အစိုးရသစ်ဖွဲ့စည်းရာတွင် တိုင်းရင်းသားပါတီများက ပါဝင်သင့်တဲ့သူကို တင်ပြလာပါက ထည့်သွင်းစဉ်းစားမည်ဟု NLD ပြော

18-12-2020-yyl08.jpg

အသစ် ဖွဲ့စည်းမယ့် အစိုးရအသစ်မှာ တိုင်းရင်းသားပါတီတွေက ပါဝင်သင့်တယ်လို့ တင်ပြသူတွေကို ထည့်သွင်းစဉ်းစားသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ဒီဇင်ဘာလ (၁၂)ရက်နေ့ က နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ ပါတီ ယာယီဌာနချုပ်(ရုံးခွဲ)မှာ ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ထည့်သွင်းပြောကြားခဲ့တာပါ။

“ကျွန်တော်တို့ က တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးတဲ့အခါမှာလတ်တလော အစိုးရဖွဲ့ရေး ဆိုတာထက် ကျွန်တော်တို့က အနာဂတ်ပြည်ထောင်စုဖြစ်တဲ့ ပုံသဏ္ဍာန်ကို ကျွန်တော်တို့ ဘုံသဘောတူညီမှုရအောင် လုပ်တာဖြစ်ပါတယ်။သို့သော် တိုင်းရင်းသား နိုင်ငံရေးပါတီတွေက တင်ပြလာတယ်။ ဒီပြည်ထောင်စု အစိုးရ ပြည်နယ်အစိုးရ မှာ ပါဝင်သင့်တဲ့လူတွေ သူတို့တင်ပြလာတယ် ဆိုရင်လည်း ဒါကျွန်တော်တို့ ထည့်သွင်း စဉ်းစားရမယ်” လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

တင်ပြလာတဲ့ အပေါ်ထည့်သွင်းစဉ်းစားသွားမှာဖြစ်ပြီး ပြန်လည်ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အစိုးရသစ်ဖွဲ့စည်းရာမှာ အဟောင်းတွေလည်း ပါဝင်မှာ ဖြစ်သလို အသစ်တွေလည်း ပါဝင်လာမှာဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေနဲ့ နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမယ့် ပြည်ထောင်စုအရေး ကိစ္စမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ နိုဝင်ဘာလ (၁၁)ရက်နေ့မှာ ထုတ်ပြန်ဖိတ်ခေါ်ခဲ့ပြီး ဒီလို ဖိတ်ခေါ်မှုအ‌ပေါ် ကြိုဆိုထောက်ခံကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း တိုင်းရင်းသား ပါတီအများစုက ပြန်လည်ထုတ်ပြန်ခဲ့ကြတာပါ။

တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးနိုင်ဖို့ ဒီနေ့ အစည်းအဝေးမှာ ဒေါက်တာ အောင်မိုးညို ၊ဒေါ်နန်းခင်ထွေးမြင့် နဲ့ ဦးအင်ထုံးခါးနော်ဆမ် တို့ (၃)ဦးကို ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

NLD ပါတီ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိစဉ်က အစိုးရဖွဲ့ရာမှာလည်း တိုင်းရင်းသားတွေကို နေရာပေး ထည့်သွင်းဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ရဲကိုဦး ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top