(၁)စာရှုသူအနေနဲ့ ‘လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်’ ဆိုတဲ့စကား ကြားလိုက်တယ်ဆိုပါစို့။ ဘဝမှာ ကိုယ့်ဘက်က ကြိုးစားအားထုတ်မှုအပြည့်၊ မျှော် လင့်ချက်အပြည့်နဲ့ လုပ်ဆောင်ထားသည့်တိုင် မျှော်လင့်ထားသလို ဖြစ်မလာတဲ့ကိစ္စမျိုးတွေ ရှိတတ်တယ်။ တစ်ခါတလေ ကိုယ်လုပ်တိုင်းဖြစ်မလာတဲ့အခါမှာ စိတ်ဓာတ်ကျ၊ စိတ်ညစ်နေ စရာမလိုဘူးလို့ ပြောလိုရင်းဆိုတာ အားလုံးသိကြပါတယ်။ ကျွန်တော်တို့တွေရဲ့ လက်တွေ့ဘဝမှာ စိတ်ခံစားမှု၊ စိတ်အားငယ်မှု မကင်းတဲ့ လူသားတစ်ယောက်အနေနဲ့ ကိုယ်မျှော် လင့်ရည်မှန်းထားတဲ့အရာတွေ ဖြစ်မလာဘူးဆိုရင် စိတ်ဓာတ်ကျ တတ်ပါတယ်။ တစ်ခါတလေ လောကဓံရိုက်ခတ်မှုတစ်ခုခု ပြင်းထန် သွားပြီဆိုရင် မျှော်လင့်ချက်မရှိ၊ အင်အားမဲ့သွားလောက်အောင် စိတ်ဓာတ်တချို့ ပြုတ်ကျသွားတာလည်း ရှိတတ်ပါတယ်။’ကြိုးစားတိုင်းလည်း မအောင်မြင်ပါဘူးကွာ’၊ ‘တော်ပါပြီ။ ငါ ဆက်ပြီး ကြိုးစားနေလည်း ထူးလာမှာ မဟုတ်ဘူး’စတဲ့ ညည်းညူမှုတွေနဲ့ စိတ်ပျက် အားလျော့လာတတ်ကြတာပါ။ ဒီအတိုင်းပါပဲ။
ဘာသာရေးဆိုင်ရာနယ်ပယ်မှာလည်း ‘ကောင်းတာလုပ်တိုင်း ကောင်းတာဖြစ်ရဲ့လား’၊ ‘ကိုယ်က ကောင်းတိုင်းရော ကိုယ့်အတွက် ကောင်းကျိုး တကယ်ရလို့လား’ဆိုပြီး မေးခွန်းထုတ်မှုအချို့ ကြားရတတ်ပါတယ်။ ‘ကုသိုလ်လုပ်တိုင်း ကောင်းကျိုးရတာ မဟုတ်ပါဘူး’ဆိုတဲ့ အတွေးအမြင်၊ အကောက်အယူဟာ ပစ္စက္ခ လူမှုလောကမှာ တွေ့ကြုံနေရတဲ့ တချို့သော လူပုဂ္ဂိုလ်၊ ကိစ္စရပ်နဲ့ လုပ်ဆောင်ချက်ရလဒ်တွေကို မြင်တွေ့ချိန်ထိုးပြီး ပြောဆို၊ ထွက်ပေါ်လာတာလည်း ဖြစ်နိုင်ပါတယ်။ ထုံးစံအတိုင်း ကျွန်တော်တို့တွေ ကြားဖူးနားဝရှိပြီးသား ပုံပြင် လေးတစ်ပုဒ်နဲ့ပဲ စတင်ပါရစေ။
(၂) ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်မြတ်နိုးမှုမှာ ဗောဓိပင်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်ထိ အရေးပါတယ်ဆိုတာ အားလုံးအသိပါပဲ။ ‘ဗောဓိသတ် ဘုရားလောင်း’၊ ‘ဗောဓိပင်နဲ့ ရွှေပလ္လင်’၊ ‘မဟာဗောဓိ’…စတဲ့ သုံးနှုန်းခေါ်ဝေါ်မှုတွေနဲ့အတူ ဗုဒ္ဓဘာသာ ဝင်တွေဟာ ဗောဓိပင်ကို မြတ်မြတ်နိုးနိုး စိုက်ပျိုးရှင်သန်စေတတ် ပါတယ်။တစ်ခါတုန်းက လူတစ်ယောက်ဟာ ‘အများသူငါ ကုသိုလ်ယူ နိုင်ပါစေတော့ရယ်’ဆိုတဲ့ စိတ်ကောင်းစေတနာနဲ့ ဗောဓိပင်တစ်ပင် စိုက်ပျိုးပါတယ်။ ဗောဓိပင်ပျိုးရင်း အခန့်မသင့်စွာနဲ့ပဲ တိုင် တစ်လုံးခြေထောက်ပေါ် ပိကျပြီး ခြေကျိုးသွားရတယ်လို့ ဆိုပါတယ်။
