ဆိုင်ကယ်စီးဦးထုပ်ရဲ့ ကျေးဇူးကြောင့် ကားကြိတ်လို့ ခေါင်းပြားမယ့် ဘေးမှ လွတ်ခဲ့တဲ့ အမျိုးသမီး

တရုတ်ပြည်အရှေ့ပိုင်းက ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသမီးတစ်ယောက်ဟာ ကွန်ကရစ်မွှေတဲ့ ထရပ်ကားကြီး အောက်ကို ခေါင်းရောက်သွားပေမဲ့ သေဘေးကနေ ကပ်သီလေး လွဲခဲ့ပါတယ်။ Zhu လို့ခေါ်တဲ့ အမျိုးသမီး မောင်းနှင်လာတဲ့ လျှစ်စစ်ဆိုင်ကယ် (စကူတာ) ကအိမ်စီးကားရဲ့ ကားတံခါးနဲ့ တိုက်မိပြီး မှောက်သွားတဲ့အချိန်မှာ ဘေးကဖြတ်လာတဲ့ ထရပ်ကား ဘီးအောက်ကို ခေါင်းရောက်သွားတာ ဖြစ်ပါတယ်။

“ဆိုင်ကယ်စီးဦးထုပ် (helmet) သာ မပါခဲ့ရင်တော့ ကျွန်မသေနေလောက်ပြီ” လို့ ကလေးနှစ်ယောက်မိခင် Zhu ကဆိုပါတယ်။ ဒီလိုမျိုး သည်းထိတ်ရင်ဖို ဖြစ်စဉ်မှာ ဖူးရောင် ပွန်းပဲ့ဒဏ်ရာကလွဲလို့ ကြီးကြီးမားမား ဘာမှမဖြစ်ခဲ့တာ ကံကောင်းတယ်လို့ ဆိုရမှာပါ။

ဒီယာဉ်မတော်တဆဖြစ်စဉ်က ကျင်းဟွာမြို့က ဟိုဒူရွာမှာ အင်္ဂါနေ့ မနက် ၉ နာရီလောက်က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကျင်းဟွာ ရဲတပ်ဖွဲ့ရဲ့ မှုခင်းမှတ်တမ်း ဗီဒီယိုမှာတော့ ထရပ်ကားက သူ့လမ်းကြောင်းအတိုင်း မောင်းနှင်လာချိန်မှာ Zhu ရဲ့ စကူတာက နောက်ကနေ ကပ်ပြီး ကျော်တက်ဖို့ ကြိုးစားနေတာကို တွေ့ရှိရပါတယ်။

လမ်းဘေးမှာ ရပ်ထားတဲ့ အိမ်စီးကားကနေ ကားတံခါး ဖွင့်လိုက်ချိန်မှာ ဆိုင်ကယ်နဲ့ တိုက်မိပြီး Zhu လွင့်ထွက်သွားတာ ဖြစ်ပါတယ်။ တိုက်မိတဲ့အရှိန်က ပြင်းတဲ့အတွက် ဘေးတစ်ဖက်က ထရပ်ကားကြီးရဲ့ နောက်ဘီးအောက်ကို ခေါင်းလည်ပြီး ရောက်သွားတာ ဖြစ်ပါတယ်။

ထရပ်ကားမောင်းသမား မစ္စတာ ကျန်းရဲ့ ပြောကြားချက်အရ စနူကာပေါ်က အမျိုးသမီး ကားဘီးအောက်ကို ရောက်သွားတယ်ဆိုတာ နောက်ကြည့်မှန်က မြင်လိုက်တဲ့အတွက် ကမန်းကတန်း ဘရိတ်အုပ်လိုက်တယ်လို့ ဆိုပါတယ်။ ထရပ်ကားပေါ်က ဆင်းကြည့်ချိန်မှာ Zhu ခေါင်းမှာ သွေးထွက်နေပြီး ဘေးနားမှာ တစ်စစီ ပျက်စီးသွားတဲ့ ဆိုင်ကယ်စီးဦးထုပ်ကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အိမ်စီးကား ဒရိုင်ဘာလည်း အရေးပေါ်ကားကို ခေါ်ပြီး တစ်ခါတည်း ရဲစခန်းကို ဖုန်းဆက်ခဲ့ပါတယ်။

ကျင်းဟွာပြည်သူတစ်ယောက်ဖြစ်ပြီး သားတစ်ယောက်၊ သမီးတစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ အမျိုးသမီး Zhu ကို ဆေးရုံပို့ခဲ့တဲ့အခါ ဆေးစစ်ချက်တွေအရ အတွင်းကြေ စုတ်ပြတ်ပေါက်ပြဲ ဒဏ်ရာသာ တွေ့ရပြီး ဦးနှောက်မှာတော့ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘူးလို့ ဆိုပါတယ်။

ကျင်းဟွာရဲတွေကတော့ ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြပါတယ်။

ဒီဖြစ်စဉ်က လမ်းပေါ်မှာ မောင်းနှင်သွားလာနေသူတွေ အားလုံးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းရဲ့ အရေးကြီးပုံကို အကောင်းဆုံး ဖော်ကျူးပြသသွားတာ ဖြစ်ပါတယ်။ ဆိုင်ကယ်စီးတဲ့အခါ ဆိုင်းကယ်စီး ဦးထုပ်ဆောင်းသင့်သလို ကားမောင်းတဲ့အခါမှာလည်း ခါးပတ်ပတ်ထားဖို့ လိုပါတယ်။ နောက်ထပ်အရေးကြီးတာကတော့ ယာဉ်ကြောအမှန် မောင်းနှင်တတ်ဖို့ပါ။

ဒီဖြစ်စဉ်ကို နှလုံးမူပြီး စည်းကမ်းနဲ့ သတိယှဉ်ကာ မောင်းနှင်သွားလာနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…။

Ref: dailymail “Motorcyclist is saved by her helmet after having her head run over by a massive truck in China”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top