မာဆေးဆိုက်ဒ်ဒါဘီမှာ သရေပွဲဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာက ဖယ်ပေးလိုက်ရတဲ့ လီဗာပူး

ss1.jpg

မာဆေးဆိုက်ဒ်ဒါဘီမှာ သရေပွဲဖြစ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာက ဖယ်ပေးလိုက်ရတဲ့ လီဗာပူး

အဲဗာတန်နဲ့ လီဗာပူးတို့ရဲ့ မာဆေးဆိုက်ဒါဘီပွဲကတော့ ဂိုးမရှိ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒီပွဲဟာ အမှတ်ပေးပြိုင်ပွဲမှာ ပွဲ ၂၀၀ မြောက် တွေ့ဆုံတဲ့ မာဆေးဆိုက်ဒါဘီပွဲဖြစ်ပြီး (၃၄) ကြိမ်မြောက် ဂိုးမရှိသရေပွဲ ဖြစ်ပါတယ်။

ဆာလာ၊ မာနေး၊ အိုရီဂီတို့ တိုက်စစ်ပိုင်းနဲ့ ပွဲထွက်လာတဲ့ လီဗာပူးဟာ ပထမပိုင်းမှာ ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ အဆုံးသတ် မသေချာခဲ့လို့ ဂိုးမရခဲ့ပါဘူး။ ပွဲချိန် (၂၈) မိနစ်မှာ ဆာလာ ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ခဲ့ပေမဲ့ သူ့ကန်ချက်ကို အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ် ပုတ်ထုတ်နိုင်ခဲ့ပြီး ဟန်ဒါဆန်ရဲ့ ထပ်ဆင့်ကန်ချက်ကိုလည်း အဲဗာတန် နောက်ခံလူတွေ ပိတ်ဆို့နိုင်ခဲ့ပါတယ်။ အဲဗာတန်ဘက်မှာ ဝဲလ်ကော့ အခွင့်အရေးရခဲ့ပေမဲ့ တစ်ကိုယ်ကောင်းဆန်ဆန် ကန်သွင်းရာမှာ ဂိုးဘားပေါ် ကျော်သွားခဲ့ပါတယ်။

လီဗာပူးဟာ လိုတာထက်ပိုပြီး ဖိအားခံစားနေရတဲ့အတွက် ကစားကွက် မမိခဲ့သလို တိုက်စစ်ပိုင်းမှာ တိုက်စစ်မှူး (၃) ယောက်လုံး ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဆာလာကလည်း လိုတာထက်ပိုပြီး လေးလံနေလို့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အဲဗာတန်က တန်ပြန်တိုက်စစ်နဲ့ ကစားပြီး လီဗာပူးကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ကွင်းလယ်လူ ဖာဘင်ဟိုကလည်း အမှားတွေ ကျူးလွန်မိခဲ့တာ တွေ့ရပါတယ်။ အခုပွဲမှာ သရေကျခဲ့တဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ပွဲအပြီးမှာတော့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို မန်စီးတီးထံ လွှဲပေးခဲ့ရပြီး မန်စီးတီးထက် တစ်မှတ်လျော့ အနေအထားနဲ့ အဆင့် (၂) နေရာမှာ ရပ်တည်နေပါတယ်။

ဖူလ်ဟမ်နဲ့ ချဲလ်ဆီးတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာတော့ ချဲလ်ဆီးက ဟီဂူအင်၊ ဂျော်ဂျင်ဟိုတို့ရဲ့ ဂိုးတွေနဲ့အတူ ၁-၂ ဂိုးနဲ့ အနိုင်ရခဲပါတယ်။ ပွဲချိန် မိနစ် (၂၀) မှာ အက်ပီလီကူတာရဲ့ ဖြတ်တင်ဘောကို ဟီဂူအင်က ကန်သွင်းပြီး ချဲလ်ဆီးအတွက် အဖွင့်ဂိုး သွင်းခဲ့ပေမဲ့ နောက် (၆) မိနစ်အကြာမှာပဲ ရိုင်ယန်ဘာဘယ်ရဲ့ ဖြတ်တင်ဘောကို ချမ်ဘားစ်က ပိတ်သွင်းပြီး ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက် (၄) မိနစ်အကြာမှာပဲ ဟာဇက် ထိုးပေးတဲ့ ဘောလုံးကို ဂျော်ဂျင်ဟိုက ဧရိယာထိပ်ကနေ ကန်သွင်းပြီး ချဲလ်ဆီးအတွက် ဒုတိယဂိုး သွင်းခဲ့ပါတယ်။

ပထမပိုင်းမှာ ဟီဂူအင်၊ ဟာဇက်တို့ ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ ဖူလ်ဟမ်ဂိုးသမား ရီကို လက်စွမ်းပြကာကွယ်ခဲ့လို့ ဂိုးထပ်မသွင်းနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာလည်း ဖူလ်ဟမ်ဘက်က မီထရိုဗစ်၊ ကာနေးတို့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ လုပ်နိုင်ခဲ့ပေမဲ့ ချဲလ်ဆီး ဂိုးသမား ကက်ပါ ကာကွယ်နိုင်ခဲ့ပါတယ်။ ဖူလ်ဟမ်ဟာ တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လန်ဒန်ဒါဘီပွဲစဉ် ၁၀ ပွဲရှုံးနိမ့်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။

စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ စပါးနဲ့ အာဆင်နယ် တစ်ဂိုးစီ သရေကျခဲ့ပြီး မန်ယူ၊ မန်စီးတီးတို့ နိုင်ပွဲရခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top