လူဆိုးဂိုဏ်းအဖွဲ့ဝင်ဖြစ်ခဲ့ဖူးတဲ့ဆရာက Teacher Of The Year ဆုကို ရရှိခဲ့

photo.jpg

ဆရာတစ်ယောက်မဖြစ်ခင်က လူဆိုးဂိုဏ်းအဖွဲ့ဝင်ဖြစ်ခဲ့ဖူးတဲ့ ဒါရီရန် ကော့ခ်ရယ် (Darrion Cockrell) ဟာ ၂၀၂၁ခုနှစ်ရဲ့ Missouri Teacher of the Year ဆုကို ရရှိခဲ့ပါတယ်။ သူ့ရဲ့တပည့်တွေအတွက် “Mr DC” လို့ သိကြတဲ့ PE (Physical Education) ဆရာတစ်ယောက်ဖြစ်ပြီး Crestwood Elementary မှာတာဝန်ထမ်းဆောင်နေတာပါ။ သူဟာ Teacher of the Year ဆုအတွက် ဝမ်းသာပီတိစကားပြောကြားခဲ့ချိန်မှာ သူ့ရဲ့ဝမ်းနည်းစရာငယ်ဘဝအကြောင်းကို ပြောပြခဲ့ပါတယ်။

ဒါရီရန်ရဲ့အမေက ဆေးသမားတစ်ယောက်ဖြစ်ပြီး သူ့အဖေကတော့ ဒါရီရန် အသက် ၄ နှစ်အရွယ်မှာ အသတ်ခံခဲ့ရတာပါ။ အဲဒါကြောင့်ပဲ ဒါရီရန်က မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ရပါတယ်။ အဲဒီလိုဒုက္ခရောက်နေရတဲ့အချိန်တွေမှာ သူဟာ ကျရှုံးဖို့အတွက် မွေးဖွားလာခဲ့တာလို့ပဲ ခံစားခဲ့ရတာပါ။ မူးယစ်ဆေးနဲ့ အကြမ်းဖက်မှုတွေရှိတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တဲ့ ဒါရီရန်က အသက် ၁၀ နှစ်မှာ လူဆိုးဂိုဏ်းအဖွဲ့ထဲကို ဝင်ခဲ့ပါတယ်။ သူက လူဆိုးဂိုဏ်းအဖွဲ့ဝင်ဖြစ်ခဲ့ဖူးတာကို ဖုံးကွယ်မထားခဲ့ပါဘူး။ အခုလိုပဲ ရိုးရိုးသားသားဖွင့်ပြောခဲ့ပါတယ်။

“မင်းတို့ရဲ့ 2021 Missouri Teacher of the Year က လူဆိုးဂိုဏ်းအဖွဲ့တစ်ဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်ခဲ့ဖူးတယ်။ ကျွန်တော် အောက်ခြေကနေ စတင်ခဲ့ပြီး အခု ကျွန်တော် ဒီနေရာရောက်နေပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကို ပြန်ပြောရရင် အဲဒါက ကျွန်တော်အတွက် သာမန်ပါပဲ။ ဒါက သာမန်ဘဝဖြစ်ပြီး ကျွန်တော်ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်မှာလို နေခဲ့ရတဲ့ကလေးတွေတော်တော်များများအတွက်လည်း ဒါက တူညီတဲ့လက်တွေ့ဘဝဖြစ်ပါတယ်” လို့ ဆိုပါတယ်။

မိဘမဲ့ဂေဟာမှာနေထိုင်ရင်း၊ လူဆိုးဂိုဏ်းအဖွဲ့ဝင်ဖြစ်နေရင်းနဲ့ (၉) နှစ်အကြာမှာ ဒါရီရန်ကို ဘောလုံးနည်းပြနဲ့သူ့ဇနီးက မွေးစားခဲ့ပြီး နောက်ပိုင်းမှာ အခုလိုအခြေအနေမျိုးရောက်ရှိနေတဲ့လူတစ်ယောက်ဖြစ်လာမယ့်အခွင့်အရေးရရှိလာခဲ့ပါတယ်။ ဆုလက်ခံစဉ်ပြောခဲ့တဲ့သူ့စကားတွေက အခြားသူတွေရဲ့ဘဝတွေမှာ ကောင်းတာတွေရော၊ မကောင်းတာတွေရော သက်ရောက်မှုဖြစ်စေနိုင်တဲ့ အာဏာစွမ်းအားတွေကို ဆရာ၊ ဆရာမတွေ နားလည်ဖို့အတွက်ပါပဲ။

ဒါရီရန်က သူတက်ရောက်ကြီးပြင်းခဲ့ရတဲ့ ကျောင်းကို မုန်းခဲ့ပြီး ကျောင်းအသစ်ပြောင်းခဲ့တဲ့အချိန်မှာတော့ အရာရာဟာပြောင်းလဲသွားခဲ့တယ်လို့လည်း ဆိုပါတယ်။ “ကျွန်တော့်ရဲ့ဆရာ၊ဆရာမအသစ်တွေက တကယ်ကို ဂရုစိုက်ခဲ့ပါတယ်။ သူတို့က ကျွန်တော့်နဲ့ကျွန်တော့်မိသားစုကို တွန်းအားပေးခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ကို ပံ့ပိုးပေးခဲ့တယ်။ ဒီအတွေ့အကြုံတွေက လူတွေအပေါ်၊ ကျောင်းအပေါ်ထားခဲ့တဲ့ ကျွန်တော့်ရဲ့အယူအဆအမြင်တွေကို ပြောင်းလဲပစ်ခဲ့ပါတယ်” လို့ ဒါရီရန်က ပြောပါတယ်။

ဒါရီရန်က ကိုဗစ်ကပ်ရောဂါအတွင်းမှာ Crest-fit အမည်ရတဲ့ Fitness Training Programme နဲ့ လိုင်းပေါ်က သင်ကြားပေးတဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေက သူ့ကို ဒီဆုရရှိစေခဲ့ပါတယ်။ “မစ်ဆိုရီပြည်နယ်က အရည်အချင်းရှိတဲ့ဆရာတွေရှိတဲ့အတွက် အရမ်းကံကောင်းပါတယ်။ ဒါရီရန်က ကျွန်တော်တို့ပြည်နယ်ရဲ့ Teacher of the Year အဖြစ် ကိုယ်စားပြုသွားမှာပါ။ သူက သူ့ရဲ့ကျောင်းသား၊သူတွေကို ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကောင်းကျိုးတွေကို လမ်းညွှန်ပြသပေးပါတယ်။ သူ လုပ်ဆောင်ခဲ့တဲ့အရာက နောက်လာမယ့်နှစ်တွေမှာလည်း ကလေးတွေမှာ သက်ရောက်မှုရှိလာမှာပါ” လို့ ပညာရေးကော်မရှင်အဖွဲ့ဝင် မက်ဂီ ဘန်ဒီဗန်က ပြောပါတယ်။

Ref: Ladbible “Former Gang Member Named Missouri Teacher Of The Year”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top