ဘာကြောင့် ပုံမှန်ဆေးစစ်သင့်သလဲ

portrait-of-smiling-doctor.jpg

နေထိုင်မကောင်းမှ၊ ရောဂါပေါ်လာမှ ဆရာဝန်ပြ ဆေးခန်းသွားတဲ့အလေ့အထဟာ လူ့အသိုင်းဝိုင်းမှာ ဖြစ်နေကျ ထုံးစံဖြစ်နေပါပြီ။ တကယ်တော့ အချို့သော ရာဂါဘယများဟာ ခန္ဓာကိုယ်တွင်းနှစ်အတော်တော်ကြာခိုအောင်းပြီးမှ လက္ခဏာပြကြတာကို လူတွေအနေနဲ့ ဗဟုသုတရှိဖို့လိုပါတယ်။ ပုံမှန်ဆေးစစ်မှု ပြုလုပ်ရုံနဲ့ ထိုသို့သော ရောဂါအချို့ကိုစောစီးစွာသိနိုင်ပြီး ကြိုတင်ကာကွယ်နိုင်မှာဖြစ်တယ်။ လူတိုင်းမှာ ကျန်းမာရေးကောင်းနေတဲ့ လက္ခဏာကို ရှုမြင်မှုမတူကြပါဘူး။ ဒါပေမယ့် လူတိုင်းလက်ခံ သင့်တာကတော့ ကျန်းမာခြင်းကိုပိုင်ဆိုင်ရစေဖို့ဆိုရင် ကျန်းမာစွာနေထိုင်စားသောက်ဖို့နဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့လိုသည်။ ကျန်းမာရေး ဝန်ထမ်းများနဲ့ ဆရာဝန်များသည်လည်း လူတွေကို ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့အကြံပေးကြလေ့ရှိပါတယ်။ ထိုအချက်သည်အားလုံး၏ ကျန်းမာရေးကိုကောင်းမွန်စွာထိန်းထားနိုင်ပြီး ရောဂါများကိုလည်း ကြိုတင်သိရှိနိုင်ပြီး ထိုရောဂါများနုနယ်သေးပါက စောစီးစွာကုသနိုင်ဖို့ဖြစ်သည်။

ဆေးစစ်မှုကိုတော့ တစ်နှစ်တစ်ကြိမ်၊ တစ်နှစ်နှစ်ကြိမ်၊ (သို့) တစ်နှစ်လေးကြိမ်အထိ စစ်ဆေးနိုင်ပါသည်။ တကယ်တော့အသက်ကို ကံ၊ ဉာဏ်၊ ၀ိရိယက စောင်မနိုင်တယ်ဆိုတာ မေ့မထားသင့်ပါဘူး။ ကွင်းကွင်းကွက်ကွက်ပြောရလျင် လူရဲ့ခန္ဓာကိုယ်ဟာ ပုံမှန်လည်ပတ်နေရတဲ့ စက်တစ်လုံးလိုပါပဲ။ စက်ဆိုသည်ကား ပုံမှန်လည်ပတ်နိုင်ဖို့ အမြဲစစ်ဆေးကြည့်ပြီး လိုအပ်တဲ့ ပြင်ဆင်မှုများ၊ ပြန်လည်လဲလှယ်မှုများ၊ လေ့ကျင့်မှုများ လိုအပ်ပါသည်။ သို့မှသာဟန်ချက်ညီညီ စက်ယန္တရားတစ်ခုလုံးလည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့် ပုံမှန်ဆေးစစ်သင့်လဲဆိုတဲ့ အချက်ကို လေ့လာ ကြည့်ကြရ အောင်…။

၁။ ရောဂါများကို စောစောသိစောစောကုသနိုင်သည်။

အပြင်ပန်း ကျန်းမာစွာနေထိုင်နိုင်လို့ ကျန်းမာရေးကောင်းနေတယ်လို့မဆိုနိုင်ပါဘူး။အဘယ်ကြောင့် အချို့သော ရောဂါများသည် လက္ခဏာမပြပဲ ကိုယ်တွင်း၌ နှစ်လကြာရှည်စွာ အရှိန်ယူနေပြီး ရောဂါကြီးရင့်လာသည်မှ လက္ခဏာပြကြလေ့ရှိသည်ကို မမေ့သင့်ပါ။ ထိုကြောင့် နောက်မကျလေအောင် ပုံမှန်ဆေးစစ်ရုံနဲ့ ရောဂါများနုနယ်သည့်ကာလအတွင်း ကြိုသိပြီးထိ ရောက်စွာ ကြိုတင်ကုသနိုင်သည်။

၂။ ကျန်းမာရေးကုသမှုစရိတ်ကို လျှော့ချနိုင်သည်။

လူတိုင်းသိကြတဲ့ ကျန်းမာရေးကုသစရိတ်ဟာ အကုန်အကျများပြီး မဖိတ်ခေါ်ပဲရောက်လာ တတ်ကြပါ တယ်။ ပုံမှန်ဆေးစစ်မှု ကုန်ကျစရိတ်နဲ့ ရောဂါသိမှကုသတဲ့ ကုန်ကျစရိတ်ဟာ အလွန်မှာ ကွာခြားပါ တယ်။ တကယ်တော့ ကျန်းမာရေးစရိတ်ကို ချွေတာချင်ပါက ပုံမှန်ဆေးစစ်မှုဖြင့်ရောဂါရှာဖွေခြင်းက အဖြေဖြစ်ပါ လိမ့်မယ်။

