ကိုဗစ်ကပ်ဘေးကြောင့် အစ္စလာမ်ဘာသာဝင် (၁၀၀၀) ဝန်းကျင်ပဲ ဝတ်ပြုခွင့်ပြုခဲ့တဲ့ ဟာ့ဂျ် ဝတ်ပြုခရီးစဉ်

30-7-2020-yyl-026.jpg

ကမ္ဘာတစ်ဝန်းက အစ္စလာမ်ဘာသာဝင် ဝတ်ပြုသူတွေအတွက် ဟာ့ဂျ်ဝတ်ပြုခရီးစဉ်က နှစ်စဉ်နှစ်တိုင်းပြုလုပ်လေ့ရှိတဲ့ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ဖြစ်ပါတယ်။ ဝတ်ပြုသူတွေက အပြစ်တွေ ဆေးကြောဖို့၊ ခွင့်လွှတ်ဖို့၊ ခွင့်လွှတ်မှု ခံယူဖို့အတွက် မက္ကာမြို့ (Mecca) ကို သွားရောက်ဝတ်ပြုကြရပါတယ်။ အရင်တုန်းက အစ္စလာမ်ဘာသာဝင်ဝတ်ပြုသူ (၂) သန်းကျော်က ဟာ့ဂျ်ဝတ်ပြုခရီးစဉ်ကို တက်ရောက်ကြပါတယ်။ အခုနှစ်မှာတော့ ကပ်ရောဂါကြောင့် ဆော်ဒီအာဏာပိုင်တွေက လူစုလူဝေးမဖြစ်ဖို့အတွက် ဝတ်ပြုခရီးစဉ်မှာ ဝတ်ပြုသူ (၁၀၀၀) ဝန်းကျင်ကိုသာ တက်ရောက်ခွင့်ပြုခဲ့ပါတယ်။

အစ္စလာမ်ဘာသာဝင်ဝတ်ပြုသူ (၁၀၀၀) ဝန်းကျင်က Social Distancing စည်းမျဉ်းတွေကို လိုက်နာကာ ဝတ်ပြုခရီးစဉ်ကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပါတယ်။ ခါတိုင်းနှစ်တွေက ဟာ့ဂျ်ဝတ်ပြုခရီးစဉ်မှာ ဝတ်ပြုသူသန်းချီမြင်တွေ့ခဲ့ရပေမယ့် အခုနှစ်ဝတ်ပြုပွဲမှာတော့ မြေပြင်မှာ မှတ်သားထားတဲ့ စက်ဝိုင်းအတိုင်း လူတစ်ယောက်နဲ့ တစ်ယောက်ခပ်ခွာခွာနေပြီး ကအ်ဘာကျောင်းတော် (Kaaba)ကို လက်ဝဲရစ်ရစ်ကာ လှည့်လည်သွားလာနေတဲ့ ဝတ်ပြုသူတွေကို မြင်တွေ့ခဲ့ရပါတယ်။ အမှတ်အသားလုပ်ထားတဲ့နေရာမှာ လမ်းလျှောက်သွားတဲ့ ဝတ်ပြုသူတွေကို တစ်ယောက်နဲ့တစ်ယောက် ခြားထားပါတယ်။

မက္ကာမြို့က ဘာသာရေးအဖွဲ့ The Tawaf AI-Qudumက အစ္စလာမ်ဘာသာဝင်တွေ အရင်ကမြင်တွေ့ရတာနဲ့ မတူတော့ပါဘူး။ ပုံမှန်ဆို မဏ္ဍိုင်ကြီး ၅ ခုထဲက တစ်ခုဖြစ်တဲ့ ဟာ့ဂျ်ဝတ်ပြုခရီးစဉ်ကို ဝတ်ပြုသူ (၂) သန်းကျော် တက်ရောက်ခဲ့ပါတယ်။ အခုနှစ် ဟာ့ဂျ်ဝတ်ပြုခရီးစဉ်ကို အခြားနိုင်ငံက ဝတ်ပြုသူတွေ တက်ရောက်ခွင့်မရှိပါဘူး။ အသက် (၂၀) နဲ့ (၅၀) ကြား ဆော်ဒီနိုင်ငံသားနဲ့ ဆော်ဒီအာရေဗျမှာ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို တက်ရောက်ခွင့်ပြုထားပါတယ်။

“ဝတ်ပြုသူတိုင်း ဘေးကင်းလုံခြုံစေမယ့် ပတ်ဝန်းကျင်မျိုးဖြစ်အောင် လုပ်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါကြောင့် သူတို့အားလုံးအတွက် လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေ၊ တစ်ကိုယ်ရေးသုံးပစ္စည်းတွေကို အခမဲ့ ထောက်ပံ့ပေးထားပါတယ်”လို့ ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးက ပြောပါတယ်။ Grand Mosque မှာ ဝတ်ပြုဆုတောင်းသူတွေအတွက် ဖျာတွေကိုလည်း ခြားပေးပါတယ်။ ဝတ်ပြုသူတွေအားလုံးက လုံခြုံရေးတင်းကျပ်မှုနဲ့ ကျန်းမာရေးစမ်းသပ်ချက်တွေကို စစ်ဆေးခံယူပြီးသားဖြစ်တယ်လို့ ဆော်ဒီအာဏာပိုင်တွေအရသိရပါတယ်။

“ဟာ့ဂျ်ဝတ်ပြုခရီးစဉ်ရဲ့ တချို့ဓလေ့ထုံးစံက တစ်ချိန်တည်းနဲ့ တစ်နေရာတည်းမှာ ဝတ်ပြုသူတွေရှိနေရမှာဖြစ်တဲ့အတွက် ဝတ်ပြုသူတွေကို ခွဲထားလို့မရပါဘူး။ ဒါကြောင့် Social Distancing နည်းနဲ့ အဲဒီနေရာတွေကို ပြင်ဆင်ကြရပြီး အဲဒီနေရာတွေအတွက် ကိုယ်ပိုင်ကာကွယ်ရေးပစ္စည်းတွေရအောင် ပြုလုပ်ပေးထားရပါတယ်”လို့လည်း ပြောပါတယ်။

Ref: CNN “From 2 million to 1,000: Striking photos show socially-distanced Hajj”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top