာဆာက လေ့လာနေပါတယ်။ သြစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာ တောမီးလောင်ကျွမ်းမှု ၁၀၀ ကျော် ဖြစ်ပွားနေပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရာသီဥတု အေးခဲ့ပြီး မိုးရွာသွန်းမယ့် အခြေအနေ ဆက်ရှိနေတာက မီးငြှိမ်းသတ်ရေး ကြိုးပမ်းမှုတွေအတွက် အားတက်စရာ ဖြစ်စေခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top