အသင်းဖော်ရဲ့နာရီခိုးယူခဲ့တဲ့ ကစားသမားကို နိစ်အသင်း စာချုပ်ဖျက်သိမ်း

yyl-2-10-007.jpg

အသင်းဖော် ကက်စ်ပါဒိုဘာ့ဂ်ရဲ့နာရီကို ခိုးယူခဲ့တဲ့ လူငယ်ကစားသမား ဒီယာဘီဖာဒီဂါကို လီဂူး-၁ ကလပ် နိစ်အသင်းက စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ စက်တင်ဘာလ ၁၆ ရက်က အသင်းအဝတ်လဲခန်းထဲမှာ သူ့ရဲ့တန်ဖိုးကြီးနာရီ ပျောက်ဆုံးသွားတဲ့အတွက် ဒေါသထွက်သွားတဲ့ ကက်စ်ပါဒိုဘာ့ဂ်က ရဲကို တိုင်ကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာတော့ ဖာဒီဂါက ပေါင် ၆၂၀၀၀ တန်ကြေးရှိတဲ့ နာရီကို ခိုးယူခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

အဲဒီလိုဝန်ခံပြီးချိန်မှာ အသက်(၁၈)နှစ်အရွယ်ရှိတဲ့ ဖာဒီဂါက ကက်စ်ပါဒိုဘာ့ဂ်ကို တောင်းပန်ခဲ့ပြီး နာရီတန်ဖိုး ပြန်ပေးလျော်ဖို့ သဘောတူညီခဲ့ပါတယ်။ ဒီအတွက်ကြောင့် နိစ်အသင်းနဲ့ ကက်စ်ပါဒိုဘာ့ဂ်က ပြစ်မှုအဖြစ် စုံစမ်းစစ်ဆေးမယ့် အစီအစဉ်ကို ရုပ်သိမ်းဖွယ်ရှိနေပါတယ်။ ” ကစားသမားကိုယ်တိုင်က ဝန်ခံခဲ့ပြီးနောက်မှာတော့ လတ်တလောဖြစ်ရပ်ကြောင့် နိစ်အသင်းက ဖာဒီဂါနဲ့ စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါပြီ”လို့ နိစ်အသင်းက ကြေညာခဲ့ပါတယ်။

အသက် ၁၃ နှစ်အရွယ်ကတည်းက နိစ်အသင်းကို ရောက်ရှိလာတဲ့ ဖာဒီဂါဟာ ပြင်သစ်အသင်းရဲ့ ယူ-၁၆၊ ယူ-၁၇၊ ယူ-၁၈ အသင်းတွေမှာ ကိုယ်စားပြုပါဝင်ခွင့်ရရှိခဲ့သူဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်မှာ နိစ်အတွက် ပွဲကစားခွင့်ရခဲ့သူပါ။ နိစ်အသင်းရဲ့ အရည်အချင်းအရှိဆုံး လူငယ်ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဖာဒီဂါဟာ ဒီဖြစ်ရပ်အပြီးမှာတော့ လီဂူး-၂ ကလပ် ပဲရစ်အက်ဖ်စီအသင်းကို ပြောင်းရွှေ့သွားခဲ့ပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top