ဆာလာနဲ့ ပြဿနာကို အတိတ်မှာ ချန်ခဲ့လိုက်ပြီလို့ မာနေး ပြော

yyl-2-10-006.jpg

ဆာလာနဲ့ အငြင်းပွားခဲ့တဲ့ကိစ္စကို အတိတ်မှာ ချန်ထားခဲ့လိုက်ပြီလို့ လီဗာပူးအသင်းဖော် မာနေးက ပြောပါတယ်။ သြဂုတ်လ ၃၁ ရက်က ဘန်လေကို (၃)ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဆာလာက ဂိုးသွင်းဖို့ အသင့်နေရာယူထားတဲ့ မာနေးကို ဘောလုံးထိုးမပေးခဲ့ဘဲ တစ်ကိုယ်ကောင်းဆန်ဆန် ကန်သွင်းခဲ့ရာမှာ ဂိုးမရခဲ့ပါဘူး။ အဲဒီဖြစ်ရပ်ကြောင့် မာနေးက ပေါက်ကွဲခဲ့ပြီး အသင်းဖော်တွေက သူ့ကို ချော့မော့နှစ်သိမ့်ခဲ့ရပါတယ်။

အဲဒီဖြစ်ရပ်ကို ရုပ်သံမှတ်တမ်းတွေက ဖော်ပြခဲ့တာကြောင့် မာနေးနဲ့ ဆာလာကြား ပြဿနာရှိနေပြီဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ မာနေးနဲ့ ဆာလာဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂၁)ဂိုးစီ သွင်းယူပြီး အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးခဲ့ကြသူတွေပါ။ ”ဘောလုံးလောကမှာ ဒီလိုကိစ္စတွေ ဖြစ်တတ်ပါတယ်။ ဘောလုံးကစားချိန်မှာ ဂိုးတွေ ထပ်ထပ်သွင်းချင်လို့ ကျွန်တော် နည်းနည်းတော့ စိတ်ပျက်တာပေါ့။ မန်စီးတီးက (၆)ဂိုးသွင်းလိုက်၊ (၇)ဂိုးသွင်းလိုက်၊ (၈)ဂိုးသွင်းလိုက် လုပ်နေတာ ခင်ဗျားတို့လည်း တွေ့မှာပါ။ အသင်းတစ်သင်းအတွက် တတ်နိုင်သလောက် ဂိုးများများသွင်းထားဖို့ အရမ်းအရေးကြီးပါတယ်။ အဲဒီဖြစ်ရပ်မှာ ဆာလာက ကျွန်တော့်ကို မမြင်လိုက်ဘူး။ အဲဒီအတွက် ကျွန်တော် စိတ်ပျက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က အရမ်းအရမ်းခင်တဲ့ သူငယ်ချင်းကောင်းတွေပါ။ ဘန်လေနဲ့ပွဲမှာ ကျွန်တော် သူ့ကို ဘာလို့ ရိုက်ချင်နေတာလဲဆိုတဲ့အကြောင်း မို(ဆာလာ)ကို ပြောပြလိုက်ပါလို့ မနေ့က ဂီနီ(ဝစ်နယ်ဒမ်)ကို ပြောလိုက်သေးတယ်။ ဂီနီက ခွက်ထိုးခွက်လန် ရယ်နေတယ်။ ကျွန်တော်က အဲဒီလို အမြဲတမ်းပြောတတ်ပါတယ်။ ဒီကိစ္စကို မေ့လိုက်ပါပြီ။ နောက်မှာ ချန်ထားခဲ့လိုက်ပါပြီ”လို့ မာနေးက ပြောပါတယ်။

လီဗာပူးဟာ ကြာသပတေးနေ့ မြန်မာစံတော်ချိန်(၁း၃၀)အချိန်မှာ ဆဲလ်ဘတ်အသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ကစားရမှာပါ။ မာနေးက ဆဲလ်ဘတ်အသင်းမှာ (၂)ခွဲကြာ ကစားခဲ့ဖူးလို့ ဒီပွဲက သူ့အတွက် အရေးကြီးတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top