အမေရိကန်ရဲတပ်ဖွဲ့ဝင်တွေကြောင့် လူမည်းတွေ သေဆုံးခဲ့တာကို စုံစမ်းစစ်ဆေးပေးဖို့ ဂျော့ဖလွိုက် ရဲ့ညီက ကုလသမဂ္ဂထံ တောင်းဆို

18-6-2020-yyl-006.jpg

အမေရိကန်နိုင်ငံမှာ ရဲတပ်ဖွဲ့ဝင်တွေကြောင့် လူမည်းတွေ သေဆုံးခဲ့တဲ့ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးပေးဖို့ ဂျော့ဖလွိုက်ရဲ့ညီက ကုလသမဂ္ဂထံ တောင်းဆိုခဲ့ပါတယ်။ မေလ ၂၅ ရက်မှာ မင်နီယာပိုလစ် ရဲတပ်ဖွဲ့ရဲ့ လူဖြူရဲအရာရှိက ဇက်ကို ဒူးဖြင့် ၉ မိနစ်လောက် ဖိထားခဲ့လို့ လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးခဲ့ပြီး ဒီဖြစ်ရပ်ကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းမှာ ဆူပူအုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ သူ့ရဲ့အစ်ကို နှိပ်စက်ညှဉ်းပန်းပြီး အသတ်ခံခဲ့ရတာကို တစ်ကမ္ဘာလုံး တွေ့မြင်ခဲ့ပြီး အမေရိကန်နိုင်ငံမှာ လူမည်းတွေရဲ့ အသက်ကို တန်ဖိုးမထားဘူးဆိုတာကို အဲဒီဖြစ်ရပ်က သက်သေပြနေတယ်လို့ ဖီလိုနစ်ဖလွိုက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ပြောခဲ့ပါတယ်။

ဂျော့ဖလွိုက် သေဆုံးခဲ့တဲ့ဖြစ်ရပ်ဟာ အဆမတန်ရက်စက်မှုဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ ဘာချီလတ်က ဝေဖန်ခဲ့ပါတယ်။ မျိုးဆက် အဆက်ဆက် ခံစားခဲ့ရတဲ့ နာကျင်မှုဝေဒနာ အထွတ်အထိပ်ရောက်လာလို့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာလို့ သူက ဆိုပါတယ်။ ကမ္ဘာ့နိုင်ငံတွေက ကျွန်စနစ်နဲ့ ကိုလိုနီနယ်ချဲ့ဝါဒရဲ့ ဆိုးမွေကို ရင်ဆိုင်တွန်းလှန်ကြပြီး ပြင်ဆင်ပေးဆပ်ကြဖို့ ဘာချီလတ်က တိုက်တွန်းခဲ့ပါတယ်။

ဂျော့ဖလွိုက် သေဆုံးပြီးနောက် ဖြစ်ပေါ်လာခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကိုလည်း လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးပေးဖို့ ဂျော့ဖလွိုက်ရဲ့ညီက ကုလသမဂ္ဂအရာရှိတွေကို တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတောင်းဆိုချက်ကို အတည်ပြုဖို့ လုံလောက်တဲ့ ထောက်ခံမှု ရ၊ မရ မသေချာပါဘူး။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့ နှစ်နှစ်ကတည်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ နုတ်ထွက်ထားပြီး အစည်းအဝေးတွေ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top