၃။ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ရာရောက်သည်။

ပုံမှန်စစ်ဆေးခြင်းက မိမိတို့၏ကျန်းမာရေး အခြေအနေကို ကောင်းစွာသိနိုင်ပြီး ဘယ်အနေအ ထားရောက်ပြီး၊ ဘယ်လိုချင့်ချိန်နေထိုင်ရမလဲဆိုတာကိုလည်း သိရှိနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် စိုးရိမ်ရမှုအခြေအနေများကို ရှောင်ရှားနိုင်ပြီး မိမိကိုယ်ကိုကယ်တင်ရာရောက်တာကိုလည်းသိရှိရမည်။ ဆေးရုံများနဲ့ ဆေးခန်းများအနေနဲ့လည်း ဆေးစစ်ဖို့အတွက် သင့်တင့်မျှတတဲ့ စျေးနှုန်းများဖြင့် ၀န်ဆောင်မှုပေးနေကြတာကိုလည်းတွေ့နိုင်ပါတယ်။ စစ်ဆေးသည့်ရောဂါအမျိုးအစားအပေါ်မူတည်၍ ၀န်ဆောင်ခကွာခြားနိုင်ပြီး အမျိုးသား အမျိုးသမီးများ အတွက်လည်း သီးသန့်စျေးနှုန်းအမျိုးမျိုး ရှိပါတယ်။

၄။ အခြားသော အကျိုးရှိစေတဲ့ အချက်များစွာရှိခြင်း

ပုံမှန်ကျန်းမာရေး စစ်ဆေးမှုကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အသက်ရှည်ခြင်း၊ အနာဂတ်မှာ ရင်ဆိုင်ကြုံတွေ့ရမယ့် ရောဂါဘယများဖြစ်ပွားနိုင်မှု လျှော့ချနိုင်ခြင်း၊ ခန္ဓာကိုယ်တွင်း ရောဂါကြီးထွားနှုန်းကို ဟန့်တား (သို့) လျှော့ချနိုင်ခြင်း၊ မျိုးရိုးဗီဇအလိုက် ဖြစ်ပွားတတ်သောရောဂါများကို အမြန်ဆုံးနဲ့အတိကျဆုံး ထုတ်ဖော်သိရှိနိုင်ခြင်း၊ သွေး၊ဆီး နဲ့ ကိုလက်စထရောဓာတ်များ၏ အဆင့်ပမာဏများကို သိရှိနိုင်ခြင်း၊ ဆရာ၀န်၏ ဆွေးနွေးအကြံပေးမှုများကို လိုက်နာ ဆောင်ရွက်နိုင်ခြင်းနဲ့ နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာနည်းပညာများဖြင့် စမ်းသပ်စစ်ဆေးခွင့် ရရှိနိုင်ခြင်းတို့ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ကျန်းမာရေးဂရုစိုက်တဲ့ လူတွေမှာတောင် မထင်မှတ်ထားတဲ့ မမျှော်လင့်ထားတဲ့ ကျန်းမာရေးပြဿနာတွေဖြစ် နေတတ်လို့မိမိတို့အနေဖြင့် ကျန်းမာရေးနဲ့ မလျှော်ညီတဲ့ နေထိုင်မှုစနစ်တစ်ခုမှာ ရောက်နေပြီးဆိုရင်တော့ လုံး၀ကို ဆေးစစ်မှုခံယူသင့်ပါတယ်။ ပြဿနာက လူအများစုအနေနဲ့ ဆေးစစ်လိုက်ပါက အဖြေသိပြီး စိတ်ဆင်းရဲကြမယ်…၊စိတ် ထိခိုက်မယ်…၊ စိတ်ညစ်မယ်…၊ စိုးရိမ်စိတ်နဲ့ နေထိုင်နေကြရမယ် ဆိုတဲ့အချက်က လွှမ်းမိုးနေပြီး နေမကောင်းဖြစ်မှ၊ ရောဂါလက္ခဏာ ပေါ်မှ ဆေးခန်းပြေး၊ ဆေးရုံပြေးပြီးကံကောင်းရင် ကုသနိုင်ပေမယ့်… အချိန်နှောင်းသွားရင်တော့ ကံတရားကကိုယ့်ဖက် ရှိမနေတော့ပါဘူး။ ဒီအချိန်မှာ ငွေကြေး၊ အချိန်နဲ့လုပ်အား စတဲ့ အရာတွေဟာ သဲထဲရေသွန် ချလိုက်သလို အဖတ်ဆယ် လို့မလွယ်တော့ပါဘူး။ ဒါကြောင့် အချိန်မနှောင်းခင် အနည်းဆုံး တစ်နှစ်တစ်ကြိမ် ကျန်းမာရေး စစ်ဆေးသင့်ပါတယ်။ ဒီလိုလုပ်မှ ရှောင်ရန် ဆောင်ရန်တွေသိပြီး ဘ၀မှာ သက်တမ်းရှည်စွာ နဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။ ဘ၀မှာ ကျန်းမာရေးသည် နံပါတ် (၁) ဆိုတာ မမေ့ပါနဲ့။

Ref: clinicone.com

TharHtoo ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top