အဲဒီလူနဲ့ မတူတဲ့ နောက်ထပ်တစ်ယောက်ကတော့ ဗောဓိ ပင်ပျိုးဖို့နေနေသာသာ တစ်ပါးသူ ပျိုးပြီးသား ဗောဓိပင်က အ ကိုင်းကိုပါ ချိုးပစ်လိုက်ပါသတဲ့။ ဖြစ်ချင်တော့ ဖျက်လိုဖျက်ဆီးစိတ်နဲ့ ဗောဓိကိုင်းချိုးတဲ့ အဲဒီလူကျမှ ဗောဓိပင်ပေါ်က ရွှေအိုးတစ်လုံး ပြုတ်ကျလာပြီး ရွှေအိုးရလို့ ကြီးပွားသွားပါတော့တယ်။’တစ်ခုခုတော့ လွဲနေပြီ’လို့ပဲ ပြောရမလား။’ဗောဓိပင် ပျိုးတော့ ခြေကျိုးရ၊ ဗောဓိကိုင်း ချိုးမှ ရွှေအိုးရ’ ဆိုတဲ့ လူနှစ်ယောက်ရဲ့ အဖြစ်သနစ်ဟာ ကြားရသူတွေအတွက် လက်မခံချင်စရာကိစ္စ ဖြစ်နေပါတယ်။ဒီကနေ့ လူမှုလောကထဲကိုကြည့်မယ်ဆိုရင်လည်း ရိုးရိုးသားသား၊ ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်နေကြသူတွေထက် တစ်ဘက်သားအပေါ် မရိုးမသား ဖျံကျလိမ်ညာ၊ အကျော် အခွဇယားခင်း၊ ခွင်ကောင်းရှာ၊ အောက်ဆိုဒ်နှိုက်၊ ဘယ်သူသေသေ ငတေမာပြီးရော …ဆိုတဲ့လူတွေကပဲ (အများအားဖြင့်) ပိုပြီး ကြီးပွားနေကြတာ ရှိပါတယ်။
ဗုဒ္ဓဘာသာအမြင်အရ အရက်၊ မူးယစ်ဆေးဝါးရောင်း၊ လက်နက်နဲ့အဆိပ်ရောင်း၊ လူကုန်ကူး၊ သွေးသားရောင်း စတဲ့အလုပ်တွေဟာ အသက်မွေးမှုမစင်ကြင်တဲ့ မိစ္ဆာဇီဝအလုပ် တွေပါ။ တစ်ဘက်မှာကျတော့ ဒီကနေ့ခေတ်ကြီးမှာ အရက်ဆိုင်၊ ဘီယာဆိုင်တွေဖွင့်၊ ကေတီဗီ၊ အနှိပ်ခန်းတွေထောင်၊ လောင်းက စားဒိုင်ခံမှ ပိုပြီး စီးပွားဖြစ်မြန်နေတာတွေလည်း အများကြီးပါ။ ဒီလိုအလုပ်တွေလုပ်မှ ငွေကြေးဥစ္စာ မြိုးမြိုးမြက်မြက်ရတယ် ဆိုတဲ့ အတွေ့၊ အသိတွေ ရှိလာတာကြောင့်လည်း ‘မဟုတ်တာ လုပ်ပြီး ကြီးပွားနေသူတွေ တစ်ပုံကြီးပါ’ဆိုတဲ့အသံတွေ ကြား လာရတာပဲဖြစ်ပါတယ်။ ‘ကောင်းတာလုပ်တိုင်းလည်း ကောင်းကျိုးရတတ်တာ မဟုတ်ပါဘူး’အတွေးနဲ့အတူ တချို့သောလူတွေရဲ့စိတ်န္တာန်မှာ ထပ်ပြီး အမြစ်တွယ်လာတတ်တာကတော့ ‘ကံ ကံ၏အကျိုး’ကို လက်မခံ၊ မယုံကြည်နိုင်တော့တာပါပဲ။
