Covid-19 က ကမ္ဘာ့နိုင်ငံတွေကို တံခါးလာခေါက်နေပြီ

yyl-041-3.jpg

”Covid-19 က တံခါးလာခေါက်နေပြီ။ ကမ္ဘာ့နိုင်ငံတွေ အသင့်ပြင်ထားကြတော့”လို့ WHO က သတိပေးထားပါတယ်။ တရုတ်နိုင်ငံထဲမှာပဲ အဓိကကူးစက်ပျံ့နှံ့ခဲ့ရာကနေ အခုဆိုရင် တောင်ကိုရီးယား၊ အီတလီ၊ အီရန်နိုင်ငံတွေမှာ ကူးစက်ပျံ့နှံ့တဲ့အခြေအနေ ဖြစ်နေပါပြီ။ တစ်ပတ်အတွင်း တောင်ကိုရီးယားနိုင်ငံမှာ Covid-19 ကူးစက်ခံရတယ်လို့ အတည်ပြုနိုင်သူ ၉၇၇ ယောက်အထိ မြင့်တက်လာတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အချိန်တိုအတွင်း လူတော်တော်များများ ကူးစက်ခံရတာ ဘာကြောင့်လဲလို့မေးရင် “တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဒဲဂုမြို့မှာရှိတဲ့ ရှင်ချွန်းဂျီဘုရားကျောင်းကြောင့်”လို့ ဖြေရလိမ့်မယ်။ အဲဒီဘာသာရေးဂိုဏ်းက လျှို့ဝှက်တဲ့ သဘောသဘာဝရှိလို့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေတာကို ဖုံးကွယ်ထားသလို ဖြစ်စေခဲ့တယ်။ လူနာအမှတ် ၃၁ လို့ လူသိများတဲ့ (၆၁)နှစ်အရွယ် အမျိုးသမီးမှာ ဗိုင်းရပ်စ်ကူးစက်ခံနေရတာ ပြီးခဲ့တဲ့တစ်ပတ်က တွေ့ရတယ်။ သူက လူစည်ကားတဲ့ ဘာသာရေးအခမ်းအနားတွေ တက်ခဲ့လို့ လူ ၁၁၆၀ ယောက်နဲ့ ထိတွေ့ခဲ့ပုံပေါ်တယ်။ ရှင်ချွန်းဂျီဘုရားကျောင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေတိုင်း လူနာအမှတ် ၃၁ ဆီကနေ ကူးစက်သွားခဲ့တာဖြစ်ဖို့ များတယ်။

တောင်ကိုရီးယားနိုင်ငံမှာ Covid-19 ကြောင့် လူ ၁၄ ယောက် သေဆုံးခဲ့ပြီး သမ္မတမွန်ဂျေအင်ကတော့ ”အခြေအနေ တော်တော်ဆိုးတယ်”လို့ ထုတ်ပြောထားတယ်။ ရှင်ချွန်းဂီဘုရားကျောင်းနဲ့ ဆက်နွှယ်နေသူ ၂၀၀၀၀၀ ကျော်ကို စစ်ဆေးဖို့ ရှိတယ်လို့ တောင်ကိုရီးယားကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ စတိုးဆိုင်တွေမှာ ပစ္စည်းထပ်ချရင် နှာခေါင်းစည်းဝယ်ဖို့ စီတန်းနေသူက ထောင်နဲ့ချီ ရှိနေပြီ။

အီရန်နိုင်ငံမှာလည်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပါ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်။ ကူးစက်ခံရသူ ၉၅ ယောက်၊ သေဆုံးသူ ၁၈ ယောက်ရှိတယ်။ အမေရိကန်နဲ့ တခြားအဖွဲ့အစည်းတွေက စီးပွားရေးအရေးယူပိတ်ဆို့ထားလို့ အီရန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့တာကို တားဆီးဖို့ တော်တော်ခက်ခဲမယ့်အခြေအနေပါပဲ။ စပိန်နိုင်ငံ တန်နီရစ်ဖ်ကျွန်းပေါ်က Costa Adeje Palace ဟိုတယ်မှာ လာတည်းတဲ့ အီတလီနိုင်ငံသားတစ်ယောက် Covid-19 ကူးစက်ခံထားရလို့ ဟိုတယ်မှာ လာတည်းသူအားလုံး ကိုယ့်အခန်းထဲမှာ ကိုယ်နေကြဖို့ ညွှန်ကြားထားပါတယ်။

ဥရောပတိုက်မှာ Covid-19 ကူးစက်ပျံ့နှံ့မှုအများဆုံးနိုင်ငံကတော့ အီတလီပါပဲ။ အီတလီနိုင်ငံမှာ ကူးစက်ခံရသူအရေအတွက်က နေ့ချင်းညချင်း မြင့်တက်လာတယ်။ ဒီနေ့အချက်အလက်တွေအရဆိုရင် ကူးစက်ခံရသူ ၂၈၃ ယောက်၊ သေဆုံးသူ ၇ ယောက် ရှိနေတယ်။ အီတလီဝန်ကြီးချုပ် ဂူဆက်စပီကွန်တီကတော့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု တစ်ခုနဲ့ပတ်သက်ပြီး ဆေးရုံတစ်ခုရဲ့ စီမံခန့်ခွဲမှုကို အပြစ်တင်ဝေဖန်ခဲ့တယ်။

ဘယ်ဆေးရုံလဲဆိုတာတော့ အမည်တပ်မပြောခဲ့ဘူး။ Covid-19(ကိုရိုနာဗိုင်းရပ်စ်သစ်)ကူးစက်ပျံ့နှံ့မှုက ကျန်းမာရေးနဲ့ ဆေးပစ္စည်းတွေ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အပိုပစ္စည်းကွန်ရက်ကို ပြန်စဉ်းစားဖို့ လိုအပ်တဲ့ အပြောင်းအလဲတစ်ရပ်လို့ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။ ဥပမာ နှာခေါင်းစည်းထုတ်လုပ်မှုအတွက် တရုတ်တစ်နိုင်ငံကိုပဲ ပုံအပ်ထားမိတဲ့ အခြေအနေမျိုးပေါ့။

Covid-19 ကူးစက်ပျံ့နှံ့တဲ့ နိုင်ငံတွေထဲမှာ သြစတြီးယားနဲ့ ခရိုအေးရှားပါ ပါလာပြီ။ Covid-19 ကူးစက်ပျံ့နှံ့နေတဲ့ နိုင်ငံ/ဒေသက ၃၉ ခုအထိ ရှိလာပြီ။ ကမ္ဘာတစ်ဝန်းမှာ ကူးစက်ခံရသူက ၈၀၃၄၈ ယောက်၊ သေဆုံးသူက ၂၇၀၇ ယောက်၊ ရောဂါပြန်သက်သာသွားသူကတော့ ၂၇၈၈၉ ယောက်ရှိတယ်။ အခုချိန်ထိတော့ WHO က Covid-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဆင့် မသတ်မှတ်သေးဘူး။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံအားလုံး ကြိုတင်ပြင်ဆင်မှု တိုးမြှင့်လုပ်ဆောင်ပြီး အသင့်အနေအထား ပြင်ဆင်ထားကြဖို့တော့ အထပ်ထပ် တိုက်တွန်းထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top