ပင်ပန်း နေတဲ့ မနက်ခင်းမှာ အားဖြည့်ပေးနိုင်မယ့် အစားအစာတွေ

yyl-040-4.jpg

အရင်ရက်က ပင်ပန်း ထားတာ၊ အလုပ်တွေများထားတာ၊ အိပ်ရေးပျက်ထားတာ၊ စိတ်ဖိစီးတာတွေကြောင့် အိပ်ရာထတဲ့အချိန်မှာ ပင်ပန်းနွမ်းလျနေတာမျိုး ဖြစ်ဖူးတယ်မလား။ အိပ်ရာထဲက ထဖို့ကို အတော်အားယူပြီး ကိုယ့်ဘာသာတိုက်ပွဲဝင်နေရတာ သိပ်တော့မလွယ်ဘူးလေ။ ဒီလိုအချိန်မျိုးမှာ လူကို လန်းဆန်းအားပြည့်လာအောင် အစားအစာလေးတွေနဲ့ ဆွဲဆောင်ရတော့မှာပဲ။ စူပါအစားအစာလို့ ခေါ်လို့ရတဲ့ ခွန်အားတိုးအစားအသောက်တွေကတော့ အဆီအဆိမ့်နဲ့ လူကို ဝိတ်တက်စေမယ့် အရာတွေ မပါပါဘူးနော်။ ဒီစာရင်းမှာ အသီးအနှံတွေနဲ့ အသီးအရွက်တွေသာ ပါမယ်ဆိုတာ ကြိုပြောထားပါရစေ။ တာရှည်ခံပစ္စည်းပါတဲ့ ပြုပြင်အစားအစာတွေ၊ အဆီ၊ အငန်များတာတွေနဲ့ဆို ပင်ပန်း နေတဲ့လူက မသက်သာဘဲ ပိုတောင် ခေါင်းစိုက်သွားပါလိမ့်မယ်။

ဘာတွေ စားမလဲ

ပင်ပန်း နေတဲ့အချိန် ရာသီပေါ်အသီးအနှံလေးတွေ၊ အစေ့အဆန်နဲ့ ပေါ့ပေါ့ပါးပါး အသီးအရွက်ဟင်းလျာလေးတွေနဲ့ ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေကို ဖြေထုတ်လိုက်ပါ၊ အားဖြည့်လိုက်ပါ –

ထောပတ်သီး

ထောပတ်သီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အကျိုးပြုအဆီတွေကြွယ်ဝလို့ နာရီအတော်ကြာတဲ့အထိ ခန္ဓာကိုယ်ကို အားပြည့်နေစေမှာပါ။ အမျှင်ဓာတ်လည်း ပါဝင်မှုများလို့ သွေးတွင်းသကြားကို ထိန်းပေးနိုင်တယ်။ ထောပတ်သီးကို မနက်စာမှာ ထည့်စားတာ ဒါမှမဟုတ် ဖျော်ရည်တွဲသောက်တာလည်း အဆင်ပြေပါတယ်။

ဖရဲသီး

ရေဓာတ်မပြည့်ဝတဲ့အချိန်မျိုးမှာ လူက ဘယ်လိုမှနေလို့မကောင်းနိုင်ပါဘူး။ အရင်နေ့က ရေဓာတ်လုံလောက်အောင်မရရှိထားရင် ဒီလိုမနက်မှာ အဆင်မပြေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေကို စားပေးသင့်ပါတယ်။ ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်တဲ့ ဖရဲသီးကို တစ်နေ့တာရဲ့ ဘယ်အချိန်မှာဖြစ်ဖြစ် စားပေးသင့်ပါတယ်။ ဗီတာမင်နဲ့သတ္တုဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအပြင် အမိုင်နိုအက်စစ်တွေလည်း ပါဝင်ပါတယ်။

ဗာဒံစေ့

ဗာဒံစေ့မှာ ပရိုတင်း၊ အမျှင်ဓာတ်နဲ့ အကျိုးပြုအဆီတွေ အများကြီးပါဝင်ပါတယ်။ ခွန်အားအဖြစ်ပြောင်းလဲသွားမှာဖြစ်တဲ့ ဗီတာမင် ဘီအုပ်စုလည်း ကြွယ်ဝတဲ့အပြင် ကြွက်သားညောင်းညာမှုကို သက်သာစေမယ့် မဂ္ဂနီဆီယမ်လည်း ပါဝင်မှုများပါတယ်။

ကိုက်လန်

ကိုက်လန်ရွက်မှာ ခွန်အားပြည့်ဖို့ မရှိမဖြစ်အရေးပါတဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ သံဓာတ်ကြွယ်ဝသလို ကယ်လ်စီယမ်၊ ဖောလိတ်နဲ့ ဗီတာမင်ဘီအုပ်စုဝင်တွေ အများကြီးပါဝင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးက လှုပ်ရှားသွားလာနေတဲ့ ခန္ဓာကိုယ်ကို လောင်စာဖြည့်ပေးမယ့် အစားအစာတစ်မျိုးပါပဲ။ ပိုတက်စီယမ်ကြွယ်ဝတဲ့ ဒီအသီးက အမျှင်ဓာတ်လည်းများတယ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် ဘီတွေ အများကြီးပါသေးတယ်။ ကြက်ဥနဲ့ ငှက်ပျောသီး၊ နို့ ပါတဲ့ မနက်စာကို စားမယ်ဆို ပိုပြီးပြည့်စုံတာပေါ့။ ငှက်ပျောသီးမှည့်က အစိမ်းထက် ခွန်အားပိုဖြစ်စေတယ်။

ကြက်ဥ

ကြက်ဥတစ်လုံးမှာ အရည်အသွေးမြင့်ပရိုတင်းနဲ့ အကျိုးပြုအဆီတွေပါဝင်ပြီး တစ်နေ့တာလုံးအတွက် တာရှည်ခံတဲ့ ခွန်အားပြည့်ခြင်းကို ရရှိနိုင်ပါတယ်။ ကြက်ဥဟာ သံဓာတ်၊ ဗီတာမင် ဒီ၊ ကိုလင်းဓာတ်၊ ဗီတာမင် ဘီတွဲ အပါအဝင် ဗီတာမင်နဲ့ သတ္တုဓာတ်အရင်းအမြစ် တစ်ခုဖြစ်ပါတယ်။ ကိုလက်စထရောလျှော့စားနေသူကလွဲလို့ မနက်စာမှာ ထည့်စားတဲ့အခါ ကြက်ဥအနှစ်ရော၊ အကာပါ စားဖို့ မမေ့ပါနဲ့။ အနှစ်က အာဟာရအပြည့်ဆုံးအပိုင်းဖြစ်နေလို့ပါ။

နွမ်းနယ်နေတဲ့ စိတ်နဲ့ခန္ဓာ အားပြည့်လန်းဆန်းစေနိုင်ဖို့ တစ်နေ့တာမှာ မနက်ဖြစ်ဖြစ် နေ့လယ်ဖြစ်ဖြစ် ဒီအစားအစာတွေထဲက ရွေးချယ်စားသုံးကြည့်လိုက်ပါ။

Ref : Hellosayarwon

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top