(၃) ‘ဘာလုပ်လုပ် ဘုရားသခင်ရဲ့ အလိုတော်အတိုင်း’လို့ဆိုတဲ့ တခြားဘာသာဝင်တွေရဲ့ အယူအဆ၊ ယုံကြည်မှုကို မပြောလိုပါဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာတော့ လူရယ်လို့ဖြစ်လာပြီဆိုရင် အရေးကြီးဆုံးက ‘ကမ္မဿကတာ သမ္မာဒိဋ္ဌိ-မှန်ကန်တဲ့အမြင်’ ရှိအောင်လုပ်ဖို့ အထူးလိုအပ်ကြောင်း လမ်းညွှန်ထားပါတယ်။’ကမ္မဿကတာ သမ္မာဒိဋ္ဌိ’ဆိုတာ ကိုယ်လုပ်တာ ကိုယ်နဲ့ သာဆိုင်တယ်၊ လူတစ်ယောက်ဟာ ကောင်းတာပဲလုပ်လုပ်၊ ဆိုး တာပဲလုပ်လုပ် သူလုပ်တဲ့လုပ်ရပ်ရဲ့အကျိုးဆက်ကို ရရှိတယ်လို့ ဆိုလိုတာပါ။ ဒါကို ‘ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း’လို့ ဗုဒ္ဓမြတ်စွာက မိန့်ကြားထားတာပဲဖြစ်ပါတယ်။ ‘ကိုယ်ပြုသည့်ကံ ပဲ့တင်သံ၊ ကိုယ့်ထံ ပြန်လာမည်’တဲ့။ ‘ကံဆိုတာ ကိုယ့်သန္တာန်မှာရှိတဲ့ စေတနာစွမ်းအား’တဲ့။ ‘စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ-စေတနာကို ကံဟု ငါဘုရား ဟော၏’တဲ့။ ‘ဘဝဆိုတာ စိတ်ရဲ့ကြေးမုံပြင်’တဲ့။
ကံ ကံ၏အကျိုးနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာ လူမှုနယ်မှာ ကြားနေကျ စကားတွေ၊ ဆုံးမဟောကြားချက်တွေ အများကြီးပါ။ ဒါပေမဲ့ ဒီနေရာမှာ စောဒကတက်စရာတစ်ခုရှိလာတာက အထက်မှာဆိုခဲ့သလိုမျိုး မျက်မှောက်လောကမှာ ဗောဓိကိုင်း ချိုးတဲ့သူတွေ ရွှေအိုးရနေပြီး၊ မဟုတ်တာလုပ်တဲ့သူတွေက ပိုပြီးတော့ ကြီးပွားနေတတ်တာကြောင့် တချို့ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင် တစ်ဘဝ၊ တစ်နပ်စာအမြင်နဲ့ မလုပ်သင့် မလုပ်အပ်ရာတွေကို လုပ်ရဲကိုင်ရဲ၊ လက်ရဲဇက်ရဲ ဖြစ်လာကြတာပါ။ ‘လျှာပေါ် မြက်ပေါက်ရင် ပေါက်ပါစေ၊ တစ်ဘက်သားအပေါ်တော့ မတရားတာ မလုပ်ဘူး၊ မဟုတ်တာ လုပ်မစားဘူး’ဆိုတဲ့ ခံနိုင်ရည်မှတ်ကျောက်တွေ ပျောက်ရှမှုနဲ့အတူ ‘အများလည်း မိုးခါးရေသောက်၊ ကိုယ်လည်း သောက်ရမှာပဲ’ဆိုတဲ့ မိုးခါးရေ စိတ်ဓာတ်တွေ မွေးမြူလာကြတာပဲဖြစ်ပါတယ်။
