ဆေးဖက်ဝင် မင်းဂွတ်သီး

mangosteen-1296x728-feature.jpg

စာရေးသူငယ်ငယ်တုန်းကတော့ မင်းဂွတ်သီးဆိုတာ ဒူးရင်းသီးစားပြီးတဲ့အခါ အပူမကန်အောင်စားရတဲ့အသီးလို့ ပဲမှတ်ထားတာပါ။ အခုတော့ မင်းဂွတ်သီးက ပစ်ရက်စရာမရှိအောင်အသုံးဝင်တဲ့အသီးတစ်မျိုးလို့ နားလည်လာပါတယ်။

မင်းဂွတ်သီးကို အင်္ဂလိပ်လို Mangosteen လို့ခေါ် ပြီး ရုက္ခဗေဒအခေါ်ကတော့ Garcinia mangostana ဖြစ်ပါတယ်။ အပင်က ပေ (၂၀) ကနေ ပေ (၈၀) အထိ အမြင့်ရှိတတ်ပါတယ်။ စသီးတဲ့အချိန်မှာ အခွံအစိမ်းရောင်ဖြစ်ပြီး မှည့်ခါနီးရင်အနီရောင်ဖြစ်လာပါတယ်။ တဖြည်းဖြည်းခရမ်းရောင်သမ်းလာရင်တော့ မှည့်ပြီလို့ ယူဆနိုင်ပါတယ်။

မင်းဂွတ်သီးရဲ့ အတွင်းပိုင်းအသားကော အပြင်အခွံပါ နှစ်မျိုးလုံးဆေးဖက်ဝင်ပါတယ်

မင်းဂွတ်သီးရဲ့ အတွင်းပိုင်းအသားကော အပြင်အခွံပါ နှစ်မျိုးလုံးဆေးဖက်ဝင်ပါတယ်။ အတွင်းပိုင်းအဖြူသားက အမျှင်ဓာတ်၊ နိုင်ယာစင်၊ ဖောလစ်အက်ဆစ်နဲ့ ဗီတာမင် C ဓာတ်တွေ ကြွယ်ဝနေပါတယ်။ သတ္တုဓာတ်တွေအနေနဲ့ ပိုတက်ဆီယမ်ကြွယ်ဝစွာပါပြီး ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ပါရှိသလို သံဓာတ်၊ ဆိုဒီယမ်နဲ့ မဂ္ဂနီဆီယမ်လည်း အနည်းငယ်စီပါပါတယ်။ မင်းဂွတ်သီးရဲ့ အကာသားကတော့ အရောင်ကျစေတဲ့ အာနိသင်၊ ဓာတ်မတည့်တာကိုသက်သာစေတဲ့အာနိသင်နဲ့ ကင်ဆာရောဂါသက်သာစေတဲ့အာနိသင်တွေ ရှိပါတယ်။

မင်းကွတ်သီးဖျော်ရည်က ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိ

မင်းကွတ်သီးအတွင်းသားကို ဒီအတိုင်းစားလေ့ရှိကြပေမဲ့ အပြင်သားကိုတော့ ဖျော်ရည်လုပ်သောက်မှ အဆင်ပြေပါတယ်။ အတွင်းသားကို ဇွန်းနဲ့ဖယ်လိုက်ရင် အပြင်ခွံမှာ နှစ်ပိုင်းရှိပါတယ်။ အပြင်ပိုင်းကမာကြောတဲ့ အခွံနဲ့ အတွင်းကပျော့တဲ့အခွံဖြစ်ပါတယ်။ ပျော့တဲ့အခွံကိုပဲ ဇွန်းနဲ့ခြစ်ယူ၊ အဖြူသားနဲ့ရောပြီး သစ်သီးဖျော်စက်ထဲမှာ ရေနွေးနဲ့ ဖျော်ရတာပါ။ အနံ့နဲ့အရသာပိုကောင်းစေချင်ရင် ပျားရည်၊ နွားနို့၊ ထောပတ်သီး အနှစ် တစ်မျိုးမျိုးနဲ့ ရောဖျော်ပြီးသောက်သုံးနိုင်ပါတယ်။

ပုံမှန်ဖျော်ရည်မှာတော့ အရသာချိုဖို့ သကြားထည့်သောက်ပေမဲ့ မင်းကွတ်သီးနဲ့ သကြားတွဲစားရင် သေစေတယ်လို့ သိထားကြတော့ အများစုကမထည့်ရဲကြပါဘူး။ ဒါပေမဲ့ ဒါကအယူအဆမှား တစ်ခုဖြစ်ပါတယ်။ မင်းကွတ်သီးမှာ သကြားဓာတ် (၂၀) ရာခိုင်နှုန်းလောက် ပါပြီးသားဖြစ်တဲ့အတွက် သကြားထည့်ဖျော်သောက်လည်း ပြဿနာမရှိနိုင်ပါဘူး။ မင်းကွတ်သီးဖျော်ရည်က ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိလို့ ကင်ဆာသမားတွေအတွက် အထူးသင့်လျော်တဲ့သဘာဝဆေးတစ်ခုဖြစ်ပါတယ်။

မင်းကွတ်သီးနဲ့ သကြားတွဲစားရင် သေစေတယ်လို့ သိထားကြတော့ အများစုကမထည့်ရဲကြပါဘူး။ ဒါပေမဲ့ ဒါကအယူအဆမှား တစ်ခုဖြစ်ပါတယ်။

ဆီးလွန်ရောဂါဝေဒနာခံစားနေရသူတွေအတွက်လည်း မင်းဂွတ်သီးကအသုံးဝင်ပါသေးတယ်။ မင်းဂွတ်သီးအခွံကို ရေစင်အောင်ဆေး၊ ငရုတ်ဆုံမှာညက်အောင်ထောင်းပြီး ရလာတဲ့အညိုရောင်အနှစ်တွေကို လက်ဖက်ရည်ဇွန်းနှစ်ဇွန်းလောက် တစ်နေ့ (၂) ကြိမ်သောက်ပေးရင် ဆီးလွန်ရောဂါပျောက်စေပါတယ်။

ဝမ်းသွားနေတဲ့လူနာကို မင်းဂွတ်သီးအခွံကို ရေစိမ်ထားတဲ့ရေတိုက်ပေးရင် ဝမ်းသွားတာရပ်တယ်လို့လည်း ဖတ်ဖူးပြီး မင်းဂွတ်သီးအခွံကို ဆန်ဆေးရေနဲ့ သွေးသောက်ရင် ချွဲပူအဖျားရောဂါကို သက်သာ ပျောက်ကင်းစေနိုင်တယ်လို့လည်း ဆိုထားပါတယ်။

ခုလိုမိုးရာသီက မင်းဂွတ်သီးတွေလှိုင်လှိုင်ပေါ်တဲ့အချိန်ဖြစ်လို့ ဘယ်မှာမဆို အလွယ်တကူ ဝယ်ယူစားသုံးလို့ရနေပါပြီ။

Ref: Dr Khin Maung Lwin (FAME)
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top