ခွေးတစ်ကောင်ကို ကယ်တင်ဖို့ ဒေါ်လာ ၁၀၀၀၀ စရိတ်တောင်းခဲ့တဲ့ ဆွစ်ဇာလန်အရေးပေါ်အဖွဲ့

1.11.23-yyl-14.jpg

ဆွစ်ဇာလန်နိုင်ငံမှာ မြေအောက်ပိုက်လိုင်းထဲ ပိတ်မိနေတဲ့ ခွေးတစ်ကောင်ကို အရေးပေါ်အဖွဲ့က ကယ်တင်ခဲ့ပြီး သခင်ဖြစ်သူထံကနေ ကယ်ဆယ်ရေးစရိတ် ဒေါ်လာ ၁၀၀၀၀ ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်း အသက် ၂၅ နှစ်အရွယ် ပြင်သစ်နိုင်ငံသား ချီချီဂေါက်က သူ့ရဲ့ခွေး ၃ ကောင်နဲ့အတူ ဥရောပတစ်ခွင် ခရီးထွက်လာရင်း ဆွစ်ဇာလန်နိုင်ငံအရောက်မှာ သူ့ရဲ့ ခွေးတစ်ကောင် ပျောက်ဆုံးသွားခဲ့တာပါ။

ဂိုင်ယာလို့ အမည်ပေးထားတဲ့ ၁၂ နှစ်အရွယ် Jack Russell Terrier ခွေးဟာ မြေခွေးတစ်ကောင်နောက်ကို လိုက်ရင်းနဲ့ ပျောက်သွားခဲ့တာပါ။ ချီချီဂေါက်ဟာ ဂိုင်ယာကို ၂ ရက်ကြာ လိုက်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ပါဘူး။

အဲဒီနောက်မှာ မီးသတ်သမားတစ်ယောက်က မြေအောက်ပိုက်လိုင်းထဲကနေ ခွေးတစ်ကောင်အသံကြားလို့ ရှာကြည့်တဲ့အခါ ဂိုင်ယာကို တွေ့ခဲ့တာပါ။ ပိုက်လိုင်းကျဉ်းထဲ ပိတ်မိနေတဲ့ ဂိုင်ယာကို ကယ်တင်ဖို့ အရေးပေါ်အဖွဲ့ကို အကြောင်းကြားခဲ့ရပါတယ်။ ကယ်တင်ရေးလုပ်ငန်းစဉ်မှာ လူအင်အားရော၊ စက်ကိရိယာ အကူအညီတွေပါ လိုအပ်တာကြောင့် ကုန်ကျစရိတ်ကို သခင်ဖြစ်သူ ချီချီဂေါက်ထံကနေ တောင်းခံခဲ့တာပါ။ ချီချီဂေါက်ကလည်း သူ့ခွေးလေး ဂိုင်ယာကို ကယ်နိုင်မယ်ဆိုရင် ကုန်ကျစရိတ်အားလုံး ပေးမယ်လို့ သဘောတူခဲ့တာပါ။

ဒါပေမဲ့ ဒေါ်လာ ၁၀၀၀၀ အထိ ကုန်ကျမယ်လို့ သူမထင်ခဲ့ပါဘူး။ ငွေတောင်းခံလွှာ ရောက်လာချိန်မှာတော့ ရက် ၃၀ အတွင်း ဒေါ်လာ ၁၀၀၀၀ ပေးချေရမယ်လို့ ရေးထားတာကြောင့် ချီချီဂေါက် အံ့အားသင့်ခဲ့ရပါတယ်။ ” ပိုက်လိုင်းထဲမှာ ကျွန်တော့်ခွေးလေး သေသွားတာမျိုး မဖြစ်စေချင်ဘူးလေ။ ကျွန်တော့်မှာ တခြားရွေးချယ်စရာမှ မရှိတာ။ ဒါပေမဲ့ ကယ်ဆယ်ရေးစရိတ်က ဒီလောက်ကျမယ် မထင်ဘူး။ သူတို့က ကျွန်တော့်သောကအပေါ်မှာ အမြတ်ထုတ်သွားကြသလိုပါပဲ” လို့ ချီချီဂေါက်က ဆိုပါတယ်။

ဒီအကြောင်း သိသွားချိန်မှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ခွေးချစ်သူတွေက ချီချီဂေါက်အတွက် ငွေကြေးလှူဒါန်းပေးခဲ့ကြပါတယ်။

Ref: Firefighters Save Dog Stuck in Narrow Pipe, Then Charge Owner $10,000

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top