(၄) ဆိုခဲ့တဲ့ပုံပြင်လေးကို ဆက်ပြီး အဆုံးသတ်ရအောင်ပါ။ တကယ်တမ်းတော့ တိုင်လုံးခြေထောက်ပေါ်ပြုတ်ကျပြီး ခြေ ကျိုးသွားခဲ့ရတဲ့ ပထမလူဟာ အရင်ဘဝတုန်းက ကျူးလွန်ခဲ့ဖူးတဲ့ အကုသိုလ်ကြောင့် သေဖို့အထိ ကံ,ပါလာခဲ့သူပါ။ အဲဒီနေ့မှာ ဗောဓိပင်ပျိုးခြင်းဆိုတဲ့ ကောင်းမှုအလုပ်ကို လုပ်လိုက်တဲ့အတွက် သေကံမရောက် သက်မပျောက်ဘဲ ခြေကျိုးတဲ့အဆင့်လောက်နဲ့ တင် ပြီးသွားခဲ့တာဖြစ်ပါသတဲ့။ ဗောဓိကိုင်း ချိုးပြီး ရွှေအိုးရသွားတဲ့ ဒုတိယလူနဲ့ပတ်သက်လို့လည်း အကုသိုလ်မကောင်းမှုကို လုပ်ကာမှ ကောင်းကျိုး ချမ်းသာရသွားတယ်ဆိုပြီး အပေါ်ယံအမြင်နဲ့ တွေးစရာရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်းက သူဟာ ဗောဓိကိုင်းကိုသာ ဖျက်ဆီး ခြင်းမရှိခဲ့ဘူးဆိုရင် အရင်ဘဝက ပြုခဲ့တဲ့ ကုသိုလ်ကံအကျိုးပေး ကြောင့် ရွှေအိုးတွေ အများကြီးပိုင်ဆိုင်ဖို့ ရှိထားသူပါ။ ဗောဓိကိုင်းကို ချိုးလိုက်တဲ့ မျက်မှောက်ဘဝ အကုသိုလ်ကံကြောင့်သာ ရွှေအိုးတစ်လုံးလောက်နဲ့ ကျေနပ်လိုက်ရတာဖြစ်ပါတယ်။ ဒီပုံပြင်လေးကနေ ဆင်ခြင်စဉ်းစားဖွယ်ရာကတော့ ကျွန်တော်တို့ လောကလူသားတွေအနေနဲ့ ပကတိမျက်မြင်၊ အပေါ်ယံ အကျိုးရလဒ်လေးကြည့်ပြီး အကြောင်းအရာကိစ္စတစ်ခုအပေါ်မှာ ဆုံးဖြတ်ချက်ချ မစောဖို့နဲ့ ‘ကံ ကံ၏အကျိုး’ကို မပစ်ပယ်ကြဖို့ပါပဲ။ တချို့က ပြောကြတယ်။
‘ကောင်းတာလုပ်တိုင်း ကောင်းတာဖြစ်တယ်ဆိုတာ လက်မခံဘူး’။ ‘အတိတ်ကံ အကျိုးပေးဆိုတာကို အယုံအကြည်မရှိဘူး’။ ‘နောက်ဘဝဆိုတာ ကိုယ် လက်တွေ့မမြင်ရလို့ မယုံကြည်ဘူး’ဆိုပြီး ပြောကြတာပါ။ ဒီလို ငြင်းဆန်မှုတွေရဲ့အကျိုးဆက်အနေနဲ့ဖြစ်လာတာက ကုသိုလ်ကောင်းမှုအလုပ်တွေ လုပ်ဖို့ မေ့လျော့ပေါ့တန်လာသလောက် အကုသိုလ်မကောင်းမှုတွေ လွယ်လွယ်ကူကူလုပ်ဖို့ အားပေးအားမြှောက်ပြုနေသလို ဖြစ်လာတတ်တာပါပဲ။
ကောင်းတာလုပ်လည်း ကောင်းတာဖြစ်ချင်မှ ဖြစ်တာပါလို့ တွေးမိတော့ သူများကို စိတ်ကောင်း၊ စေတနာကောင်းထားဖို့ ခက်ခဲသွားနိုင်တာပေါ့။ မကောင်းတာလုပ်လည်း သူကြီးပွားချင် ကြီးပွားတာပါပဲလို့ ခံယူလိုက်တော့ ကိုယ်လုပ်လိုက်တဲ့ကိစ္စတစ်ခုဟာ တရားတာ၊ မတရားတာအသာထားပြီး ကိုယ်ရရင်၊ ကိုယ်နိုင်ရင်ပြီးရောဆိုတဲ့ အတ္တစိတ်ကြီးထွားသွားနိုင်တာပေါ့။ ကိုယ့်ကြောင့် တစ်ဘက်သား ထိခိုက်တာ၊ မထိခိုက်တာတွေ မစဉ်းဖြစ်တော့ဘူးဆိုတဲ့အခါ လူ့ကိုယ်ချင်းစာတရားလည်း