၂၀၁၂ ခုနှစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာအသင်း ၁၀ ဂိုးသွင်းမှာ စိုးရိမ်မိခဲ့တယ်လို့ လမ်းပတ် ပြော

20-5-2020-yyl-021.jpg

၂၀၁၂ ခုနှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးအသင်း ၁၀ ဂိုးလောက် အသွင်းခံရမလားဆိုပြီး စိုးရိမ်ခဲ့ဖူးတယ်လို့ ချဲလ်ဆီးကွင်းလယ်လူဟောင်း လမ်းပတ်က ပြောပါတယ်။ အခုအချိန်မှာ ချဲလ်ဆီးနည်းပြအဖြစ် တာဝန်ယူနေတဲ့ လမ်းပတ်ဟာ အဲဒီအချိန်တုန်းက ချဲလ်ဆီးအသင်းရဲ့ အဓိကကွင်းလယ်လူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲချိန်မိနစ်(၂၀)အထိ သူ့ရဲ့ခြေစွမ်းက ဘာစီလိုနာကွင်းလယ်လူတွေဖြစ်တဲ့ ဇာဗီ၊ အင်နီယေစတာတို့ကို လုံးဝလိုက်မမီခဲ့ဘူးလို့ လမ်းပတ်က ဝန်ခံခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ဘာစီလိုနာက ၂ ဂိုးပြတ် ဦးဆောင်ခဲ့ပြီး ချဲလ်ဆီးအသင်း ဂျွန်တယ်ရီကလည်း အနီကတ်ထိခဲ့လို့ ချဲလ်ဆီးအသင်း ကစားသမား ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။ ဒါပေမဲ့ ပထမပိုင်း ထပ်ဆောင်းအချိန်ပိုမှာ လမ်းပတ်ရဲ့ဖန်တီးမှုကနေ ရာမီရက်စ်က အရေးပါတဲ့ အဝေးဂိုးတစ်ဂိုး ပြန်သွင်းခဲ့သလို ဒုတိယပိုင်း ထပ်ဆောင်းအချိန်ပိုမှာ တောရက်စ်က ဒုတိယချေပဂိုး သွင်းပေးခဲ့လို့ (၂)ဂိုးစီ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ်(၂-၃)ဂိုးနဲ့ ချဲလ်ဆီးအသင်း ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာပါ။ ဘာစီလိုနာကို အဝေးကွင်းမှာ သရေပွဲရယူနိုင်ခဲ့တဲ့ညဟာ သူ့ရဲ့ဘောလုံးသမားဘဝမှာ အကောင်းဆုံးညတစ်ညဖြစ်ခဲ့တယ်လို့ လမ်းပတ်က ဆိုပါတယ်။ အဲဒီနှစ်မှာ နည်းပြဒီမတ်တီယိုရဲ့ ချဲလ်ဆီးအသင်းက ဘိုင်ယန်မြူးနစ်ကို ဗိုလ်လုပွဲမှာ ပင်နယ်တီအဆုံးအဖြတ် ၄-၃ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top