ပျောက်သွားနိုင်တာပေါ့။ ကံ ကံရဲ့အကျိုးကို ပစ်ပယ်ထားသလို နောက်ဘဝဆိုတာလည်း မယုံကြည်၊ ဒီဘဝ ဒီကိုယ်စံ၊ နောင်ဘဝ နောင်ကိုယ်ခံ စိတ်ထားမျိုး မွေးထားလိုက်ရင် နောင်ဘဝအတွက်၊ သံသ ရာအတွက်ဆိုတဲ့စိတ်နဲ့ ဒီဘဝမှာ ဆင်ခြင်စောင့်စည်းလိုက်နာစရာ ကိုယ့်ကျင့်တရားတွေကို အလွယ်တကူ ဖောက်ဖျက်၊ ကျူးလွန်သွားနိုင်ပါတယ်။ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဆိုတဲ့ မှန်ကန်တဲ့အမြင်ရှိဖို့၊ ကံကံ၏အကျိုးကို ယုံကြည်ဖို့ဆိုတဲ့ ကိစ္စဟာ လက်ရှိဘဝ ပစ္စုပ္ပာန်အတွက် အရေးကြီးလှသလို နောင် သံသရာ ဘဝအဆက်ဆက်အတွက်လည်း အရေးပါလှပါတယ်။
လောကဥပဒေမှာလည်း သူများပစ္စည်း မတော်မတရားနဲ့ ဥပဒေမဲ့ လိုချင်ရင် ဖမ်းဆီးအရေးယူခံရမယ်၊ အပြစ်ကျူးလွန်သူတွေ တရားဥပဒေအရ အရေးယူခံရတယ်ဆိုတာ မကောင်းတာလုပ်လို့ မကောင်းကျိုးရတယ်ဆိုတဲ့ သာဓက၊ သဘောပါပဲ။နောက်ဆုံးအဆင့် ‘ဗောဓိပင်နဲ့ လူနှစ်ယောက်ပုံပြင်’ထဲကလို ဗောဓိကိုင်း ချိုးလို့၊ လောလောဆယ်မှာ ရွှေအိုးကြီးရတယ်ပဲထား လိုက်ပါဦး။ ကိုယ့်ကိုယ်ကျိုးရဖို့အတွက်သက်သက်နဲ့တော့ တစ်ပါးသူ တန်ဖိုးထားတဲ့အရာကို ဖျက်လိုဖျက်ဆီး မလုပ်ဘူး၊ ကိုယ့် ကြောင့် လောကကမ္ဘာ အလှမပျက်စေရဘူးဆိုတဲ့ မြင့်မြတ်တဲ့ စိတ်ထားနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်စည်းကြဖို့ပါ။ဆုတ်ခေတ်ကာလ သဘာဝအရ စာရှုသူရဲ့ဝန်းကျင်မှာ ဗောဓိပင် ပျိုးသူတွေထက် ဗောဓိကိုင်းချိုးသူတွေ ပိုများရင် များနေပါလိမ့်မယ်။ ဗောဓိကိုင်းချိုးမှ ရွှေအိုးရတယ်ဆိုပြီး ရယ်မောပျော်ရွှင်နေသူတွေ ရှိနိုင်သလို မိုးခါးရေတွေကိုမှ ချိုမြိန်လှပါတယ်ဆိုပြီး အားရပါးရ သောက်သုံးနေသူတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုပြောချင်တာက တစ်ဘဝ တစ်နပ်စာနဲ့တင် မပြီးနိုင်သေးတဲ့ ဘဝခရီးမှာ ဘယ်သူတွေ မိုးခါးရေသောက်သောက် ကိုယ်လိုက်မသောက်ဘူးဆိုတဲ့ခံယူချက်နဲ့အတူ ကိုယ် ကျင့်တရားမဏ္ဍိုင် ခိုင်မာအောင် တည်ဆောက်ထားဖို့ပါပဲ။ “Do good and good will follow you.” ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်ပါလား။
မိုးအောင်လင်းနိုင် (ရိုးရာလေး)